- ရခိုင်တွင် လူငယ်များ ဆေးခြောက်သုံးစွဲနေမှုကို တားဆီးရန် လိုအပ်လာ
- စစ်တွေ - ပုဏ္ဏားကျွန်း နယ်စပ်တွင် စစ်ကောင်စီနှင့် AA တို့ လက်နက်ကြီး အပြန်အလှန်ပစ်ခတ်
- ဧရာဝတီရောက် ရခိုင်စစ်ရှောင်များကို စစ်ကောင်စီ နေရာပြောင်းခိုင်းထား
- ဂွဒေသခံများ မြေမြှုပ်မိုင်းအန္တရာယ်ကို ဆိုးရွားစွာ ခံစားနေရ
- တိုက်ပွဲကာလ ပျောက်ဆုံးသွားသည့် သက်လူမျိုး ၄ ဦး သတင်းအစအန မရသေး
ဂွဒေသခံတစ်ဦးကို AA နှင့် ဆက်စပ်သည်ဆိုပြီး စစ်ကောင်စီ ဖမ်းဆီး
“ရွာအုပ်ချုပ်ရေးမှူးက ဦးတင်စိုးနဲ့ တွေ့ချင်တယ်ဆိုပြီး သူ့အိမ်ခေါ်ခိုင်းလိုက်တာ။ အဲဒီ အိမ်မှာက ရဲနဲ့ စရဖက ရှိနေပြီးသား။ အဲဒီကနေ ရဲကားနဲ့ ဖမ်းသွားတာ။ အေအေနဲ့ဆက်စပ်တယ်ဆိုပြီး သံသယထားလို့ ဖမ်းသွားတာ”
14 May 2024
DMG ၊ မေ ၁၄
ရခိုင်ပြည်၊ ဂွမြို့နယ်ခွဲ၊ ကျိန္တလီမြို့နယ်က ဘိုကလေးကျေးရွာသားတစ်ဦးကို စစ်ကောင်စီ၏ ရဲတပ်ဖွဲ့နှင့် စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့(စရဖ) တို့ပူးပေါင်းပြီး ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။
ဘိုကလေးကျေးရွာမှ အသက် ၅၀ အရွယ် ဦးတင်စိုး (ခေါ်) ကိုငယ်ကို ယမန်နေ့ မေလ ၁၃ ရက်နေ့ ညနေပိုင်းက ရပ်ကျေးအုပ်ချုပ်ရေးမှူးအိမ်ကနေ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ခိုင်လုံသည့်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“ရွာအုပ်ချုပ်ရေးမှူးက ဦးတင်စိုးနဲ့ တွေ့ချင်တယ်ဆိုပြီး သူ့အိမ်ခေါ်ခိုင်းလိုက်တာ။ အဲဒီ အိမ်မှာက ရဲနဲ့ စရဖက ရှိနေပြီးသား။ အဲဒီကနေ ရဲကားနဲ့ ဖမ်းသွားတာ။ အေအေနဲ့ဆက်စပ်တယ်ဆိုပြီး သံသယထားလို့ ဖမ်းသွားတာ” ဟု သူက ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး ဘိုကလေးကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဖမ်းဆီးခံရသူ၏မိသားစုဝင်များကို DMG က အဆက်အသွယ်ရရှိရန် ကြိုးစားခဲ့သော်လည်း အဆင်မပြေခဲ့ပေ။
လက်ရှိတွင် ဦးတင်စိုးကို ဂွမြို့မရဲစခန်း၌ ထိန်းသိမ်းထားပြီး မိသားစုဝင်များက တွေ့ခွင့်မရသေးကြောင်း သိရသည်။
“အုပ်ချုပ်ရေးမှူးအိမ်ကတဆင့် ကျိန္တလီရဲစခန်းကို ခေါ်သွားတယ်။ အဲဒီကတဆင့်မှ ဂွရဲစခန်းကို ခေါ်သွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဖမ်းဆီးခံထားရသူမှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP/ALA)နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့မှုများ ရှိခဲ့သော်လည်း လက်ရှိတွင် ALP နှင့်လက်တွဲမလုပ်တော့သည်မှာ ၂ နှစ်ခန့်ရှိပြီဖြစ်ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။
ALP တပ်ဖွဲ့ဝင်များသည် မေလပထမပတ်အတွင်း သံတွဲ - ဂွကားလမ်းရှိ ဘိုကလေး၊ ရှောက်ကုန်း၊ ကျောင်းကုန်း စေတီကွင်း စသည့်ကျေးရွာများသို့ ကွင်းဆင်းကာ ၎င်းတို့တပ်ထဲဝင်ရန် စည်းရုံးလျက်ရှိသည်။
ဂွမြို့နယ်တွင် စစ်ကောင်စီက ဒေသခံများကို ဖမ်းဆီးခြင်းအချို့ရှိနေသော်လည်း အာရက္ခတပ်တော်(AA) နှင့် နှစ်ဘက်တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးပေ။