- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
မီဒီယာကို ရန်သူသဖွယ် သတ်မှတ်လိုက်ကြပြီလား
စစ်အာဏာရှင်ခေတ်ဖြစ်တဲ့ နဝတ၊ နအဖ ခေတ်မှာတော့ ပုဂ္ဂလိက သတင်းမီဒီယာတွေကို ရှင်သန်ခွင့် မပေးခဲ့ဘဲ နေ့စဉ်သတင်းစာနဲ့ မီဒီယာလုပ်ငန်းတွေကို နိုင်ငံပိုင်ငွေကြေးတွေနဲ့ အာဏာပိုင်အဖွဲ့အစည်းက မောင်ပိုင်စီးပြီး လုပ်ဆောင်ခဲ့ကြတာတွေ ရှိပါတယ်။ အဲဒီကြားထဲမှာ စစ်အစိုးရအလိုကျမဟုတ်ရင်တောင် သူတို့ကို မဆန့်ကျင်တဲ့ ခရိုနီတချို့ကို သတင်းဂျာနယ်ထုတ်ဝေခွင့်တွေ ပေးခဲ့ဖူးပါတယ်။
07 Jun 2021
(အယ်ဒီတာ့အာဘော်)
နိုင်ငံတစ်နိုင်ငံမှာ ကွဲပြားခြားနားတဲ့ ဘယ်လိုစနစ်တွေနဲ့ အုပ်ချုပ်ပါစေ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေး မဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်ဆိုတဲ့ မဏ္ဍိုင်ကြီးသုံးရပ်ကိုတော့ မဖြစ်မနေ တည်ဆောက်ကြရပါတယ်။
အဲဒီမဏ္ဍိုင်ကြီးသုံးရပ်ရဲ့ ယိမ်းယိုင်မှု တိမ်းစောင်းမှုတွေကို ဝေဖန်ထောက်ပြတဲ့လုပ်ငန်းဟာ မီဒီယာလုပ်ငန်း (သတင်းနှင့်စာနယ်ဇင်း) ဖြစ်ပါတယ်။ အဲဒီလို ဝေဖန်ထောက်ပြမှုတွေကြောင့်လည်း အုပ်ချုပ်ရေးကဖြစ်စေ၊ ဥပဒေပြဌာန်းရေးကဖြစ်စေ၊ တရားစီရင်ရေးကဖြစ်စေ မူလ ချမှတ်ထားတဲ့ ခေတ်စနစ်နဲ့ညီတဲ့ မူဝါဒတွေကို ပြောင်းလဲချမှတ်ရတာမျိုးတွေက အနောက်နိုင်ငံတွေမှာတော့ မကြာမကြာ မြင်တွေ့ရလေ့ ရှိပါတယ်။
ဒါကြောင့်လည်း သတင်းမီဒီယာလုပ်ငန်းကို နိုင်ငံတစ်ခုရဲ့ စတုတ္ထမဏ္ဍိုင်လို့ တင်စားခေါ်ဝေါ်ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ သတင်းမီဒီယာတွေဟာ စတုတ္ထမဏ္ဍိုင်အနေနဲ့ ရှင်သန်နေရတာမဟုတ်ဘဲ အာဏာရှိလူတန်းစားတွေရဲ့ ရန်ဖက်အသွင်နဲ့ မျက်မုန်းကျိုးခံနေရပါတယ်။
စစ်အစိုးရခေတ်မတိုင်ခင် ဒီမိုကရေစီခေတ်ဦးလို့ဆိုရမယ့် ဖဆပလ ခေတ်ကတည်းက သတင်းစာတိုက်တွေကို ဝင်ရောက်စီးနင်းရှာဖွေတာမျိုးတွေ ရှိခဲ့ဖူးကြပါတယ်။
စစ်အာဏာရှင်ခေတ်ဖြစ်တဲ့ နဝတ၊ နအဖ ခေတ်မှာတော့ ပုဂ္ဂလိက သတင်းမီဒီယာတွေကို ရှင်သန်ခွင့် မပေးခဲ့ဘဲ နေ့စဉ်သတင်းစာနဲ့ မီဒီယာလုပ်ငန်းတွေကို နိုင်ငံပိုင်ငွေကြေးတွေနဲ့ အာဏာပိုင်အဖွဲ့အစည်းက မောင်ပိုင်စီးပြီး လုပ်ဆောင်ခဲ့ကြတာတွေ ရှိပါတယ်။ အဲဒီကြားထဲမှာ စစ်အစိုးရအလိုကျမဟုတ်ရင်တောင် သူတို့ကို မဆန့်ကျင်တဲ့ ခရိုနီတချို့ကို သတင်းဂျာနယ်ထုတ်ဝေခွင့်တွေ ပေးခဲ့ဖူးပါတယ်။
အဲဒီအချိန်တုန်းက နိုင်ငံခြားမှာအခြေစိုက်တဲ့ မြန်မာပိုင်းသတင်းဌာနတွေဖြစ်တဲ့ VOA, RFA, BBC နဲ့ DVB တို့ဆိုတာ စစ်အစိုးရရဲ့ မဟာရန်သူကြီးတွေလို ဖြစ်နေခဲ့တာပါ။
