သံဖြူဇရပ်တွင် ဖမ်းမိသည့် မွတ်ဆလင် ၁၄၀ ကျော်ကို လဝကဉပဒေဖြင့် အရေးယူ
ဩဂုတ်လ ၁၁ ရက်နေ့က ရေး - သံဖြူဇရပ်ကားလမ်း ဝဲခမီကျေးရွာအနီးတွင် မြေသယ်ယာဥ် ၄ စီးဖြင့် တင်ဆောင်လာသည့် မွတ်ဆလင် ၁၄၅ ဦးကို စစ်ကောင်စီ ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့သည်။
17 Aug 2023
DMG ၊ သြဂုတ် ၁၇
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ဖမ်းဆီးရမိသည့် မွတ်ဆလင် ၁၄၃ ဦးကို ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေ ပုဒ်မ ၆(၃) ဖြင့် အရေးယူထားကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးနှင့် နီးစပ်သည့် သတင်းရင်းမြစ်ထံက သိရသည်။
ဩဂုတ်လ ၁၁ ရက်နေ့က ရေး - သံဖြူဇရပ်ကားလမ်း ဝဲခမီကျေးရွာအနီးတွင် မြေသယ်ယာဥ် ၄ စီးဖြင့် တင်ဆောင်လာသည့် မွတ်ဆလင် ၁၄၅ ဦးကို စစ်ကောင်စီ ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့သည်။ ယင်းအထဲမှ ၁၄၃ ဦးကို ဩဂုတ်လ ၁၆ ရက်နေ့တွင် လဝကအက်ဥပဒေ ၆(၃)ဖြင့် အမှုဖွင့်ကာ သံဖြူဇရပ်မြို့မရဲစခန်းမှ ကျိုက်မရောအကျဉ်းထောင်သို့ ပို့ဆောင်လိုက်ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
“သံဖြူဇရပ်မှာဖမ်းမိတဲ့ အထောက်အထားမဲ့ မွတ်ဆလင် ၁၄၃ ဦးကို ကျိုက်မရောထောင်ကို ပို့လိုက်ပါတယ်။ လဝကအက်ဥပဒေနဲ့ အရေးယူပြီးတော့ ထောင်ထဲပို့လိုက်တာ” ဟု ၎င်းက ပြောသည်။
ကျန်ရှိသည့် မွတ်ဆလင်ကလေးနှစ်ဦးကို ရန်ကုန်ရှိ ‘ငှက်အော်’လူငယ်ထိန်းသိမ်းရေးစခန်းသို့ လွှဲပြောင်းရန် စီစဥ်နေကြောင်း သံဖြူဇရပ်မြို့မရဲစခန်းနှင့် နီးစပ်သူများထံက သိရသည်။
အဆိုပါမွတ်ဆလင်များမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းများမှဖြစ်ပြီး စားဝတ်နေရေးကျပ်တည်းမှုကြောင့် မလေးရှားနိုင်ငံသို့ သွားရောက်ကြခြင်းဖြစ်သည်ဟု သိရသည်။
“ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာ အလုပ်အကိုင်မရှိတာ၊ စားဝတ်နေရေး အဆင်မပြေတာကြောင့် မလေးရှားကို ပွဲစားတွေနဲ့ချိတ်ပြီး ခိုးသွားကြရင်း အဖမ်းခံရတာများတယ်။ အခုလို ဖမ်းဆီးခံရပြီဆိုရင် စစ်ကောင်စီရဲ့သဘောက ထောင်ချမယ်ပဲလုပ်နေတာဆိုတော့ လူ့အခွင့်အရေးချိုးဖောက်ခံရတာပဲ အဖတ်တင်တယ်” ဟု လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ကိုရဲမင်းက ပြောသည်။
၁၉၄၉ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေ ပုဒ်မ ၆(၃)တွင် နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ကို အလုပ်ကြမ်းဖြင့် ဖြစ်စေ၊ အလုပ်မဲ့ဖြင့် ဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
မွန်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလမှ ယခု ၂၀၂၃ ခုနှစ် သြဂုတ်လအထိ ၁၁ လတာအတွင်း မွတ်ဆလင် ၅၀၀ ဦးထက်မနည်း ဖမ်းဆီးခံရကာ လဝကအက်ဥပဒေဖြင့် တရားစွဲထောင်ချခံထားရသည်။
#F004