မောင်တောတွင် မွတ်ဆလင်ကျေးရွာအချို့ ပေါင် ၂၀၀ ဗုံးကြဲခံရ

အီတလီယာနှင့် ဆားကုန်ဘုတ် ကျေးရွာတို့ကို အောက်တိုဘာ ၁၁ ရက် ညနေပိုင်းအချိန်တွင် လေကြောင်းဗုံးကြဲခဲ့ခြင်းဖြစ်ပြီး နေအိမ်တချို့ ပျက်စီးကာ အရပ်သားထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။ 

By Admin 12 Oct 2024

အီတလီယာကျေးရွာတွင် စစ်ကောင်စီလေကြောင်းဗုံး ကျရောက်ခဲ့သည့်နေရာတစ်ခု။ (ဓာတ်ပုံ - ABN)
အီတလီယာကျေးရွာတွင် စစ်ကောင်စီလေကြောင်းဗုံး ကျရောက်ခဲ့သည့်နေရာတစ်ခု။ (ဓာတ်ပုံ - ABN)

DMG ၊ အောက်တိုဘာ ၁၂ 

စစ်ရှိန်မြင့်နေသော ရခိုင်ပြည် အနောက်ဘက်ခြမ်း မောင်တောမြို့နယ်ရှိ မွတ်ဆလင်ကျေးရွာအချို့ကို စစ်ကောင်စီက ပေါင် ၂၀၀ ဗုံးဖြင့် လေကြောင်းဗုံးကြဲခဲ့ကြောင်း သတင်းရရှိသည်။ 

အီတလီယာနှင့် ဆားကုန်ဘုတ် ကျေးရွာတို့ကို အောက်တိုဘာ ၁၁ ရက် ညနေပိုင်းအချိန်တွင် လေကြောင်းဗုံးကြဲခဲ့ခြင်းဖြစ်ပြီး နေအိမ်တချို့ ပျက်စီးကာ အရပ်သားထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။ 

“အဲဒီရွာတွေက မောင်တောမြို့ရဲ့ အရှေ့မြောက်ဘက်မှာ ရှိတာ။ နခခ (၅) နဲ့လည်း သိပ်မဝေးဘူး။ ဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲတာ။ လူအထိအခိုက်တော့ မရှိဘူး” ဟု မောင်တောမြို့ခံတစ်ဦးက ပြောသည်။ 

ထိုကျေးရွာများမှ ဒေသခံများမှာ ပြီးခဲ့သည့် မေလမှစ၍ တိုက်ပွဲများကြောင့် စစ်ဘေးတိမ်းရှောင်နေကြသည်။ 

မောင်တောမြို့တွင် စစ်ကောင်စီ၏ တစ်ခုတည်းကျန်ရှိနေသေးသော နခခ (၅) တပ်ရင်းကို အာရက္ခတပ်တော်က ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်ပြီး စစ်ကောင်စီကလည်း အသည်းအသန် ခုခံတိုက်ခိုက်လျက် ရှိနေသည်။ 

သတင်းရင်းမြစ်တစ်ဦးက “နခခ (၅) ကို အေအေက ထိုးစစ်ဆင်နေလို့ အနီးဝန်းကျင်တွေကို လေယာဉ်နဲ့ ရမ်းပစ်တာထင်တယ်။ စစ်ကောင်စီက သူတို့ ရှုံးနေတဲ့အတွက် ရတဲ့နည်းကို သုံးနေတာ။ ဒါပေမဲ့လည်း အရာထင်မှာ မဟုတ်ပါဘူး” ဟု ပြောသည်။ 

ရခိုင်စစ်မျက်နှာတွင် ရှုံးမဲမဲနေသော စစ်ကောင်စီသည် ပေါင် ၅၀၀ ဗုံး၊ ပေါင် ၂၀၀ ဗုံးနှင့် ပဒေသာဗုံး၊ ကလပ်စ်စတာဗုံးဟု ခေါ်သော အတွဲလိုက် ဆင့်ကွဲပေါက်ကွဲစေသည့် ဖျက်အားပြင်းဗုံးများကို အသုံးပြု တိုက်ခိုက်လာနေသည်။