- ရခိုင်တွင် လူငယ်များ ဆေးခြောက်သုံးစွဲနေမှုကို တားဆီးရန် လိုအပ်လာ
- စစ်တွေ - ပုဏ္ဏားကျွန်း နယ်စပ်တွင် စစ်ကောင်စီနှင့် AA တို့ လက်နက်ကြီး အပြန်အလှန်ပစ်ခတ်
- ဧရာဝတီရောက် ရခိုင်စစ်ရှောင်များကို စစ်ကောင်စီ နေရာပြောင်းခိုင်းထား
- ဂွဒေသခံများ မြေမြှုပ်မိုင်းအန္တရာယ်ကို ဆိုးရွားစွာ ခံစားနေရ
- တိုက်ပွဲကာလ ပျောက်ဆုံးသွားသည့် သက်လူမျိုး ၄ ဦး သတင်းအစအန မရသေး
စစ်ကောင်စီကို တိုက်ခိုက်ရန် SSPP ဆုံးဖြတ်လိုက်တာ ဘာကြောင့်လဲ
ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA က “ယခုအချိန်သည် စစ်ကောင်စီကိုတော်လှန်ရန် အကောင်းဆုံးအချိန် ကျရောက်နေပြီ” ဟု စစ်ကြေညာလိုက်သည်။
04 May 2024
DMG ၊ မေ ၄
စစ်အာဏာသိမ်းပြီး ၃ နှစ်ကျော်ကြာထိ တနိုင်ငံလုံးတွင် စစ်ရေးပဋိပက္ခများ ပြင်းထန်နေဆဲဖြစ်သည်။ အဓိက ကချင်၊ ကရင်နီ၊ ကရင်၊ ရခိုင်၊ ချင်း၊ မွန်၊ ရှမ်းနှင့် မကွေး၊ စစ်ကိုင်း၊ မန္တလေး၊ တနင်္သာရီ ဒေသတို့တွင် တိုက်ပွဲများ နေ့စဉ်ရှိနေသည်။ စစ်ရေးအရှိန်မြင့်လာခြင်းနှင့်အတူ တော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီတပ်စခန်းများ၊ မြို့များကိုလည်း သိမ်းပိုက်လာနိုင်သည်။
တစ်နိုင်ငံလုံးတွင် လက်နက်ကိုင်တော်လှန်မှုများ သုံးနှစ်ကျော်လာသည့်တိုင် စစ်ကောင်စီကို မတိုက်သေးဘဲ စောင့်ကြည့်နေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့လည်း ရှိနေသေးသည်။ ယင်းအထဲမှ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA က “ယခုအချိန်သည် စစ်ကောင်စီကိုတော်လှန်ရန် အကောင်းဆုံးအချိန် ကျရောက်နေပြီ” ဟု စစ်ကြေညာလိုက်သည်။
စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စုရရှိရန် နိုင်ငံရေးစားပွဲဝိုင်းတွင် အဖြေရှာသည့်နည်းလမ်း မရှိတော့၍ စစ်ကောင်စီကို တိုက်ခိုက်တော့မည်ဖြစ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA က ကြေညာလာခြင်း ဖြစ်သည်။
SSPP/SSA ဒုဉက္ကဌ ဒုဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က ပြီးခဲ့သည့် ဧပြီလ ၂၄ ရက် SSA တည်ထောင်ခြင်း နှစ်(၆၀) ပြည့် အခမ်းအနားမှာ ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု SSPP/SSA ၏ ဝက်ဘ်ဆိုက်နှင့် လူမှုကွန်ရက်စာမျက်နှာတွင် မေလ ၃ ရက်နေ့က တရားဝင်ထုတ်ပြန်လိုက်သည်။
“နိုင်ငံရေးလမ်းစဉ်နဲ့ စားပွဲဝိုင်းပေါ်မှာ တွေ့ဆုံဆွေးနွေးခဲ့တာ ပင်လုံစာချုပ် စချုပ်ကတည်းကနေဆို နှစ်ပေါင်း ၇၇ နှစ်ကြာပါပြီ။ စစ်အုပ်စုအဆက်ဆက်က တိုင်းရင်းသားလူနည်းစုတွေကို ဝါးမျိုပြီး ပင်လုံစာချုပ်မှာ သဘောတူ လက်မှတ်ရေးထိုးထားတဲ့ အချက်တွေကို မလိုက်နာခဲ့ကြပါဘူး။ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်မှာလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ စားပွဲဝိုင်းပေါ် ဆွေးနွေးညှိနှိုင်းအဖြေရှာဖို့နည်းလမ်းတွေ လုံးဝ မဖြစ်နိုင်တော့တဲ့ အနေအထား ဖြစ်ခဲ့ပါတယ်။ အခြေအနေ လုံးဝမပေးနိုင်တော့တဲ့အဆုံး လက်နက်ကိုင်တော်လှန်မယ့် လမ်းစဉ်ကို ရွေးချယ်ခဲ့ရတာ” ဟု ဒုတိယ ဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က ပြောသည်။
