- ရခိုင်တွင် လူငယ်များ ဆေးခြောက်သုံးစွဲနေမှုကို တားဆီးရန် လိုအပ်လာ
- စစ်တွေ - ပုဏ္ဏားကျွန်း နယ်စပ်တွင် စစ်ကောင်စီနှင့် AA တို့ လက်နက်ကြီး အပြန်အလှန်ပစ်ခတ်
- ဧရာဝတီရောက် ရခိုင်စစ်ရှောင်များကို စစ်ကောင်စီ နေရာပြောင်းခိုင်းထား
- ဂွဒေသခံများ မြေမြှုပ်မိုင်းအန္တရာယ်ကို ဆိုးရွားစွာ ခံစားနေရ
- တိုက်ပွဲကာလ ပျောက်ဆုံးသွားသည့် သက်လူမျိုး ၄ ဦး သတင်းအစအန မရသေး
ဘူးသီးတောင်ကို သိမ်းပိုက်ပြီးနောက် အမ်းမြို့နယ်တွင် တိုက်ပွဲပြင်းထန်လာ
နှစ်ပတ်ခန့်ကြာ တိုက်ပွဲရပ်နားပြီးနောက် ယမန်နေ့ မေလ ၁၉ ရက်တွင် ကဇုကိုင်းကျေးရွာအနီးရှိ စစ်ကောင်စီ၏ အင်အားကြီး တောဟိန်းတောင်ဗျူဟာကုန်းကို AA က အပြင်းအထန်ထိုးစစ်ဆင်ပြီး တိုက်ပွဲပြင်းထန်နေသည်။
20 May 2024
DMG ၊ မေ ၂၀
ရခိုင်ပြည်၊ ဘူးသီးတောင်မြို့ကို မေလ ၁၈ ရက်တွင် အာရက္ခတပ်တာ်(AA)က သိမ်းပိုက်ရရှိပြီးနောက် အမ်းမြို့နယ်၊ ကဇုကိုင်းဒေသအတွင်း တိုက်ပွဲများပြင်းထန်လာနေကြောင်း သတင်းရရှိသည်။
နှစ်ပတ်ခန့်ကြာ တိုက်ပွဲရပ်နားပြီးနောက် ယမန်နေ့ မေလ ၁၉ ရက်တွင် ကဇုကိုင်းကျေးရွာအနီးရှိ စစ်ကောင်စီ၏ အင်အားကြီး တောဟိန်းတောင်ဗျူဟာကုန်းကို AA က အပြင်းအထန်ထိုးစစ်ဆင်ပြီး တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။
“မနေ့က တစ်မနက်လုံး တိုက်ပွဲပြင်းခဲ့တယ်။ တောဟိန်းတောင်မှာ စစ်ကောင်စီက အင်အားတိုးလိုက်တာ ရှိတယ်။ စစ်ကောင်စီဘက်က တိုက်ပွဲအတွင်း လက်နက်ကြီးပစ်ကူတွေ အများကြီးပေးခဲ့တာ ရှိတယ်။ အပေါ်နဲ့အောက် ဖြစ်ကြတာ။ စစ်ကောင်စီတပ်သားတွေက တောင်ပေါ်က” ဟု ခိုင်လုံသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
စကခ(၅)လက်အောက်ခံ တောဟိန်းတောင်ဗျူဟာမှာ အမ်းမြို့အနောက်ဘက် မိုင် ၂၀ ခန့်အကွာတွင် တည်ရှိပြီး ရန်ကုန် - စစ်တွေ ကားလမ်းအနီး အရေးပါဆုံးသော ဗျူဟာကုန်းကြီးတစ်ခု ဖြစ်သည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တည်ရှိရာ အမ်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် AA တို့ မတ်လ ၂၄ ရက်မှစ၍ တိုက်ပွဲပြင်းထန်နေပြီး AA က နပခ၊ တောဟိန်းတောင်ဗျူဟာကုန်းအပါအဝင် စစ်ကောင်စီတပ်စခန်း စခန်းများအား သိမ်းပိုက်ရရှိရေး ကြိုးပမ်းလျက်ရှိသည်။
“တိုက်ပွဲနှစ်ပတ်လောက်နားပြီးမှ ပြန်စလာတာ။ ဒီနေ့လည်း ပစ်ခတ်သံတွေရှိတယ်။ အမ်းကနေ ကဇုကိုင်းဘက် တစ်လျှောက်အထိ စစ်ကောင်စီတပ်သားတွေ လျှို့ဝှက်ပြီး နေထိုင်နေတာတွေ ရှိတယ်။ ကင်းစခန်းတွေ ရှိတယ်။ အဲဒီစခန်းတွေက လိုရင်လိုသလို စစ်ကူလာပြီး အေအေနဲ့ တိုက်ပွဲဖြစ်တာတွေ ရှိတယ်” ဟု အမ်းဒေသခံတစ်ဦးက ပြောသည်။
အာရက္ခတပ်တော်(AA)သည် တောဟိန်းတောင်အနီးက စွေ့ချောင်းဗျူဟာကုန်းကို သိမ်းပိုက်ထားပြီးဖြစ်သည်။
စစ်ကောင်စီကလည်း အမ်းမြို့နယ်မကျဆုံးရေးအတွက် လေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် ခုခံလျက်ရှိပြီး စစ်အင်အားလည်း အများအပြား ဖြည့်တင်းထားကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်များက ပြောသည်။
တိုက်ပွဲပြင်းထန်နေမှုကြောင့် ကုဇုကိုင်းနှင့် အနီးအနားကျေးရွာ ၃၀ ခန့်က ဒေသခံထောင်ချီမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်တွင်စတင်သည့် ရခိုင်ဒေသတိုက်ပွဲများမှာ ၆ လကျော်ကြာမြင့်လာပြီး AA က ရမ်းဗြဲ၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် ပလက်ဝ မြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။
လက်ရှိတွင် အမ်းမြို့နယ်အပါအဝင် မောင်တောနှင့် သံတွဲမြို့နယ်အတွင်း နှစ်ဘက်တိုက်ပွဲများ ပြင်းထန်နေသည်။