သြစတြေးလျတွင် နိုင်ငံခြားကျောင်းသား လက်ခံမည့်အရေအတွက် ကန့်သတ်မည်

၂၀၂၃ ခုနှစ်တွင် အစိုးရက ထုတ်ပေးခဲ့သည့် ကျောင်းသားဗီဇာသည် ၆ သိန်းနီးပါးအထိ ရှိခဲ့သည်။ သို့သော်လည်း ယခုမူဝါဒအသစ်အရ ၂၀၂၅ ခုနှစ်မှစတင်၍ နိုင်ငံခြားသား ကျောင်းသားအရေအတွက်ကို ၂၇၀,၀၀၀ အထိသာ လက်ခံတော့မည်ဟု အစိုးရက သြဂုတ်လ ၂၇ ရက်နေ့တွင် ကြေညာခဲ့သည်။

By Admin 28 Aug 2024

ဆစ်ဒနီတက္ကသိုလ်တွင် ဘွဲ့ဝတ်စုံများဖြင့် ဓာတ်ပုံရိုက်ရန် ပြင်ဆင်နေကြသည့် တရုတ်ကျောင်းသားများကို ၂၀၂၀ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - Reuters
ဆစ်ဒနီတက္ကသိုလ်တွင် ဘွဲ့ဝတ်စုံများဖြင့် ဓာတ်ပုံရိုက်ရန် ပြင်ဆင်နေကြသည့် တရုတ်ကျောင်းသားများကို ၂၀၂၀ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - Reuters

သြစတြေးလျနိုင်ငံသို့ ဝင်ရောက်အခြေချသူ အရေအတွက်ကို ထိန်းချုပ်နိုင်ရေးအတွက် ပြည်တွင်း တက္ကသိုလ်များတွင် လက်ခံမည့် နိုင်ငံခြားကျောင်းသား အရေအတွက်ကို ကန့်သတ်မည့် အစီအစဉ်အား အစိုးရက ကြေညာလိုက်ကြောင်း ဘလွန်းဘက် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

၂၀၂၃ ခုနှစ်တွင် အစိုးရက ထုတ်ပေးခဲ့သည့် ကျောင်းသားဗီဇာသည် ၆ သိန်းနီးပါးအထိ ရှိခဲ့သည်။ သို့သော်လည်း ယခုမူဝါဒအသစ်အရ ၂၀၂၅ ခုနှစ်မှစတင်၍ နိုင်ငံခြားသား ကျောင်းသားအရေအတွက်ကို ၂၇၀,၀၀၀ အထိသာ လက်ခံတော့မည်ဟု အစိုးရက သြဂုတ်လ ၂၇ ရက်နေ့တွင် ကြေညာခဲ့သည်။ 

ဤသတ်မှတ်အချက်အရ ကျောင်းသားအသစ် အရေအတွက်ကို တက္ကသိုလ်များတွင် ၁၄၅,၀၀၀ ဦးနှင့် အသက်မွေးဝမ်းကျောင်း သင်တန်းကျောင်းများအတွက် ၉၅,၀၀၀ သာ လက်ခံတော့မည် ဖြစ်သည်။

ပြည်ပကျောင်းသား အရေအတွက်ကို ယခုကဲ့သို့ ကန့်သတ်လိုက်ခြင်းသည် သြစတြေးလျအတွက် တတိယ အကျိုးအမြတ် အများဆုံးဖြစ်သည့် ပညာရေးစျေးကွက်ကို ထိခိုက်စေမည်ဖြစ်ကြောင်း တက္ကသိုလ်များက သတိပေးလျက်ရှိသည်။ နိုင်ငံတကာကျောင်းသားများထံမှ ရရှိငွေသည် ၂၀၂၃ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၂၂ သန်းအထိ ရှိခဲ့ပြီး နိုင်ငံ၏ ထိပ်တန်း ဝန်ဆောင်မှုထုတ်ကုန်များအနက် တစ်ခုအဖြစ် စာရင်းဝင်ခဲ့သည်။

သြစတြေးလျနိုင်ငံတွင် ကိုဗစ်ကာလအလွန်၌ ပြည်ပမှ လာရောက်ပြီး အခြေချနေထိုင်သူ အလွန်များပြားလာနေသဖြင့် ဤအရေအတွက်ကို ကန့်သတ်နိုင်ရေးအတွက် အစိုးရက နည်းလမ်းများ ရှာဖွေလျက်ရှိသည်။ နည်းလမ်းများအနက် တစိတ်တပိုင်းအဖြစ် အစိုးရသည် ပြည်ပကျောင်းသား အရေအတွက်ကိုပါ ကန့်သတ်ရန် ဆွေးနွေးတိုင်ပင်နေသည်မှာ လပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။

ပြည်ပမှ ဝင်ရောက်လာသူ အရေအတွက် တဟုန်ထိုး မြင့်တက်လာမှုနှင့်အတူ အိမ်ခြံမြေငှားရမ်းခများလည်း မြင့်တက်လာသည့်အပေါ် မဲဆန္ဒရှင်များ၏ စိုးရိမ်မှုများလည်း ရှိလာနေသည်ဖြစ်ရာ လေဘာအစိုးရ အတွက်လည်း နိုင်ငံရေးပုံရိပ် ထိခိုက်စရာ ဖြစ်လာလျက်ရှိသည်။

ပြည်ပရွှေ့ပြောင်းဝင်ရောက်မှုများအပေါ် ထောက်ခံမှုသည်လည်း သြစတြေးလျတွင် ငါးနှစ်အတွင်း အနိမ့်ဆုံးသို့ ရောက်ရှိနေကြောင်း ဘလွန်းဘက်သတင်းတွင် ဖော်ပြထားသည်။ သြဂုတ်လ ၂၇ ရက်က ထုတ်ပြန်ခဲ့သည့် စစ်တမ်းတစ်ရပ်၌ စစ်တမ်းဖြေဆိုသူ ၄၂ ရာခိုင်နှုန်းက သြစတြေးလျသို့ ပြည်ပမှ ဝင်ရောက် အခြေချမှုများကြောင့် နိုင်ငံအတွက် မကောင်းသော အကျိုးသက်ရောက်မှု ရှိခဲ့သည်ဟု ဖြေဆိုထားသည်။