- တိုက်ပွဲစတင်လာ၍ စစ်တွေတွင် လေယာဉ်လက်မှတ် ဝယ်ယူသူများနေ
- ဖမ်းမိထားသည့် ဒဏ်ရာရ မြောက်ကိုရီးယားစစ်သား အများအပြား သေဆုံးမှုများ ရှိနေကြောင်း ယူကရိန်းသမ္မတပြော
- ကျောက်ဖြူတွင် စစ်ဘေးရှောင် ၆,၀၀၀ ခန့် အရေးပေါ်အကူအညီ လိုအပ်နေ
- ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို မျက်ကွယ်ပြုနေကြသည်ဟု စစ်ခေါင်းဆောင်ဖွင့်ဟ
- စစ်တွေမြို့နယ်ရှိ စစ်ကောင်စီစခန်းကို AA တိုက်ခိုက်
အားသစ်လောင်းလာသည့် အိန္ဒိယ-မြန်မာ စစ်ဘက်ဆက်ဆံရေး
မြန်မာ့တပ်မတော်၏ ဆက်ဆံရေးအပေါ် အိန္ဒိယဘက်က အလေးထားမှုပြသခဲ့သလို လက်နက်ကိုင်များအား တိုက်ပွဲများဆင်နွှဲရာတွင်လည်း တပ်မတော်အား လက်နက်ခဲ့ယမ်းများ ထောက်ပံ့ခဲ့သည်။ အပြန်အလှန်အားဖြင့် နေပြည်တော်ကလည်း အိန္ဒိယ၏ “အရှေ့မျှော်” ပေါ်လစီအား အားပေးကူညီမှုများ ဆောင်ရွက်ပေးခဲ့သည်။ အိန္ဒိယသည် ၎င်း၏ အရှေ့မျှော်ပေါ်လစီဖြင့် အိန္ဒိယမှ အရှေ့တောင်အာရှ ဒေသတွင်းအထိ ကုန်သွယ်ရေးလမ်းကြောင်းသစ် ဖွင့်လှစ်ရန် စီစဉ်ထားသဖြင့် မြန်မာနိုင်ငံတွင်း တရုတ်၏ လွှမ်းမိုးမှုအား တန်ပြန်နိုင်ရန် ရည်ရွယ်လျက်ရှိသည်။
12 Mar 2020
မြန်မာသမ္မတဦးဝင်းမြင့်သည် အိန္ဒိယနိုင်ငံသို့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ အလည်အပတ် သွားရောက်ခဲ့သည်။ ယခုခရီးစဉ်သည် အပေါ်ယံအားဖြင့် ကြည့်လျှင် နှစ်နိုင်ငံ အဆင့်မြင့်ခေါင်းဆောင်များ၏ သံတမန်ခရီးစဉ်တစ်ခုထက် အနည်းငယ်ပိုသည်ဆိုရုံမျှသာ ရှိသည်။
သို့သော်လည်း ဤခရီးစဉ်သည် အိန္ဒိယ-မြန်မာ ဆက်ဆံရေး အတက်ကာလတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။ နှစ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မကြုံစဖူးပူးပေါင်းဆောင်ရွက်ချက်အဖြစ် အိန္ဒိယ-မြန်မာ နယ်စပ်ဒေသတွင် ရှိနေသည့် လက်နက်ကိုင်အုပ်စုများအား နယ်မြေရှင်းလင်းရေးများ ဆောင်ရွက်မှုကြောင့် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်လျက်ရှိသည်။
မြန်မာသည် ၎င်း၏ နယ်စပ်တွင်ခိုလှုံကာ အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင်များအား နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများ ပြုလုပ်နေသည့် တိုင်းရင်းသားလက်နက်ကိုင်များအရေးအား ကိုယ်တွယ်ဖြေရှင်းလိုခြင်း မရှိပေ။ ထိုအချက်သည် နှစ်ဘက်ဆက်ဆံရေးအတွက် အဟန့်အတားတစ်ခု ဖြစ်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။
သို့သော်လည်း မြန်မာအစိုးရသည် တရုတ်၏လွှမ်းမိုးမှုအား ချိန်ခွင်လျှာညှိရန်အတွက် ပါဝါကြီးနိုင်ငံ နောက်တစ်နိုင်ငံဖြစ်သည့် အိန္ဒိယသို့ ခြေဦးလှည့်လာသည်နှင့်အမျှ မကြာသေးမီကာလများအတွင်း နယ်စပ်ဆက်ဆံရေး အခြေအနေသည် ကောင်းမွန်လာပြီး ကုန်သွယ်ရေးနှင့် ထောက်ပံ့ရေးအကူအညီများသည် တိုးတက်မှုများ ရှိလာခဲ့သည်။
မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး ခြေလှမ်းသစ်အဖြစ် ၂၀၁၉ ဇန်နဝါရီ၌ မြန်မာစစ်တပ်သည် နာဂလန်းနှင့် တခြား အိန္ဒိယအရှေ့မြောက်ပိုင်း ပြည်နယ်များရှိ တိုင်းရင်းသားလက်နက်ကိုင် သူပုန်များအား မြန်မာပြည်မြောက်ပိုင်း စစ်ကိုင်းတိုင်းတွင် အခြေချထားသည့် ၎င်းတို့၏ ဌာနချုပ်များမှ တိုက်ထုတ်ခဲ့သည်။
မြန်မာတိုင်းရင်းသား နာဂလူမျိုးအများစု ပါဝင်သည့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (ခပ်လန်း) (NSCN-K) အဖွဲ့သည် အိန္ဒိယအရှေ့မြောက်ပိုင်းရှိ အစိုးရ လုံခြုံရေးတပ်ဖွဲ့များအား ခြုံခိုတိုက်ခိုက်မှုများ ပြုလုပ်နေသည့် အာသံနှင့် မဏိပူရှိ လက်နက်ကိုင်များအား ခိုလှုံခွင့်ပေးထားသည်။ အဆိုပါလက်နက်ကိုင်များသည် ထိုနေရာများတွင် လက်နက်အင်အား လူအင်အားဖြည့်တင်းက အိန္ဒိယတပ်များအား နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများ ဆောင်ရွက်နေခြင်းဖြစ်သည်။
၂၀၁၉ နိုဝင်ဘာ၌ မြန်မာစစ်တပ်သည် မဏိပူရနယ်မြေသို့ ဝင်ရောက်ပြီး နောက်ထပ် နာဂအဖွဲ့ခွဲတစ်ခုဖြစ်သည့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ - အီဆက်နှင့် မူဗီယာ (NSCN-IM) အကြွင်းအကျန်များအား နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့သည်။
မြန်မာအာဏာပိုင်များသည် ထိုကဲ့သို့သောစခန်းများ ၎င်းတို့၏နယ်မြေအတွင်း၌ တည်ရှိနေသည်ကို ဝန်မခံဘဲ ငြင်းဆန်ထားသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။
၂၀၁၅ ဇွန်လတွင် အိန္ဒိယသည် မြန်မာနယ်စပ်ရှိ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (ခပ်လန်း) (NSCN-K) နှင့် မဟာမိတ်များအား နယ်မြေရှင်းလင်းရေးများ ဆောင်ရွက်ခဲ့သည်။ မေလအတွင်းက မဏိပူရ၌ ခြုံခိုတိုက်ခိုက်ခံရမှုကြောင့် အိန္ဒိယတပ်ဖွဲ့ဝင် ၁၉ ဦး သေဆုံးခဲ့ရမှုကို လက်တုံ့ပြန်သည့်အနေနှင့် စစ်ဆင်ရေးများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ထိုစစ်ဆင်ရေးအား နေပြည်တော်က တရားဝင်ထုတ်ဖော်ပြောကြားခြင်း မပြုခဲ့သော်လည်း စစ်ကိုင်းတိုင်းအတွင်း၌ အိန္ဒိယလက်နက်ကိုင် သူပုန်များ ရှိနေခြင်းကိုမူ မျက်ကွယ်ပြုထားရန် မဖြစ်နိုင်တော့ပေ။
အစဉ်အဆက် ငြင်းဆိုလာခဲ့ရာမှ ယခုအသိအမှတ်ပြုသည့် အဆင့်သို့ ရောက်လာခဲ့သည့် မြန်မာအစိုးရ၏ အပြောင်းအလဲသည် တိုက်ဆိုင်မှုတော့ မဟုတ်ပေ။ ထို့အပြင် ယခုအပြောင်းအလဲသည် မြန်မာ့တပ်မတော်က တရုတ်၏လွှမ်းမိုးမှု မြင့်တက်လာခြင်းကို ချိန်ညှိရန်အတွင် စစ်ရေးမဟာမိတ် အသစ် ရှာဖွေလျက်ရှိစဉ် ပေါ်ထွက်လာခြင်းဖြစ်သည်။