သတင်းမီဒီယာလုပ်ငန်းဆိုတာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV)၊ မြန်မာ့အလင်း၊ မြဝတီသတင်းဌာန (MWD) နဲ့ ကြေးမုံ တို့လို့ ဝါဒဖြန့်ချီရေးသက်သက်ကိုသာ လုပ်ဆောင်နေခြင်းကို ဆိုလိုခြင်းမဟုတ်ပါ။ အများပြည်သူ ထိခိုက်နစ်နာနေတာကို အားလုံးသိအောင် ချပြတဲ့ လုပ်ငန်းသာဖြစ်တယ်။ ဘက်လိုက်စရာ လည်းမလို၊ အရှိကိုအရှိအတိုင်း အမှန်ကိုအမှန်အတိုင်း ပြည်သူကို ချပြရန်သာ ဖြစ်ပါတယ်။
ခေတ်အဆက်ဆက် သတင်းငတ်မွတ်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတာက ပြည်သူတွေပါ။ ကိုယ့်မြို့၊ ကိုယ့်ရွာနဲ့ တစ်နာရီ ခရီးမရှိတဲ့နေရာက သတင်းကို နောက်တစ်ရက်မှ နိုင်ငံခြားမှာအခြေစိုက်တဲ့ သတင်းဌာနတွေက ကြေညာတဲ့ အခါမှ သိရတာမျိုးတွေ ကြုံခဲ့ကြရမှာပါ။ ဥပမာ - အဲဒီအချိန်အခါက နိုင်ငံ့အကြီးအကဲတစ်ယောက်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ သမီး မင်္ဂလာဆောင်(စိန်စီသောည)ကို သိခွင့်မရလိုက်လို့ ခိုးကူးခွေနဲ့ ကြည့်မိတာ ကြောင့် ထောင်ဒဏ်ချမှတ်ခံတာမျိုးအထိ သူတို့တွေက မီဒီယာတွေအပေါ် ကြောက်လန့်ခဲ့ကြတယ်။
ဆိုရိုးစကားတစ်ခု ရှိပါတယ်။ “မဟုတ်တာလုပ်ထားရင် အမှန်တရားကို အမျက်ပွားတတ်တယ်တဲ့”။ ၂၀၁၁ ကစလို့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ သတင်းမီဒီယာလုပ်ငန်းတွေကို အနည်းငယ်ဖြေလျှော့လာတာကို တွေ့လာရပြီး ပုဂ္ဂလိက သတင်းစာထုတ်ဝေခွင့်တွေကိုလည်း ခွင့်ပြုလာခဲ့ပါတယ်။ ဒါပေမဲ့လည်း သတင်းမီဒီယာ ဥပဒေပြဌာန်းလိုက်ပြီးတဲ့နောက်မှာတော့ သတင်းမီဒီယာတွေရဲ့ ဆန္ဒပြမှုတွေကို ရင်ဆိုင်ကြုံတွေ့ခဲ့ကြရ ပါသေးတယ်။
၂၀၁၅ နောက်ပိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ အာဏာရလာပြန်တော့လည်း သတင်း မီဒီယာတွေကိုနဂါးမျက်စောင်း ထိုးနေကြဆဲဖြစ်ပါတယ်။ အဲဒါကြောင့်လည်း NLD အစိုးရလက်ထက်မှာ ဖမ်းဆီးတရားစွဲဆိုခံရတဲ့ သတင်းသမားအရေအတွက်ဟာ ဦးသိန်းစိန်အစိုးရလက်ထက်မှာထက် မြင့်မားခဲ့ရတာ ဖြစ်ပါတယ်။
လက်ရှိမှာလည်း ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်မအခြေစိုက် သတင်းဌာနတွေ တစ်ခုပြီးတစ်ခု သတင်းလုပ်ငန်းလိုင်စင်တွေ ရုပ်သိမ်းခံခဲ့ရပြီး တရားမဝင်သတင်းဌာနတွေအဖြစ် ကြေငြာ ခြင်းခံနေကြရပါတယ်။ သူတို့ရဲ့သတင်းလုပ်ငန်းတွေကိုတော့ ပုန်းလျှိုးကွယ်လျှိုး လုပ်နေကြရတာကိုလည်း စိတ်မချမ်းမြေ့စရာ မြင်တွေ့နေရပြီး သတင်းမီဒီယာလွတ်လပ်မှုနှင့် ပြည်သူတွေရဲ့ သတင်းသိပိုင်ခွင့်လည်း ဆုံးရှုံးနေရပါတယ်။
