သံတွဲ - တောင်ကုတ် ကားလမ်းပိတ်ထား၍ ဒေသခံများ စားနပ်ရိက္ခာ ပြတ်လပ်လာ

ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း တိုက်ပွဲများကြောင့် သံတွဲ - တောင်ကုတ် ဆက်သွယ်ထားသည့် ကားလမ်းကို သွားလာခွင့်ပိတ်ပင်ထား၍ ဒေသခံများမှာ စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ကြုံတွေ့နေရသည်။

By Admin 14 May 2024

သံတွဲ - တောင်ကုတ် ကားလမ်းပိတ်ထား၍ ဒေသခံများ စားနပ်ရိက္ခာ ပြတ်လပ်လာ

DMG ၊ မေ ၁၄ 

ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း တိုက်ပွဲများကြောင့် သံတွဲ - တောင်ကုတ် ဆက်သွယ်ထားသည့် ကားလမ်းကို သွားလာခွင့်ပိတ်ပင်ထား၍ ဒေသခံများမှာ စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ကြုံတွေ့နေရသည်။ 

အဆိုပါလမ်ပိုင်းတွင် သံတွဲမြို့နယ်က ကျေးရွာပေါင်း ၅၀ ကျော်ရှိကြောင်း သိရသည်။ ယင်းကားလမ်းပေါ်ရှိ ရွှေလှေ၊ ကွေ့ချောင်း၊ သပြုချိုင်၊ ရေစင်၊ ဇီးကုန်း၊ အောက်နတ်မော်နှင့် လင်းသီကျေးရွာအနီးတို့တွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည်။

သံတွဲဒေသခံတစ်ဦးက “တိုက်ပွဲဖြစ်ကတည်းက စစ်ကောင်စီက လမ်းသွားလမ်းလာတွေကို ပစ်ခတ်တာကြောင့် AA ကလည်း ဒေသခံတွေကို မသွားလာကြဖို့ ဟန့်တားထားတာရှိတယ်။ 
ကားလမ်းပိတ်ထားတော့ ကုန်စည်စီးဆင်းမှု လုံးဝမရှိတော့ဘူး။ အခုဆိုရင် စားသောက်ကုန်နဲ့ ဆေးဝါးတွေ ဝယ်လို့မရတော့ဘူး။ ရှိတဲ့ကုန်စည်တွေဆိုရင်လည်း ဈေးတွေ အဆမတန်မြင့်နေတော့ တော်တော်လေးကို အခက်ခဲရှိတယ်” ဟု သံတွဲဒေသခံတစ်ဦးက ပြောသည်။

သံတွဲဒေသတွင် စစ်ကောင်စီနှင့် AA တို့ ဧပြီလ ၁၃ ရက်တွင် တိုက်ပွဲစတင်ခဲ့ပြီးနောက် ဧပြီလ ၂၄ ရက်က ရွှေလှေတံတားအနီးတွင် ကားသမားတစ်ဦးကို စစ်ကောင်စီက သေနတ်ဖြင့်ပစ်သတ်ခဲ့သည့် ဖြစ်စဉ်နောက်ပိုင်း ဒေသခံများသွားလာခွင့်ကို AA က ကန့်သတ်လိုက်သည်။ 

ကုန်စည်စီးဆင်မှုမရှိဘဲ ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေသဖြင့် စစ်ဘေးရှောင်များမှာ စားဝတ်နေရေး အခက်အခဲနှင့် ရင်ဆိုင်နေကြရသည်ဟု ရေကောက်ကျေးရွာမှ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

“တိုက်ပွဲဖြစ်လို့ ထွက်ပြေးတိမ်းရှောင်နေကြချိန်မှာ ကုန်ဈေးနှုန်းတွေက အဆမတန် မြင့်တက်နေတော့ တော်တော်လေးကို အခက်အခဲရှိတယ်။ သံတွဲဖက်မှာက ရခိုင်မြောက်ပိုင်းမှာလို စစ်ဘေးရှောင်တွေကို ကူညီကြတဲ့ အဖွဲ့အစည်းတွေကလည်း ရှိတာမဟုတ်ဘူး။ စစ်ဘေးရှောင်တွေမှာ ကိုယ့်စားဝတ်နေရေးအတွက် ကိုယ်ပဲရုန်းကန်နေကြရတာဆိုတော့ ပိုပြီးကြပ်တည်းတယ်” ဟု သူကပြောသည်။

လက်ရှိတွင် တိုက်ပွဲဖြစ်ပွားနေသည့် သံတွဲမြို့နယ်တွင်းရှိ ကျေးရွာများတွင် ပေါ်ဆန်းမွေးဆန် တစ်အိတ်ကို ငွေကျပ် ၂ သိန်း၊ ဆန်ကြမ်းတစ်အိတ်ကို ငွေကျပ် ၁ သိန်း ၂ သောင်း၊ ကြက်သွန်နီ တစ်ပိဿာကို ငွေကျပ် ၂၅,၀၀၀၊ ကြက်သွန်ဖြူ တစ်ပိဿာ ငွေကျပ် ၄၀,၀၀၀ နှင့် စားဆီတစ်လီတာကို ၁၅,၀၀၀ ကျပ် အထိရှိနေကြောင်း သိရသည်။ 

တိုက်ပွဲကြောင့်တိမ်းရှောင်ကြသူအများစုမှာ သူဌေးရေအားလျှပ်စစ် လုပ်ငန်းခွင်တွင် နေ့စားလုပ်နေသူများဖြစ်ပြီး စီမံကိန်းရပ်တန့်သွားပြီးနောက် ဝင်ငွေမရှိတော့၍ စားဝတ်နေရေး ပိုပြီးခက်ခဲလာကြောင်း ပြောကြသည်။

လက်ရှိတွင် နှစ်ဖက်တိုက်ပွဲများကြောင့် သံတွဲမြို့နယ်ရှိ ကွေ့ချောင်း၊ ရေစင်၊ ရွှေလှေ၊ ရေကောက်၊ ဇီးကုန်းနှင့် အောက်နတ်မော် အပါအဝင် ကျေးရွာပေါင်း ၁၀ ကျော်ခန့်က ဒေသခံတစ်သောင်းကျော်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။