မြန်မာ့တပ်မတော်၏ ဆက်ဆံရေးအပေါ် အိန္ဒိယဘက်က အလေးထားမှုပြသခဲ့သလို လက်နက်ကိုင်များအား တိုက်ပွဲများဆင်နွှဲရာတွင်လည်း တပ်မတော်အား လက်နက်ခဲ့ယမ်းများ ထောက်ပံ့ခဲ့သည်။ အပြန်အလှန်အားဖြင့် နေပြည်တော်ကလည်း အိန္ဒိယ၏ “အရှေ့မျှော်” ပေါ်လစီအား အားပေးကူညီမှုများ ဆောင်ရွက်ပေးခဲ့သည်။ အိန္ဒိယသည် ၎င်း၏ အရှေ့မျှော်ပေါ်လစီဖြင့် အိန္ဒိယမှ အရှေ့တောင်အာရှ ဒေသတွင်းအထိ ကုန်သွယ်ရေးလမ်းကြောင်းသစ် ဖွင့်လှစ်ရန် စီစဉ်ထားသဖြင့် မြန်မာနိုင်ငံတွင်း တရုတ်၏ လွှမ်းမိုးမှုအား တန်ပြန်နိုင်ရန် ရည်ရွယ်လျက်ရှိသည်။
အခြားတစ်ဘက်တွင်လည်း မြန်မာ့တပ်မတော်က မျက်ကွယ်ပြုထားသည့် အိန္ဒိယလက်နက်ကိုင် သူပုန်များအား မြန်မာဘက်ခြမ်းမှ ဒေသခံများ၏ မနှစ်သက်မှုများမှာ တိုးလာလျက်ရှိနေသည်။ ပြီးခဲ့သောဒီဇင်ဘာလ၌ ချင်းပြည်နယ် တီးတိန်မြို့တွင် ဒေသခံ အဖွဲ့အစည်း ၂၈ ဖွဲ့ ပူးပေါင်းကာ ဆန္ဒထုတ်ဖော်မှုတစ်ခု ပြုလုပ်ခဲ့သည်။ အဆိုပါ ဆန္ဒထုတ်ဖော်ပွဲ၌ ဒေသတွင်းရှိ မဏိပူခွဲထွက်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်နေကြသည့် ကသည်းသူပုန်စခန်းများအား အမြစ်ဖြုတ်ချေမှုန်းပေးရန် မြန်မာ့တပ်မတော်အား တောင်းဆိုခဲ့ကြသည်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲသည် ချင်းပြည်နယ် တွန်းဇံမြို့ရှိ အထင်ကရ ကျောင်းဆရာမတစ်ဦးအား ကသည်းသူပုန်များ သတ်ဖြတ်လိုက်သည်ကို မကျေနပ်ကြသဖြင့် ပေါ်ပေါက်လာခြင်းဖြစ်သည်။
ချင်းပြည်နယ် မြောက်ပိုင်းရှိ တောအုပ်များတွင် မဏိပူခွဲထွက်ရေး တပ်ဖွဲ့ဝင် ၁၅၀၀ ခန့် ခိုအောင်းနေထိုင်လျက်ရှိကြောင်း အိန္ဒိယဝက်ဘ်ဆိုက် The Wire တွင် ဖော်ပြချက်အရ သိရသည်။ မဏိပူခွဲထွက်ရေးသူပုန်များသည် မြန်မာဘက်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ငွေကြေးအမြောက်အမြား ပုံမှန်ပေးထားသဖြင့် တပ်မတော်က သူပုန်ရှင်းလင်းရေး မလုပ်ဆောင်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်ဟု The Wire တွင် ဖော်ပြထားသည်။
ဒေသခံနိုင်ငံရေးသမားများနှင့် ဘာသာရေးခေါင်းဆောင်များသည် အဆိုပါဒေသ၌ ဘိန်းစိုက်ပျိုးရေးများ ဆောင်ရွက်နေသည့် ကသည်းသူပုန်အုပ်စုများအား မောင်းထုတ်ပေးရန် ဗဟိုအစိုးရအား တောင်းဆိုထားသည်မှာ နှစ်နှင့်ချီကြာမြင့်နေပြီဖြစ်သည်။ တီးတိန်ရှိ လူမှုရေးအသင်းအဖွဲ့ ၂၈ ဖွဲ့ ပူးပေါင်းထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်အရ အဆိုပါဒေသ၌ ဘိန်းစိုက်ခင်းဧရိယာပေါင်း ၁၆၂၀ ဟက်တာ (ဧက ၄၀၀၀ ခန့်) ခန့်ရှိနေပြီဖြစ်ပြီး ငွေကြေးမတတ်နိုင်သည့် လယ်သမားများအား အဆိုပါစိုက်ခင်းများတွင် အလုပ်သမားအဖြစ် ငှားရမ်းထားကြောင်း သိရသည်။
