မြန်မာဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် အဖြစ် ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီးအား ခန့်အပ်

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ဘရူနိုင်းနိုင်ငံ၏ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး အာဝင်ယူဆော့ (Erywan Yusof) ကို ခန့်အပ်လိုက်ပြီဖြစ်ကြောင်း အာဆီယံအဖွဲ့ကြီးက ယနေ့ ပြောကြားလိုက်သည်။

By Foreign Desk 04 Aug 2021

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ယနေ့ အတည်ပြုခန့်အပ်လိုက်သည့် ဘရူနိုင်း ဒုတိယ နိုင်ငံခြားရေးဝန်ကြီး အာဝင်ယူဆော့။ (ဓာတ်ပုံ - Reuters)

DMG ၊ ဩဂုတ် ၄

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ဘရူနိုင်းနိုင်ငံ၏ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး အာဝင်ယူဆော့ (Erywan Yusof) ကို ခန့်အပ်လိုက်ပြီဖြစ်ကြောင်း အာဆီယံအဖွဲ့ကြီးက ယနေ့ ပြောကြားလိုက်သည်။

အာဝင်ယူဆော့သည် မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည့် အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ စစ်တပ်ခေါင်းဆောင်များနှင့် အတိုက်အခံများအကြား နှစ်ဘက်ဆွေးနွေးမှုများ စီစဉ်ပေးနိုင်ရေးတို့ ဆောင်ရွက်ရန် တာဝန်ယူရမည် ဖြစ်ကြောင်း တနင်္လာနှင့် ဗုဒ္ဓဟူးနေ့များတွင် ကျင်းပသည့် အစည်းအဝေးများ၌ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အရပ်သားအစိုးရအား မြန်မာစစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖြုတ်ချပြီး အာဏာရယူခဲ့သည်။ မြန်မာ့ပဋိပက္ခကို ဖြေရှင်းရေးတွင် အဓိက အခန်းကဏ္ဍက ပါဝင်လျက်ရှိသည့် အာဆီယံအဖွဲ့ကြီးသည် မြန်မာ့အရေးကို ထိထိရောက်ရောက် ဖြေရှင်းရန် နိုင်ငံတကာ၏ ဖိအားပေးမှုများနှင့် ရင်ဆိုင်နေရသည်။

အာဆီယံအဖွဲ့ကြီးသည့် ပြီးခဲ့သော ဧပြီလ ၂၄ ရက်တွင် မြန်မာ့အရေး အထူးအစည်းအဝေး တစ်ရပ် ကျင်းပကာ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရန် ဘုံသဘောတူညီချက် ငါးရပ် ချမှတ်ခဲ့သည်။

အဆိုပါသဘောတူညီချက်များတွင် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ သက်ဆိုင်ရာ အင်အားစုများ အားလုံး တွေ့ဆုံဆွေးနွေးရန်၊ လူသားချင်း စာနာထောက်ထားရေး အကူအညီများ ပေးအပ်ရန်၊ အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်ရန်၊ အထူးကိုယ်စားလှယ်အနေဖြင့် မြန်မာနိုင်ငံသို့ သွားရောက်ပြီး သက်ဆိုင်သော အင်အားစုများအားလုံးနှင့် တွေ့ဆုံရန် တို့ပါဝင်သည်။

ယခု ခန့်အပ်လိုက်သည့် အာဝင်ယူဆော့သည် ဇွန်လအစောပိုင်းတွင် အာဆီယံ အထွေထွေအတွင်းရေးမှူး Lim Jock Hoi နှင့်အတူ အာဆီယံအဖွဲ့ကိုယ်စား မြန်မာနိုင်ငံသို့ လာရောက်ခဲ့ဖူးသူ ဖြစ်သည်။

အာဆီယံက ခန့်အပ်လိုက်သည့် အထူးကိုယ်စားလှယ်နှင့် လက်တွဲပြီး အာဆီယံမူဘောင်အတွင်းမှ ဆောင်ရွက်သွားမည်ဟု မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားသည်။

အခြားတစ်ဘက်တွင်မူ မြန်မာ့အရေးအတွက် အာဆီယံအဖွဲ့ကြီး၏ ပါဝင်ဆောင်ရွက်မှုများအား မြန်မာပြည်သူ အများစုက အားမလိုအားမရ ဖြစ်နေကြသလို မြန်မာ့အရေးနှင့် ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြားတွင်လည်း သဘောထားကွဲလွဲမှုများ ရှိနေသည်။

ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်နေ့က ကျင်းပခဲ့သည့် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ “မြန်မာစစ်တပ်အနေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေသူများအား အကြမ်းဖက်မှုအားလုံး ရပ်တန့်ရန်”၊ မြန်မာနိုင်ငံ၌ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရန်နှင့် ဖမ်းဆီးခံ အရပ်ဘက်ခေါင်းဆောင်များအား ပြန်လွှတ်ပေးရန် စသည့်အချက်များ ပါဝင်သည့် ဆုံးဖြတ်ချက်တစ်ရပ်ကို မဲခွဲဆုံးဖြတ်ခဲ့ရာ အာဆီယံနိုင်ငံများအနက် ထိုင်း၊ ဘရူနိုင်း၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံများက ကြားနေမဲ ပေးခဲ့ကြသည်။

အခြားတစ်ဘက်တွင်လည်း အာဆီယံအဖွဲ့သည် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူ ရှိထားသလို ဆုံးဖြတ်ချက်များကိုလည်း အဖွဲ့ဝင် ၁၀ နိုင်ငံလုံးက သဘောတူမှ ဆောင်ရွက်ရသည်။ ယခု ခန့်အပ်လိုက်သည့် အာဆီယံ အထူးကိုယ်စားလှယ်သည်ပင် မြန်မာက လက်ခံအတည်ပြုပြီးမှ ခန့်အပ်နိုင်ခဲ့ခြင်း ဖြစ်သည်။