ယင်းအပြင် စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ဖို့အတွက် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် ဉီးဆောင်မှုအောက်ကနေ ပြတ်ပြတ်သားသား လုပ်ဆောင်ကြရန်နှင့် တော်လှန်ရေးတပ်ဖွဲ့များ အပါအဝင် ပြည်သူလူထုအားလုံး ကြိုးစားတိုက်ပွဲဝင်ကြရန်လည်း တိုက်တွန်းသည်။
SSPP/SSA သည် ဉီးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ ခုနှစ်တွင် ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် ပဏာမ အပစ်ရပ်စာချုပ်များ လက်မှတ်ရေးထိုးခဲ့သော်လည်း တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် NCA တွင် လက်မှတ်ထိုးထားခြင်း မရှိပေ။ ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်များအတွင်း ဌာနချုပ်ရှိရာ ဝမ်ဟိုင်းကို မြန်မာစစ်တပ်က ထိုးစစ်ဆင်ခဲ့ရာ ကြီးမားသည့်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
SSPP/SSA သည် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်ဖြစ်ပြီး “ဝ”(UWSA)၊ ရခိုင်(AA)၊ ကိုးကန့်(MNDAA)၊ မိုင်းလား (NDAA)၊ ကချင် (KIA)၊ ပလောင်(TNLA) တပ်ဖွဲ့များနှင့် မဟာမိတ်ဖွဲ့ထားသည်။
ဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က “တွေဝေနေလို့ မဖြစ်တော့ပါဘူး။ ကျနော်တို့ဖြစ်ချင်တာက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာတာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ အဖြေရှာဖို့ လမ်းစဉ်ဟာ လုံးဝမရှိတော့ပါဘူး။ ဒါ့ကြောင့် တိုက်ပွဲဖြစ်ရပါတော့မယ်။ မနက်ဖြန် စစ်မဖြစ်ချင်ရင် ဒီနေ့ စစ်ဖြစ်ရပါမယ်။ မနက်ဖြန် အခက်မကြုံဖို့အတွက် ဒီနေ့ရုန်းကန်ရပါမယ်” ဟု ပြောသည်။
SSPP/SSA သည် ရှမ်းပြည်နယ်၊ ကျေးသီးမြို့နယ် ဝမ်ဟိုင်းဒေသကို ဗဟိုပြုပြီး ရှမ်းပြည်မြောက်ပိုင်းတခွင်တွင် လှုပ်ရှားနေသည့် လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။ လက်ရှိတွင် ရှမ်းမြောက်တွင် ညီနောင်သုံးဖွဲ့ အပစ်ရပ်ထားသဖြင့် SSPP/SSA သည် ၎င်းတို့နယ်မြေတိုးချဲ့ရန်အတွက် စစ်ကောင်စီကို စစ်ကြေညာလိုက်ခြင်းဟု သုံးသပ်မှုများ ရှိနေသည်။
၁၉၅၈ ခုနှစ် မေလ ၂၁ ရက်မှစတင်ခဲ့သည့် သျှမ်းလက်နက်ကိုင်တော်လှန်ရေးတွင် တကွဲတပြားဖြစ်နေသည့် သျှမ်းတပ်များကို ၁၉၆၄ ခုနှစ် ဧပြီလ ၂၄ ရက်တွင် စုစည်း၍ မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတဖြစ်သူ ညောင်ရွှေ စော်ဘွား စဝ်ရွှေသိုက်၏ မဟာဒေဝီ စဝ်နန်းဟိန်းခမ်းအား နာယကအဖြစ်တင်မြောက်ပြီး သျှမ်းပြည်တပ်မတော် (Shan State Army – SSA) ကို တည်ထောင်ခဲ့ခြင်း ဖြစ်သည်။