ချင်းပြည်တောင်ပိုင်း ပလက်ဝမြို့နယ်မှတစ်ဆင့် အခြားနေရာများသို့ ပျံ့နှံ့လာသည့် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) အကြား ဖြစ်ပွားနေသည့် ပြင်းထန်သော တိုက်ပွဲများသည်လည်း ထည့်တွက်ရမည့် လုံခြုံရေးပြဿနာတစ်ရပ် ဖြစ်သည်။ AA သည် ပလက်ဝတစ်ဝိုက်ရှိ တောအုပ်များ၌ ယာယီစခန်းများ ခြေကုပ်ယူထားသည်။ ပြီးခဲ့သောနှစ်ကလည်း AA သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင် လွှတ်တော်အမတ် ဦးဝှေ့တင်းအား ဖမ်းဆီးခဲ့ပြီး ၇၉ ရက်ကြာမှ ပြန်လွှတ်ပေးခဲ့သည်။
ချင်းပြည်နယ်သည် မြန်မာနိုင်ငံ၌ ပြင်းထန်သောလက်နက်ကိုင်တိုက်ပွဲများ မရှိသည့် တစ်ခုတည်းသော တိုင်းရင်းသားနယ်မြေဖြစ်သည်။ ဝေးလံခေါင်သီလှသည့် အဆိုပါဒေသသည် အိန္ဒိလက်နက်ကိုင် သူပုန်များအတွက်လည်း ခိုအောင်းရန်အဆင်ပြေသည့် နေရာတစ်ခုဖြစ်သည်။ ချင်းပြည်နယ်တွင် ဘာသာစကားမျိုးကွဲပေါင်း ဒါဇင်နှင့်ချီရှိပြီး မျိုးနွယ်စုအချင်းချင်းလည်း အဆိုပါ ဘာသာစကားများအား နားမလည်ကြပေ။
၁၉၈၀ နှောင်းပိုင်းကာလများတွင် ဇိုရိုခေါ် ဇိုမီးပြန်လည်ပေါင်းစည်းရေး အဖွဲ့အစည်း၏ လှုပ်ရှားမှုများသည် အားကောင်းလာခဲ့သည်။ ထိုအဖွဲ့၏ အဓိကရည်ရွယ်ချက်မှာ ချင်းပြည်နယ်အား အိန္ဒိယအရှေ့မြောက်ပိုင်းရှိ မီဇိုရမ်ပြည်နယ်နှင့် ပေါင်းစည်းရန်ဖြစ်သည်။
ချင်းတိုင်းရင်းသားများသည် လူမျိုးစုအားဖြင့် မီဇိုရမ်ရှိ တောင်ပေါ်မီဇိုတိုင်းရင်းသားများနှင့် ဆက်နွယ်နေသော်လည်း ဇိုရိုအဖွဲ့၏ ပြည်နယ်ပေါင်းစည်းရေးမျှော်လင့်ချက်မှာ အကောင်အထည် မပေါ်ခဲ့ပေ။ ၎င်းကာလ၌ပင် ချင်းလူမျိုးအချို့သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် တပ်မတော်အား ရင်ဆိုင်တိုက်ခိုက်ရန် ချင်းအမျိုးသားတပ်ဦး (CNF) ကိုဖွဲ့စည်းခဲ့ကြသည်။ CNF သည် ၂၀၁၅ အောက်တိုဘာတွင် မြန်မာအစိုးရနှင့် နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး (NCA) စာချုပ်တွင် လက်မှတ်ရေးထိုးပြီး အပစ်အခတ်ရပ်စဲခဲ့သည်။ အဆိုပါစာချုပ်အရ CNF သည် ချင်းပြည်နယ်တွင် ကျေးရွာသုံးရွာ၌ တရားဝင်အခြေစိုက် စခန်းချခွင့် ရရှိခဲ့သည်။
ဖေဖော်ဝါရီလ အစောပိုင်းက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ချင်းပြည်နယ်သို့ အလည်အပတ်ခရီးစဉ် သွားရောက်စဉ် “ချင်းပြည်နယ်တွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များသည် တခြားပြည်နယ်များလောက် မများသဖြင့် ပြည်သူလူထုအား အန္တရာယ်ပေးနိုင်သည့် အခြေအနေ မရှိ” ဟု ပြောကြားခဲ့သည်။
သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် ထည့်သွင်းပြောကြားခဲ့ခြင်း မရှိသည့်အချက်တစ်ချက် ရှိသည်။ ချင်းပြည်နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်များ ပေါ်ပေါ်ထင်ထင် မရှိကြသော်လည်း ၁၉၈၀ နှောင်းပိုင်းကာလများတည်းက မြန်မာ့တပ်မတော်၏ နယ်မြေကြီးစိုးမှု များသထက်များလာသည် ဆိုသောအချက်ဖြစ်သည်။
၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံတွင် ပါဝင်လှုပ်ရှားခဲ့သည့် ချင်းလူမျိုး အများအပြားရှိခဲ့သည်။ အရေးတော်ပုံအား တပ်မတော်က စိစိညက်ညက်ကြေအောင် နှိမ်နင်းလိုက်သည့်နောက်တွင် ၎င်းတို့သည် ချင်းပြည်နယ်စပ်မှတစ်ဆင့် အိန္ဒိယသို့ တိမ်းရှောင်သွားကြသည်။
လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့၏ ၂၀၀၉ ဇန်နဝါရီတွင် ထုတ်ပြန်ချက်အရ ဆိုလျှင် ၁၉၈၈ ရှေ့ပိုင်းနှစ်များတွင် ချင်းပြည်နယ်၌ တပ်မတော်တပ်ရင်းများ အခြေမစိုက်သေးပေ။ ဝင်ရောက်လှုပ်ရှားနေသော တပ်ရင်းနှစ်ခုသာရှိသည်။ တပ်မတော်က ဝင်ရောက်တပ်စွဲပြီးသည့်နောက်ပိုင်း၌ ချင်းပြည်နယ်တွင် တပ်ရင်း ၉ ခုအထိရှိလာကာ ဆက်စပ်နေသည့် ဒေသများ၌ တပ်ဖြန့်ထားသော တပ်သားအင်အားစုစုပေါင်းမှာလည်း ၇၀၀၀ အထိရှိလာခဲ့သည်။
အစိုးရတပ်များ စုပြုံလာမှု၊ ဆင်းရဲမွဲတေမှုနှင့် စီးပွားရေး မဖွံ့ဖြိုးမှုတို့ကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ခိုလှုံသွားသော ချင်း ဒုက္ခသည်အရေအတွက်မှာ ငါးသောင်းနှင့် တစ်သိန်းကြားရှိသည်။ မျိုးနွယ်စုချင်း နီးစပ်မှုရှိသော်လည်း မီဇိုများထံတွင် နှိမ့်ချဆက်ဆံခံရသည်ဟု ခံစားကြရသော ချင်းလူမျိုးအများအပြားသည် အိန္ဒိယနိုင်ငံ အပါအဝင် နိုင်ငံပြင်ပ မလေးရှားနှင့် အရှေ့တောင်အာရှရှိ အခြားနေရာများသို့ ထွက်ခွာမှုများလည်း ရှိကြသည်။
သမ္မတဦးဝင်းမြင့်၏ အိန္ဒိယခရီးစဉ်၌ ဤအရေးကိစ္စများအား မည်မျှအတိုင်းအတာအထိ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြမည်လဲ ဆိုသည်မှာ မရေရာပေ။ သို့သော်လည်း နှစ်ဘက်လုံးက မေ့ဖျောက်ထားကြသော်လည်း အကဲဆတ်လွယ်သည့် နှစ်နိုင်ငံကြား နယ်စပ်ဧရိယာအရေးမှာမူ အိန္ဒိယ၏ အရှေ့မျှော်ပေါ်လစီအတွက် ရှောင်လွှဲမရသော အဟန့်အတားတစ်ခုအဖြစ် တည်ရှိနေဆဲဖြစ်သည်။ နှစ်နိုင်ငံလုံးမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည်လည်း ထိုဒေသတွင် ဝင်ရောက်လှုပ်ရှားနေကြဆဲ ဖြစ်လေသည်။
စောသန္တာအေး
(Asia Times တွင်ဖော်ပြထားသည့် ဆောင်းပါးရှင် Bertil Lintner ၏ Myanmar, India give better ties a fighting chance ကို ဆီလျော်အောင် ကောက်နုတ်ပြန်ဆိုပါသည်။)
ဆက်စပ်ဖတ်ရှုရန် -
■ သူပုန်နှိမ်နင်းရာတွင် မြန်မာ၏ပူးပေါင်းဆောင်ရွက်မှုကို အိန္ဒိယအလေးထားဟု ဝန်ကြီးချုပ်မိုဒီ ပြော
■ ရခိုင်ပြည်တပ်မတော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်ရာဇာ ကျဆုံးခြင်း နှစ်(၂၀) ပြည့်
■ မြန်မာ-အိန္ဒိယ နယ်စပ်လုံခြုံရေးနှင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်မည်