ပျောက်ဆုံးနေသည့် မောင်တောက သားအဖလေးဦးကို ၁၀ ရက်ကြာထိ ရှာမတွေ့သေး

ပျောက်ဆုံးနေသူများကို အာရက္ခတပ်တော်(AA) တပ်ဖွဲ့ဝင်များနှင့် ကျေးရွာသားများ ပူးပေါင်းကာ ရှာဖွေလျက်ရှိပြီး သားဖြစ်သူ မောင်လင်းကြီး၏ ဦးထုပ်ကို ARSA အဖွဲ့စခန်းချခဲ့သည့် နေရာတစ်ခု၌ အောက်တိုဘာ ၄ ရက်တွင် ရှာတွေ့ ခဲ့ကြသည်။

By Admin 11 Oct 2024

ကိုင်းကြီး(မြို)ကျေးရွာ ဆိုင်းဘုတ်အား တွေ့ရစဉ်။ (ဓာတ်ပုံ - Micheal Mro/ Facebook)
ကိုင်းကြီး(မြို)ကျေးရွာ ဆိုင်းဘုတ်အား တွေ့ရစဉ်။ (ဓာတ်ပုံ - Micheal Mro/ Facebook)

DMG ၊ အောက်တိုဘာ ၁၁

ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကိုင်းကြီး(မြို)ကျေးရွာမှ ပျောက်ဆုံးနေသည့် ဒေသခံ သားအဖ ၄ ဦးကို ၁၀ ရက် ကြာအထိ ရှာမတွေ့သေးကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။ 

ဖခင်ဖြစ်သူ ဦးဆိုင်ဝင်း (၄၅)နှစ်၊ သားဖြစ်သူ မောင်လင်းကြီး(၁၅)နှစ်နှင့် မောင်အာမွန်း (၁၂)နှစ်၊ ဦးဆိုင်ဝင်း၏ တူဖြစ်သူ မောင်ဒီကော် (၁၄) နှစ်တို့မှာ စက်တင်ဘာ ၃၀ ရက်က ရွာအနီးရှိ လက်ဝဲချောင်းတွင် ငါးရှာသွားစဉ် ပျောက်ဆုံးသွားခြင်း ဖြစ်သည်။ 

“ဒီနေ့အချိန်ထိ ဘာအဆက်အသွယ်မှ မရသေးသလို ရှာလို့လည်း မတွေ့ သေးဘူး။ မိသားစုဝင်တွေမှာတော့ စိတ်ပူနေကြတယ်” ဟု ကိုင်းကြီးကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

ပျောက်ဆုံးနေသူများကို အာရက္ခတပ်တော်(AA) တပ်ဖွဲ့ဝင်များနှင့် ကျေးရွာသားများ ပူးပေါင်းကာ ရှာဖွေလျက်ရှိပြီး မောင်လင်းကြီး၏ ဦးထုပ်ကို ARSA အဖွဲ့စခန်းချခဲ့သည့် နေရာတစ်ခု၌ အောက်တိုဘာ ၄ ရက်တွင် ရှာတွေ့ ခဲ့သည်။ 

ကိုင်ကြီးကျေးရွာမှ သားအဖ ၄ ဦးကို ARSA အဖွဲ့က ဖမ်းဆီးသွားခြင်းဖြစ်ပြီး ၎င်းတို့ကို အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာန (DLEPS) တပ်ဖွဲ့ဝင်များ၊ AA တပ်ဖွဲ့ဝင်များနှင့် ဒေသခံများပူးပေါင်းပြီး ရှာဖွေနေကြောင်း အောက်တိုဘာ ၇ ရက်တွင် AA က ထုတ်ပြန်ထားသည်။

ကိုင်းကြီးကျေးရွာသားလေးဦး ပျောက်ဆုံးသွားပြီးနောက်ပိုင်း လုံခြုံရေးစိုးရိမ်ချက်ကြောင့် ဒေသခံများနှင့် စစ်ဘေးရှောင်များမှာ ငါးရှာ၊ ဟင်းရှာရန် မသွားရဲကြတော့ကြောင်း ပြောဆိုကြသည်။ 

“ ဒီဖြစ်စဉ် မဖြစ်ခင်ကတော့ စစ်ဘေးရှောင်တွေ၊ ကျေးရွာသားတွေပါ အကုန်လုံးက ငါးရှာ၊ ဟင်းရှာပြီး စားသောက်နေကြရတာ။ အခု ဒေသခံတွေက ဘယ်နေရာကိုမှ မသွားရဲကြတော့ဘူး။ တစ်ရက်လုပ်မှ တစ်ရက်စားရတဲ့ စစ်ဘေးရှောင်တွေ စားဝတ်နေရေးက အခက်အခဲရှိသွားတာပေါ့” ဟု ကိုင်းကြီးကျေးရွာမှ နောက်ထပ် ဒေသခံတစ်ဦးက ဆိုသည်။ 

