ဆေးဝါးကို ဘေးမဲ့ပေးကြပါ
မြို့ပေါ်နေပြည်သူတွေအတွက် ငွေကြေးအကုန်အကျခံနိုင်ရင် ကျန်းမာရေးအထောက်အကူပြု ဆေးဝါးများကို လိုအပ်သလို ဝယ်ယူသုံးစွဲလို့ရနေပေမဲ့လည်း စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့တွေရဲ့ ဆေးဝါးသယ်ယူခွင့် တားမြစ်ချက်၊ ကန့်သတ်ချက်တွေကြောင့် ကျေးလက်နေပြည်သူတွေအနေနဲ့ ငွေကြေးတတ်နိုင်ရင်တောင် ဆေးကုသမှုခံယူဖို့ အခက်အခဲဖြစ်နေကြရပါတယ်။
19 Oct 2022
DMG ၊ အောက်တိုဘာလ
(အယ်ဒီတာ့အာဘော်)
မြန်မာပြည်ဟာ ဆေးဝါးမလုံလောက်မှု၊ ကျန်းမာရေးလုပ်သား မလုံလောက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ တိုင်းပြည်တစ်ခုပါ။ အထူးသဖြင့် တိုင်းရင်းသားနယ်မြေများဖြစ်ကြတဲ့ နယ်စွန်နယ်ဖျားတွေမှာ ကျန်းမာရေး အထောက်အကူပြုဆေးဝါးများ ရရှိနိုင်မှု နည်းပါးတာကြောင့် တောဆေး/တောင်ဆေးလို့ခေါ်တဲ့ ပရဆေးပင်/ဆေးမြစ်တွေနဲ့ ကုသနေကြရဆဲ ဖြစ်ပါတယ်။ တိုင်းရင်းဆေးဌာနရှိသော်ငြားလည်း သွားလာရခက်ခဲတဲ့ နယ်မြေတွေအထိ မရောက်ရှိကြပါဘူး။
နိုင်ငံတကာ ကြက်ခြေနီအဖွဲ့(ICRC)၊ နယ်စည်းမခြားဆရာဝန်များအဖွဲ့(MSF)တို့လို နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေ ရှိပေမဲ့လည်း စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူလိုက်ပြီးနောက်ပိုင်းမှာ အဆိုပါအဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေဟာလည်း အကန့်အသတ်နဲ့သာ လှုပ်ရှားနေကြရတာကြောင့် ပြည်သူအများစုဟာ ကျန်းမာရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ အထူးသဖြင့် ကျေးလက်ဒေသမှာ နေထိုင်နေကြတဲ့ ပြည်သူတွေက ဒီအခက်အခဲကို ပိုပြီးခံစားကြရပါတယ်။
ပြည်တွင်းဆေးဝါးထုတ်လုပ်မှု မလုံလောက်ခြင်းကြောင့် နိုင်ငံရပ်ခြား(အိန္ဒိယ၊ ထိုင်း)က ဆေးဝါးများ တင်သွင်းနေရပြီး မြန်မာ့ငွေဈေးမတည်ငြိမ်မှုကြောင့် ဆေးဝါးဈေးနှုန်းတွေဟာ (၄ ဆ)လောက်အထိ မြင့်တက်သွားပါတော့တယ်။ ၂၀၁၄ သန်းခေါင်စာရင်းအရ မြန်မာပြည်မှာ ကျေးလက်နေလူတန်းစားဟာ ၇၀ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။
မြို့ပေါ်နေပြည်သူတွေအတွက် ငွေကြေးအကုန်အကျခံနိုင်ရင် ကျန်းမာရေးအထောက်အကူပြု ဆေးဝါးများကို လိုအပ်သလို ဝယ်ယူသုံးစွဲလို့ရနေပေမဲ့လည်း စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့တွေရဲ့ ဆေးဝါးသယ်ယူခွင့် တားမြစ်ချက်၊ ကန့်သတ်ချက်တွေကြောင့် ကျေးလက်နေပြည်သူတွေအနေနဲ့ ငွေကြေးတတ်နိုင်ရင်တောင် ဆေးကုသမှုခံယူဖို့ အခက်အခဲဖြစ်နေကြရပါတယ်။
အထူးသဖြင့် ရခိုင်ဒေသမှာ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ကြား တကျော့ပြန်တိုက်ပွဲ ပြင်းထန်လာပြီးတဲ့နောက် စစ်ကောင်စီဘက်က လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်ထားတာကြောင့်လည်း ကျေးလက်နေပြည်သူတွေ ကျန်းမာရေးအခက်အခဲကို ပိုပြီးခံစားနေကြရတာ ဖြစ်ပါတယ်။
