အဓမ္မပြုကျင့်မှု ၂၄ မှုအထိ ကျူးလွန်ခဲ့သည်ဟု ယူဆရသော ဗြိတိန်ရဲအရာရှိတစ်ဦးကို ရုံးတင်စစ်ဆေး

အသက် ၄၈ နှစ်အရွယ် အရာရှိ ဒေးဗစ်ကယ်ရစ်သည် အဓမ္မပြုကျင့်မှု ၂၄ မှု၊ မှားယွင်းအကျဉ်းချမှု၊ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးအား ၂၀၀၃ ခုနှစ်က မဖွယ်မရာ စော်ကားမှုတို့အတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့သည်။

By Admin 17 Jan 2023

အဓမ္မပြုကျင့်မှု ၂၄ မှုအထိ ကျူးလွန်ခဲ့သည်ဟု ယူဆရသော ဗြိတိန်ရဲအရာရှိတစ်ဦးကို ရုံးတင်စစ်ဆေး

ဓာတ်ပုံ - Evening Standard

နှစ်ပေါင်း ၂၀ ခန့်အတွင်း အဓမ္မပြုကျင့်မှု ၂၄ မှုအထိကျူးလွန်ခဲ့ပြီး လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုများလည်း အများအပြား ရှိခဲ့သည့် ရဲအရာရှိတစ်ဦးအား တနင်္လာနေ့က လန်ဒန်တရားရုံးတွင် စစ်ဆေးခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အသက် ၄၈ နှစ်အရွယ် အရာရှိ ဒေးဗစ်ကယ်ရစ်သည် အဓမ္မပြုကျင့်မှု ၂၄ မှု၊ မှားယွင်းအကျဉ်းချမှု၊ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးအား ၂၀၀၃ ခုနှစ်က မဖွယ်မရာ စော်ကားမှုတို့အတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့သည်။

မက်ထရိုပိုလစ်တန်ရဲတပ်ဖွဲ့ အကြီးအကဲ မာ့ခ်ရောက်လီက ကယ်ရစ်၏သားကောင် ဖြစ်ခဲ့ရသူများကို တောင်းပန်ခဲ့ပြီး ကယ်ရစ်သည် ရွံရှာဖွယ်အကောင်းဆုံး အပြုအမူဖြင့် အမျိုးသမီးများအပေါ် ပြစ်မှုကျူးလွန်ခဲ့ကာ ဥပဒေ၏အားနည်းချက်များကြောင့် ပြစ်ဒဏ်မှ လွတ်မြောက်နေခဲ့သည်ဟု ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ကျရှုံးခဲ့ပါတယ်။ ဒီအတွက် ကျွန်တော်တောင်းပန်ပါတယ်။ သူဟာ ရဲအရာရှိ မဖြစ်ခဲ့သင့်တဲ့သူပါ”  ဟု ရောက်လီက ကြေညာချက်တစ်စောင်၌ ထည့်သွင်းပြောကြားထားသည်။

စစ်သားဟောင်းတစ်ဦးဖြစ်သူ ဒေးဗစ်ကယ်ရစ်၏ ရာထူးသက်တမ်း တစ်လျှောက် ဆောင်ရွက်ချက်များကို ရဲတပ်ဖွဲ့က အသေးစိတ် စစ်ဆေးခဲ့ရာ၌ သူသည် ရဲတပ်ဖွဲ့သို့ မဝင်မီနှင့် ဝင်ပြီး တစ်လျှောက် တာဝန်ပြင်ပ ဖြစ်ရပ်များအတွက် တာဝန်ရှိသူအဖြစ် မှတ်တမ်းများ ရှိထားပြီဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

သို့သော်လည်း ၎င်းအပေါ် တိုင်တန်းချက်များဖြစ်သည့် အဓမ္မပြုကျင့်မှု၊ အိမ်တွင်းအကြမ်းဖက်မှုနှင့် အရှက်ရစေမှုတို့အတွက် ရာဇဝတ်ကြောင်းအရ အရေးယူခြင်း သို့မဟုတ် ဌာနတွင်း စစ်ဆေးခြင်းများ တစ်ခုမျှ မရှိခဲ့ပေ။ ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် အဓမ္မပြုကျင့်မှုဖြင့် သူ့ကို စတင်တရားစွဲဆိုခဲ့သည်။

လတ်တလောတွင် ရဲတပ်ဖွဲ့စောင့်ကြည့်ရေးအဖွဲ့ကလည်း မက်ထရိုပိုလစ်တန်ရဲတပ်ဖွဲ့၏ ကယ်ရစ်အမှုအပေါ် ကိုင်တွယ်ပုံကို စောင့်ကြည့်လျက်ရှိသလို အခြားသော အရာရှိများနှင့် ပတ်သက်၍ ပိုမိုကျယ်ပြန့်သော စုံစမ်းမှုများ အပေါ်တွင်လည်း လေ့လာလျက်ရှိသည်။ အဆိုပါအမှုများတွင် လိင်ပိုင်းဆိုင်ရာ စော်ကားမှု သို့မဟုတ် အိမ်တွင်းအကြမ်းဖက်မှုများလည်း ပါဝင်သည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။

ဗီဒီယိုများ