ကိုင်းကြီး(မြို)ကျေးရွာတွင် အိမ်ခြေ ၉၀ ခန့်၊ လူဦးရေ ၅၀၀ ကျော်ရှိပြီး တိုက်ပွဲကာလအတွင်း နေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ရွှေရင်အေး၊ ဝေသာလီ စသည့်ကျေးရွာတို့မှ စစ်ဘေးရှောင်နေသူ ၂၀၀ ခန့် ရှိကြောင်း သိရသည်။ 

မောင်တောခရိုင်အတွင်းရှိ ကျေးလက်နေပြည်သူအများစုမှာ တောတောင်များကို အမှီပြု၍ သစ်ခုတ်၊ ဝါးခုတ်၊ ဟင်းရှာ၊ လယ်ယာနှင့် ငါးဖမ်းအလုပ်ကို လုပ်ကိုင်ကြပြီး ARSA ၊ RSO ၊ ARA အဖွဲ့များ၏  သတ်ဖြတ်မှုများကို မကြာခဏ ကြုံတွေ့နေရသည်။ 

ပြီးခဲ့သည့် အောက်တိုဘာလ ၇ ရက်က ဘူးသီးတောင်မြို့၊ အမှတ် (၂) ရပ်ကွက်၊ ရွာသစ်မှ ဒေသခံနှစ်ဦးမှာ မေယုတောင်သို့ ဝါးခုတ်သွားစဉ် ARSA ၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရသည်။ ထို့နောက် ခေါင်းဖြတ်သတ်ကာ မြေမြှုပ်ခံထားရသည့် ၎င်းတို့၏ ရုပ်အလောင်းအား အောက်တိုဘာ ၁၀ ရက်နေ့တွင် တွေ့ရှိခဲ့ကြသည်။ 

ပျောက်ဆုံးသူများကို လိုက်လံရှာဖွေသည့် အာရက္ခပြည်သူ့လုံခြုံရေး အထောက်အကူပြုအဖွဲ့ (DLEPS) အဖွဲ့မှ တပ်ဖွဲ့ဝင်များကို အောက်တိုဘာလ ၇ ရက်တွင် ARSA အဖွဲ့က ခြုံခိုတိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။ 

မောင်တောဒေသခံတစ်ဦးက “မောင်တောမှာ ARSA အဖွဲ့တွေ လှုပ်ရှားမှုက အမြဲတမ်းရှိတယ်။ အာရက္ခတပ်တော်ကလည်း အခုအချိန်မှာ လက်လှမ်းမမီသေးတဲ့အတွက် ထိထိရောက်ရောက် မလုပ်နိုင်သေးဘူး။ ဒါကြောင့် အသွားအလာတွေကို ဂရုစိုက်ပြီးတော့ သွားနေရတယ်” ဟု ပြောသည်။ 

အောက်တိုဘာ ၆ ရက်က ARSA အဖွဲ့ ပစ်ခတ်မှုကြောင့် မောင်တောမြို့နယ်တွင် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိခဲ့သည်။ ဇူလိုင် ၃၁ ရက်ကလည်း မောင်တော ကြိမ်ချောင်းသို့ ကုန်ပစ္စည်းသွားဝယ်သည့် အရပ်သားကားတစ်စီးကို ARSA က ခြုံခိုပစ်ခတ်မှုကြောင့် ဘူးသီးတောင်ဒေသခံ ၅ ဦး သေဆုံးပြီး၊ ၂ ဦး ဒဏ်ရာ ရရှိသွားခဲ့သည်။ 

မောင်တောခရိုင်အတွင်း လှုပ်ရှားနေသည့် ARSA၊ RSO လက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် ဒေသခံများအား အကြမ်းဖက်လုပ်ရပ်များ ခပ်စိပ်စိပ်ပြုလုပ်လာနေ၍ လုံခြုံရေးသတိအပြည့်ဖြင့် နေထိုင်ကြရန် AA က တိုက်တွန်းထားပြီး အရပ်သားများအား သတ်ဖြတ်ခဲ့သည့် ARSA တပ်ဖွဲ့ဝင်များအား လိုက်လံရှာဖွေနေကြောင်း ထုတ်ပြန်ထားသည်။