လက်ရှိမှာ အခက်အခဲအမျိုးမျိုးကြားက မြို့ပေါ်မှာ ဆေးရုံ/ဆေးခန်းလာပြသူတစ်ယောက် မိမိဒေသကိုပြန်ရင်တောင် ဆရာဝန်ညွှန်ကြားပေးလိုက်တဲ့ ဆေးစာထဲက ဆေးအရေအတွက်ထက် ပိုပြီးယူဆောင်ခွင့် မရှိကြပါဘူး။ ကျေးလက်က တောသူတောင်သားတွေဟာ မြို့ပေါ်ကို တစ်ခေါက်လာနိုင်ဖို့ ခက်ခဲကြပါတယ်။ ဒါကြောင့်လည်း တချို့မှာ ဆရာဝန်က သုံးရက်စာလောက် ပေးလိုက်တဲ့ဆေးကို တစ်ပတ်/ဆယ်ရက်စာလောက် ဝယ်သွားလေ့ရှိကြပေမဲ့ လက်ရှိမှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေက အပိုဝယ်ယူလာတဲ့ဆေးဝါးတွေကို ခွင့်မပြုဘဲ စစ်ဆေးရေးဂိတ်တွေမှာ သိမ်းဆည်းတာတွေ လုပ်ဆောင်လာနေပါတယ်။
တစ်ဖက်မှာလည်း ပြည်သူ့ကျန်းမာရေးအတွက် လိုအပ်နေတဲ့ဆေးဝါးတွေကို မှောင်ခိုလမ်းကြောင်းလိုပုံစံမျိုးနဲ့ စစ်ဆေးရေးဂိတ်တွေမှာ လာဘ်ပေးပြီးတော့ သယ်ဆောင်နေကြရပါတယ်။ ဥပဒေတစ်ရပ် ဒါမှမဟုတ် စည်းမျဉ်းတစ်ခု ထုတ်ပြန်လိုက်ပြီး အကောင်ထည်ဖော်နိုင်မှု အားနည်းသွားတဲ့အခါ အဲဒီဥပဒေတွေ စည်းမျဉ်းတွေက သက်ဆိုင်ရာဝန်ထမ်းတွေအတွက် လုပ်စားစရာခွင်(ဂွင်)တစ်ခု ဖြစ်သွားတတ်ကြပါတယ်။
မြန်မာစစ်တပ်ဟာ ရက္ခိုင့်တပ်တော်နဲ့ တိုက်ပွဲပြင်းထန်နေစဉ်မှာ ဂျက်တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ လေကြောင်းကတဆင့် တိုက်ခိုက်ခဲ့တာကြောင့် AA တပ်ဖွဲ့ဝင်တွေအနေနဲ့ ထိခိုက်မှုတွေရှိမှာဖြစ်တဲ့အတွက် ဆေးဝါးလိုအပ်ချက် ရှိမှာပဲဆိုတဲ့အမြင်နဲ့ ဆေးဝါးတွေကို ဖြတ်တောက်ထားတာဖြစ်နိုင်ပေမဲ့ ကျေးလက်နေပြည်သူတွေရဲ့ ကျန်းမာရေးကို စစ်ကောင်စီအနေနဲ့ ထည့်တွက်စဉ်းစားရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ပြည်သူကို အကာအကွယ်ပေးရမယ်ဆိုတဲ့ သန္တိဌာန်ကြောင့် ဖြစ်ပါတယ်။
လက်ရှိအခြေအနေမှာ လူတိုင်း (သို့မဟုတ်) အိမ်တိုင်းမှာ ဆေးဝါးတစ်ခုခုကို မရှိမဖြစ်ဆောင်ထားရတဲ့အထိ ကျန်းမာရေးချို့ယွင်းမှုတွေနဲ့ ရင်ဆိုင်နေကြရတဲ့အထိ ရောဂါတွေ ထူပြောလာနေတဲ့အနေအထားကို ရင်ဆိုင်နေကြရတာပါ။
ကျန်းမာရေးလုပ်သားနဲ့ ဆေးဝါးမှာ ရန်သူမရှိ၊ မိတ်ဆွေမရှိ၊ ခွဲခြားဆက်ဆံမှုမရှိပါ။ ဒဏ်ရာရသူကို ဆေးကုသဖို့က ကျန်းမာရေးလုပ်သားတွေရဲ့ တာဝန်ဖြစ်ပြီး ဆေးဝါးအလုံအလောက်ရရှိမှာသာ လူနာရဲ့အသက်ကို ကယ်တင်နိုင်မှာလည်း ဖြစ်ပါတယ်။
ဒီနေ့ခေတ်မှာ ဆေးဝါးဟာ လူတိုင်းအတွက် မရှိမဖြစ်လိုအပ်နေတဲ့ ပစ္စည်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် လူသားတွေရဲ့အသက်ကို အတိုင်းအတာတစ်ခုထိ ဆွဲဆန့်ပေးနိုင်တဲ့ ကျန်းမာရေးအထောက်ကူပြု ဆေးဝါးတွေကို ပိတ်ပင်တားဆီးတာမျိုးမလုပ်ဘဲ နိုင်ငံတကာကကူညီပေးနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့အစည်းတွေကိုလည်း ကန့်သတ်ထားမှုတွေ ဖြေလျှော့ပေးသင့်ပါကြောင်း DMG က တိုက်တွန်းရေးသား လိုက်ရပါတယ်။