ဘူးသီးတောင်တွင် နေအိမ် ၆ ထောင်ကျော် စစ်ကောင်စီဖျက်ဆီး 

ဘူးသီးတောင်မြို့တွင် စစ်ကောင်စီတပ်နှင့် စစ်သင်တန်းဆင်းမွတ်ဆလင်များ၏ မီးရှို့ဖျက်ဆီးမှု၊ စစ်ကောင်စီလေကြောင်း/ လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် နေအိမ် ၆ ထောင်ကျော် ပျက်စီးဆုံးရှုံးသွားခဲ့သည်။

By Admin 21 May 2024

ဘူးသီးတောင်မြို့ အမှတ်(၅)ရပ်ကွက်ရှိ မီးရှို့ဖျက်ဆီးခံထားရသော နေအိမ်များကို ဧပြီလ ၂၄ ရက်က တွေ့ရစဉ်။
ဘူးသီးတောင်မြို့ အမှတ်(၅)ရပ်ကွက်ရှိ မီးရှို့ဖျက်ဆီးခံထားရသော နေအိမ်များကို ဧပြီလ ၂၄ ရက်က တွေ့ရစဉ်။

DMG ၊ မေ ၂၁ 

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့တွင် တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်နှင့် စစ်သင်တန်းဆင်းမွတ်ဆလင်များ၏ မီးရှို့ဖျက်ဆီးမှု၊ စစ်ကောင်စီလေကြောင်း/ လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် နေအိမ် ၆ ထောင်ကျော် ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။ 

ဘူးသီးတောင်မြို့ အမှတ် (၁)၊ အမှတ် (၂)၊ အမှတ်(၃)၊ အမှတ်(၄)၊ အမှတ်(၅)၊  အမှတ်(၆)၊ အမှတ်(၇) ရပ်ကွက် တို့ရှိ ဟိန္ဒူ၊ ဒိုင်းနက်၊ မွတ်ဆလင်နှင့် ရခိုင်နေအိမ်များ ပျက်စီးသွားခြင်းဖြစ်ပြီး ဘာသာရေးအဆောက်အအုံများလည်း ပါဝင်ကြောင်း သိရသည်။ 

“တစ်မြို့လုံးနီးပါး ပြာကျသွားသလို ဖြစ်သွားတာဆိုတော့ ဒီထက်ပိုပြီးတော့လည်း များနိုင်ပါတယ်။ စစ်ကောင်စီက မြို့ကို ရတဲ့နည်းနဲ့ဖျက်ဆီးသွားခဲ့တာ” ဟု ခိုင်လုံသည့်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဓလေ့ထုံးတမ်းဥပဒေတွင် လက်နက်ကိုင်ပဋိပက္ခအတွင်း အရပ်သားများကို မထိခိုက်စေရန်၊ ဘာသာရေးအဆောက်အအုံများ၊ ရပ်ရွာများကိုအကာကွယ်ပေးရန်၊ စစ်ပွဲနှင့်မသက်ဆိုင်သည့် အရပ်သားများကို ဖမ်းဆီးခြင်းမပြုရန်နှင့် အရပ်သားများကို ဘေးကင်းလုံခြုံခွင့်ပေးရန် ပြဌာန်းထားသည်။ 

သို့သော် စစ်ကောင်စီလုပ်ရပ်များကြောင့် ပြည်သူများမှာ တိုက်ပွဲအတွင်း အသက်အိုးအိမ်များ ဆုံးရှုံးနေကြရပြီး လူမှုဘဝပြန်လည်တည်ဆောက်ရေးမှာ စိန်ခေါ်မှုများစွာ ဖြစ်ခဲ့ရပြီဖြစ်လည်း ဖြစ်သည်။ 

“ဘဝကို တစ်ကနေပြန်စရတော့မှာကို တွေးတောင်မတွေးရဲဘူး။ တစ်သက်လုံး စုဆောင်းထားခဲ့တာ ခဏလေးနဲ့ ပျက်သွားရတယ်။ လက်ရှိကုန်ဈေးနှုန်းနဲ့ အိမ်တစ်ဆောင်ရဖို့ဆိုတာက ၁၀ နှစ်စုရင်တောင် မရနိုင်တော့ဘူး” ဟု ဘူးသီးတောင်မြို့ အမှတ် (၁) ရပ်ကွက်မှ နေအိမ်ပျက်စီးသွားသူ အမျိုးသမီးတစ်ဦးက ပြောသည်။ 

စစ်ကောင်စီသည် လူမျိုးရေးပဋိပက္ခဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ဘူးသီးတောင်ဒေသတွင် ရခိုင်နှင့် ဟိန္ဒူတို့၏ နေအိမ်များကို မီးရှို့ဖျက်ဆီးမှု၊  လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု၊ ပြည်သူပိုင် အဆောက်အအုံများ မီးရှို့ဖျက်ဆီးခံရမှုများကို စိုးရိမ်ပူပန်ကြောင်း အမျိုးသားညီညွတ်ရေးအစိုး(NUG)က ယနေ့ ထုတ်ပြန်ထားသည်။ 

စစ်ကောင်စီသည် ပြည်သူများ နာလန်မထူနိုင်စေရန်ရည်ရွယ်ပြီး ဘူးသီးတောင်မြို့ရှိ နေအိမ်များကို အဓိက ပစ်မှတ်ထားပြီး မီးရှို့ဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ကြောင်း အာရက္ခတပ်တော်(AA)က မေလ ၂၀ ရက်တွင် ထုတ်ပြန်ထားသည်။ 

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင်စတင်သည့် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)တို့ကြား တိုက်ပွဲသုံးလခန့်အကြာ မေလ ၁၈ ရက်တွင် ဘူးသီးတောင်မြို့ကို AA သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။