- ရခိုင်တွင် နှစ်ပတ်အတွင်း တိုက်ပွဲဖြစ်ပွားမှု အကြိမ် ၁၀ ကျော်ထိ မြင့်တက်
- ဖိလစ်ပိုင်သင်္ဘောက တရုတ်သင်္ဘောကို တမင် ဝင်တိုးခဲ့သည်ဟု တရုတ်ပြော
- ရုရှားသည် မိမိတို့ဘက်မှ ခိုင်ခိုင်မာမာ ရပ်တည်နေကြောင်း စစ်ခေါင်းဆောင်ပြော
- ပုသိမ်ထောင်ရောက် ရခိုင်အကျဉ်းသားများ ကျန်းမာရေးစောင့်မှုလိုအပ်နေ
- ရခိုင်တွင် ၃ လအတွင်း စစ်ကောင်စီလက်ချက်ကြောင့် ဒေသခံ ၃၀၀ ကျော် သေဆုံးဒဏ်ရာရ
ဆင်းရဲငတ်မွတ်မှုဒဏ်ကို ဖြတ်ကျော်ရမယ့် ရခိုင်ပြည်သူတွေ
အာရက္ခတပ်တော် (AA)နဲ့ စစ်ခင်းနေတဲ့ စစ်ကောင်စီရဲ့ ပိတ်ဆို့ဖြတ်တောက်မှုတွေဟာ စစ်ရေးအရ ထိရောက်မှုမရှိဘဲ ရခိုင်ပြည်အတွင်းက သိန်းနဲ့ချီတဲ့လူထုအပေါ် စားနပ်ရိက္ခာရရှိနိုင်ဖို့ ဆိုးဝါးတဲ့အကျပ်အတည်းကို သက်ရောက်စေခဲ့တာပါ။
28 Nov 2024
အယ်ဒီတာ့အာဘော်
ရခိုင်တိုက်ပွဲဟာ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့မှာ နှစ်ပတ်လည်ခဲ့ပါပြီ။ တနည်းပြောရရင် စစ်ကောင်စီဟာ ရခိုင်ပြည်ကို စားနပ်ရိက္ခာနှင့် ကုန်စည်စီးဆင်းမှုကို ဖြတ်တောက်ထားတာ တစ်နှစ်ပြည့်ခဲ့တာဖြစ်ပါတယ်။
တိုက်ပွဲစတင်ချိန်ကနေ စစ်ကောင်စီဟာ ဖြတ်လေးဖြတ်ဗျူဟာအရ ရခိုင်ပြည်ရဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေကို ပိတ်ဆို့လိုက်တာပါ။ ဒါကြောင့် ရခိုင်ပြည်ကို ကုန်စည်ဝင်ရောက်မှု ရပ်တန့်သွားပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ လူသုံးကုန်ပစ္စည်းတွေ ရှားပါးသွားခဲ့ပါတယ်။
အာရက္ခတပ်တော် (AA)နဲ့ စစ်ခင်းနေတဲ့ စစ်ကောင်စီရဲ့ ပိတ်ဆို့ဖြတ်တောက်မှုတွေဟာ စစ်ရေးအရ ထိရောက်မှုမရှိဘဲ ရခိုင်ပြည်အတွင်းက သိန်းနဲ့ချီတဲ့လူထုအပေါ် စားနပ်ရိက္ခာရရှိနိုင်ဖို့ ဆိုးဝါးတဲ့အကျပ်အတည်းကို သက်ရောက်စေခဲ့တာပါ။
တိုက်ပွဲတစ်နှစ်တာကာလအတွင်း မွတ်ဆလင်တွေအပါအဝင် ရခိုင်ပြည်အတွင်းမှာနေထိုင်တဲ့ လူဦးရေ ၆ သိန်းလောက်ဟာ စစ်ဘေးရှောင်တိမ်းနေရပြီး အလှူရှင်တွေ၊ လူမှုအဖွဲ့အစည်းတွေ၊ လူသားချင်းစာနာမှု အေဂျင်စီတွေအပေါ် အမှီပြုပြီး ရှင်သန်ရပ်တည်နေကြရပါတယ်။
လက်ရှိမှာ ရခိုင်ပြည်အတွင်းက မြို့နယ် ၁၀ ခုကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ ရခိုင်ပြည် တောင်ပိုင်းဒေသက မြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာကြောင့် စစ်ဘေးရှောင်ဦးရေ ထပ်တိုးလာနေပါတယ်။
