ယူကေစစ်တပ်၏ နောက်ဆုံးလေယာဉ် အာဖဂန်မှ အပြီးသတ်ထွက်ခွာ

အာဖဂန်နစ္စတန်နိုင်ငံမှ ရုတ်သိမ်းလျက်ရှိသည့် ယူကေတပ်ဖွဲ့ဝင်များ၏ နောက်ဆုံးလေယာဉ်သည် သြဂုတ်လ ၂၈ ရက်၊ စနေနေ့တွင် ထွက်ခွာခဲ့ပြီဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

30 Aug 2021

ဓာတ်ပုံ - AFP

DMG ၊ ဩဂုတ် ၃၀

အာဖဂန်နစ္စတန်နိုင်ငံမှ ရုတ်သိမ်းလျက်ရှိသည့် ယူကေတပ်ဖွဲ့ဝင်များ၏ နောက်ဆုံးလေယာဉ်သည် သြဂုတ်လ ၂၈ ရက်၊ စနေနေ့တွင် ထွက်ခွာခဲ့ပြီဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

“ယူကေ တပ်ဖွဲ့ဝင်များကို သယ်ဆောင်လာသည့် နောက်ဆုံးလေကြောင်းခရီးစဉ်သည် ကာဘူးမှ ထွက်ခွာလာပါပြီ” ဟု ယူကေ ကာကွယ်ရေးဝန်ကြီးဌာန၏ တွစ်တာတွင် ဖော်ပြသည်။

“ထိခိုက်အလွယ်ဆုံး အရပ်သားများအား ဘေးကင်းရာသို့ ပို့ဆောင်ပေးနိုင်ရေးအတွက် မြောက်မြားစွာသော ဖိအားများနှင့် ဆိုးရွားကြောက်မက်ဖွယ် အခြေအနေများကြားမှ ရဲဝံ့စွာ တာဝန်ထမ်းဆောင်ခဲ့ကြသူများ အားလုံးကို ကျေးဇူးတင်ပါသည်” ဟုလည်း ဗြိတိန်တပ်ဖွဲ့ဝင်များအား ဝန်ကြီဌာနက ဂုဏ်ပြုရေးသားထားသည်။

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကလည်း ကယ်ဆယ်ရေးလုပ်ငန်းတွင် ပါဝင်သူများကို ကျေးဇူးတင်ကြောင်း ပြောကြားသလို လူပေါင်း ၁၅၀၀၀ ကို နှစ်ပတ်ထက်နည်းသည့် ကာလအတွင်း ကူညီပေးနိုင်ခဲ့သည်ဟု ဆိုသည်။

“ပါဝင်ပတ်သက်နေသူ အားလုံးနဲ့တကွ ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုအတွင်း တာဝန်ထမ်းဆောင်ခဲ့သူ ထောင်နဲ့ချီပြီး ရှိခဲ့သူတွေကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့ရဲ့ စွမ်းဆောင်မှုတွေအတွက် ဂုဏ်ယူသင့်ပါတယ်” ဆိုရှယ်မီဒီယာတွင် မျှဝေသည့် စာ၌ ဝန်ကြီးချုပ်က ရေးသားဖော်ပြထားသည်။

ဗြိတိသျှတို့၏ ကာဘူးမှထွက်ခွာသည့် နောက်ဆုံးလေယာဉ်များအနက် ခွေးနှင့်ကြောင် အကောင် ၂၀၀ ခန့်ပါဝင်သည့် သီးသန့်လေယာဉ်တစ်စင်းလည်း ပါဝင်သည်။ ကာဘူးရှိ ဗြိတိသျှတို့ဦးစီးသည့် တိရစ္ဆာန်ကူညီကယ်ဆယ်ရေး အဖွဲ့မှ  ကယ်ထုတ်လာခြင်းဖြစ်သည်။

အဆိုပါလုပ်ရပ်နှင့် ပတ်သက်၍ တိုင်းမ် မဂ္ဂဇင်းက “အမေရိကန်တို့က အလောင်း ၁၃ လောင်းကို သယ်ထုတ်ရချိန်၌ (ဤအဖွဲ့သည်) ၎င်းတို့၏ အာဖဂန်ဝန်ထမ်းများကို စွန့်ပစ်ခဲ့ရုံသာမက ၎င်း၏လေယာဉ်တွင် ခွေးများ အပြည့်တင်ဆောင်သွားသည်” ဟု ဖော်ပြသည်။