အာဆီယံခေါင်းဆောင်များ ဂျာကာတာတွင် မြန်မာ့အရေး တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံတွင် လက်ရှိကြုံတွေ့နေရသည့် အကျပ်အတည်းအတွက် အဖြေတစ်ရပ် ရရှိရန် အာဆီယံခေါင်းဆောင်များသည် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ရှိ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်ရုံး၌ စနေနေ့ နေ့လယ်ပိုင်းတွင် တွေ့ဆုံဆွေးနွေးလျက်ရှိသည်။

25 Apr 2021

DMG ၊ ဧပြီ ၂၅

မြန်မာနိုင်ငံတွင် လက်ရှိကြုံတွေ့နေရသည့် အကျပ်အတည်းအတွက် အဖြေတစ်ရပ် ရရှိရန် အာဆီယံခေါင်းဆောင်များသည် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ရှိ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်ရုံး၌ စနေနေ့ နေ့လယ်ပိုင်းတွင် တွေ့ဆုံဆွေးနွေးလျက်ရှိသည်။

အာဆီယံထိပ်သီးဆွေးနွေးပွဲသို့ မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း တက်ရောက်လျက်ရှိသည်။

ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံတွင် ဒီမိုကရေစီအရေး လှုပ်ရှားမှုများအား စစ်တပ်က အကြမ်းဖက်နှိမ်နင်းမှုများကို အဆုံးသတ်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများနှင့် ဖမ်းဆီးခံထားရသူများအား ပြန်လွှတ်ပေးရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ဖိအားပေးတောင်းဆိုမှုများ ပြုလုပ်မည်ဟု ယူဆရသည်။

ကမ္ဘာတစ်ဝန်း အထူးစိုးရိမ်ဖွယ်ရာ ဖြစ်နေသည့် ကိုဗစ်ကပ်ဘေးကြီးကြားမှ အာဆီယံခေါင်းဆောင်များ ယခုကဲ့သို့ လူချင်းတွေ့ဆုံမှုသည် “မြန်မာ့အရေးအပေါ် အာဆီယံနိုင်ငံများ၏ နက်ရှိုင်းသော စိုးရိမ်ပူပန်မှုနှင့် မြန်မာ့အကျပ်အတည်းအတွက် ကူညီအဖြေရှာပေးလိုသည့် သန္နိဌာန်ကို ထင်ဟပ်နေခြင်းဖြစ်သည်” ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက သောကြာနေ့တွင် ပြောကြားသည်။

ဓာတ်ပုံ - AP

“မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ကြေကွဲဖွယ်ဖြစ်ရပ်ဟာ မြန်မာ၊ အာဆီယံနဲ့ ဒေသတွင်းနိုင်ငံတွေအတွက်ပါ အရေးကြီးတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေရှိပါတယ်” စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာကရစ်ရှနန်က ပြောသည်။

အာဆီယံလက်ရှိဥက္ကဌ ဘရူနိုင်းဝန်ကြီးချုပ် ဟာဆာနယ်ဘောကီးယား မြန်မာနိုင်ငံသို့ သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် စစ်တပ်ခေါင်းဆောင်ပိုင်းနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်ရေးအတွက် ယခုအစည်းအဝေး၌ အဆိုတင်သွင်းရန် အစည်းအဝေးအကြို ဆွေးနွေးထားကြောင်း အမည်မဖော်လိုသည့် အာဆီယံသံတမန်တစ်ဦးက အေပီသတင်းဌာနသို့ ဖြေကြားထားသည်။

အာဆီယံခေါင်းဆောင်များအားလုံးက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံရန် သဘောတူကြသော်လည်း မြန်မာ့ခေါင်းဆောင်အဖြစ်တော့ အစည်းအဝေးတွင် ညွှန်းဆိုခြင်းမရှိကြောင်း အာဆီယံသံတမန် တစ်ဦးက ပြောသည်။

ယနေ့ကျင်းပသည့် အစည်းအဝေးသို့ ထိုင်းဝန်ကြီးချုပ် ပရာယုချန်အိုချာနှင့် ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေတို့ တက်ရောက်ခြင်းမရှိပေ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အာဆီယံခေါင်းဆောင်များ လက်ခံတွေ့ဆုံခြင်းသည် မြန်မာ့အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲ အကြမ်းဖက်မှုများ ဆောင်ရွက်နေသည့် မြန်မာစစ်တပ်ကို တရားဝင် အသိအမှတ်ပြုရာ ရောက်သဖြင့် လက်ခံနိုင်ဖွယ်ရာ မရှိသည့် လုပ်ရပ်ဖြစ်ကြောင်း ဝေဖန်သူများက ထောက်ပြထားသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာရယူထားသည့် ဖေဖော်ဝါရီလမှ ဧပြီလ ၂၄ ရက်အထိ  လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သတ်ဖြတ်မှုကြောင့် ပြည်သူ ရ၅၀ နီးပါး သေဆုံးခဲ့ရပြီဖြစ်သည်။