ဒါပေမဲ့ ပဋိပက္ခတွေနဲ့ စစ်ကောင်စီရဲ့ ဖိအားပေးမှုတွေကြောင့် ရခိုင်ပြည်ကနေ အန်ဂျီအိုအဖွဲ့အစည်းတွေ စွန့်ခွာနေရတဲ့အခြေအနေက အကူအညီလိုအပ်နေသူတွေရဲ့ ဒုက္ခတွေကို ပိုမိုကြီးထွားလာစေတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က ထောက်ပြထားပါတယ်။
ရခိုင်ပြည်အတွင်းမှာ လတ်တလောရိက္ခာအခက်အခဲကို မဖြေရှင်းနိုင်ဘူးဆိုရင် လာမယ့် ၂၀၂၅ နှစ်လယ်ပိုင်းမှာ လူဦးရေ ၂ သန်းကျော်ဟာ အငတ်ဘေးနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP)က မကြာသေးမီက သတိပေးထားပါတယ်။
ပြည်တွင်းပြည်ပ ကုန်သွယ်မှုအားလုံး ရပ်ဆိုင်းလုနီးပါးဖြစ်နေတဲ့အတွက် ပြည်နယ်ရဲ့ လူဦးရေ ၉၅ ရာခိုင်နှုန်းလောက်ကို အန္တရာယ်ကျရောက်စေနိုင်တယ်လို့ UNDP က ထောက်ပြပါတယ်။
ရခိုင်ပြည်အတွင်းမှာ နေထိုင်သူအများစုဟာ လတ်တလောမှာ အင်တာနက်မရရှိတဲ့အတွက် ဒီသတိပေးချက်ကို မသိနိုင်ကြပါဘူး။
ဗဟိုချုပ်ကိုင်မှုအာဏာကိုဆန့်ကျင်တော်လှန်တဲ့ ရှည်လျားလှသောသမိုင်းကြောင်းရှိတဲ့ ကချင်၊ ကရင်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တို့လို တိုင်းရင်းသားဒေသတွေကို စစ်ကောင်စီက အငြိုးတေးထားပြီးတော့ အဓိကပစ်မှတ်တွေအဖြစ် တိုက်ခိုက်နေတယ်လို့ သွေးစွန်းငွေအဖွဲ့က ထောက်ပြထားပါတယ်။
စစ်ကောင်စီအနေနဲ့ကတော့ စစ်ရေးအရ အရှုံးနဲ့ရင်ဆိုင်နေရတာကြောင့် ရခိုင်ပြည်ကို ပိတ်ဆို့မှုတွေ ဆက်လုပ်ထားပြီး လူထုကို အငတ်ဘေးထဲရောက်အောင် တွန်းပို့သွားမယ်ဆိုတာ သေချာနေပါတယ်။
ဒါဟာ စစ်ကောင်စီအနေနဲ့ ရခိုင်ပြည်မှာ လူသားတွေအပေါ်မှာ ကျူးလွန်တဲ့ပြစ်မှု (crime against humanity) ကို ကျူးလွန်နေတာလည်း ဖြစ်ပါတယ်။
ခန့်မှန်းချက်တွေအရ လာမယ့် ၂၀၂၅ ခုနှစ် မတ်လကနေ ဧပြီလအတွင်း ပြည်တွင်းစားသောက်ကုန် ထုတ်လုပ်မှုဟာ ပြည်နယ်ရိက္ခာလိုအပ်ချက်ရဲ့ ၂၀ ရာခိုင်နှုန်းကိုသာ ဖြည့်ဆည်းပေးနိုင်မယ်လို့ UNDP က ဆိုထားပါတယ်။
ဒါကြောင့် ပြည်တွင်းထုတ်လုပ်မှုတွေကို မြင့်တင်ဖို့နဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေကို တိုးမြှင့်ရှာဖွေဖို့ မဖြစ်မနေ လိုအပ်နေတာလည်းဖြစ်ပါတယ်။