လက်ရှိ စစ်ကောင်စီသည်လည်း နောင်တော့်နောင်တော်တို့ရဲ့ လမ်းစဉ်အတိုင်း မီဒီယာတွေကို ရန်သူကြီး သဖွယ် ဆက်ဆံလာတာကို မြင်တွေ့နေရပါတယ်။ ပြည်မ မီဒီယာမဟုတ်တဲ့ ဒေသတွင်းမီဒီယာ (Local Media) တွေထဲမှာတော့ DMG သတင်းဌာနဟာလည်း အတော်အသင့် အားကောင်းတဲ့ သတင်းဌာနတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ အာဏာပိုင်တွေရဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နေကြရပါပြီ။
အဓိကအချက်ကတော့ ကျောက်တော်မြို့နယ် မာလာကျေးရွာက စပါးတောင်း ၇၀၀ (အိတ် ၂၀၀ ခန့်) ကို မြန်မာစစ်တပ်က ယူဆောင် ခဲ့သည့် သတင်းကို ရေးသားဖော်ပြလို့ဆိုပြီး သတင်းထောက်တစ်ဦးနဲ့ အယ်ဒီတာအဖွဲ့ဝင်တစ်ဦးကို အမှုနှစ်ခုနဲ့ တရားစွဲဆိုခဲ့တာကြောင့်ပါ။ ဒါ့အပြင် အယ်ဒီတာချုပ်နှင့် တခြား မောင်တောအခြေစိုက်သတင်းထောက် တစ်ယောက်ကိုလည်း တရားစွဲဆိုထားပါသေးတယ်။
နောက်ထပ်လည်း မီဒီယာလိုင်စင်ကိစ္စကို ခြိမ်းခြောက်လာပြန်တော့တယ်။ အမှန်တကယ်က သတင်းမီဒီယာ လိုင်စင်က ရှိပြီးသားပါ၊ သက်တမ်းတိုးမပေးသေးသည့်အပြင် လိုင်စင်အသစ်လျှောက်တဲ့အခါလည်း ထုတ်မပေးခဲ့တာကြောင့်သာ အခက်ကြုံနေရတာ ဖြစ်ပါတယ်။ DMG သတင်းဌာနက ဒေသတွင်းသတင်းတွေကိုလည်း MRTV ဝဘ်ဆိုဒ်မှာ ၂ နှစ်နီးပါး ဖော်ပြခဲ့ဖူးတာလည်း ရှိပါတယ်။ ရခိုင်မှာ စစ်ပွဲတွေပြင်းထန်လာပြီးတဲ့နောက်ပိုင်း ထိခိုက်နစ်နာမှုတွေကို စဉ်ဆက်မပြတ် ရေးသားဖေါ်ပြလာပြီးနောက်ပိုင်းမှာတော့ DMG က သတင်းတွေကို MRTV က ဖော်ပြတာတွေ ရပ်တန့်သွားခဲ့တာပါ။
သတင်းမီဒီယာသည် ပြည်သူနဲ့အစိုးရဖြစ်ဖြစ် ပြည်သူနဲ့ ပြည်သူဖြစ်ဖြစ် အစိုးရနဲ့ သူတို့ရဲ့ ယန္တရားကိုဖြစ်ဖြစ် ချိတ်ဆက်ပေးထားတဲ့ ပေါင်းကူးတံတားတစ်ခုသာ ဖြစ်ပါတယ်။ အမှန်ကို အမှန်အတိုင်း အရှိကို အရှိအတိုင်း ပြည်သူတွေနစ်နာမှု ရှိတယ်ဆိုတာ အာဏာပိုင်အသိုင်းအဝိုင်းကသိအောင် သတင်းမီဒီယာကျင့်ဝတ်နဲ့အညီ ပြောပြရမယ့်တာဝန်အရသာ လုပ်ကြရတာဖြစ်ပါတယ်။
လက်ရှိခေတ်မှာတော့ အရင်တုန်းကပုံစံမျိုးနဲ့ မီဒီယာတွေကို ထိန်းချုပ်ထားရုံနဲ့ သတင်းတွေကို အမှောင်ချ ထားလို့ ရနိုင်မယ်ထင်ရင်တော့ မှားသွားပါလိမ့်မယ်။ အခုခေတ်မှာက ဆိုရှယ်မီဒီယာတွေ မိုဘိုင်းဖုန်းတွေက လူတန်းစေ့ အသုံးပြုနိုင်နေကြပြီမို့ မီဒီယာတွေကို ရန်သူလိုသတ်မှတ်ချေမှုန်းနိုင်ခဲ့ရင်တောင် ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို သတင်းအမှောင်ချလို့ မရနိုင်တော့ပါဘူး။
ဒါကြောင့် စစ်အာဏာရှင်တွေအနေနဲ့ သတင်းမီဒီယာတွေကို ရန်သူသဖွယ် သတ်မှတ်လိုက်ရုံနဲ့ မိမိတို့ကျူးလွန် ထားတဲ့ မတရားမှုတွေကို ဖုံးကွယ်ထားနိုင်လိမ့်မှာ မဟုတ်ဘူးဆိုတာ သတိချပ်ကြစေလိုပါတယ်။