ဘာဆန်ချာကျွန်းရှိ မွတ်ဆလင်ဒုက္ခသည်များကို အကူအညီပေးရန် ကုလနှင့် ဘင်္ဂလားဒေ့ရှ်အကြား သဘောတူ

ဘာဆန်ချာကျွန်းပေါ်ရှိ မွတ်ဆလင်ဒုက္ခသည်များအား အကူအညီပေးရန်အတွက် ကုလသမဂ္ဂနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရတို့အကြား ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

10 Oct 2021

ဘာဆန်ချာကျွန်းသို့ ရွှေ့ပြောင်းနေရာချထားမည့် မွတ်ဆလင်များအား သင်္ဘောဖြင့် ပို့ဆောင်ရန် စီစဉ်နေသည်ကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - AP Photo/Mahmud Hossain Opu)

DMG ၊ အောက်တိုဘာ ၁၁

ဘာဆန်ချာကျွန်းပေါ်ရှိ မွတ်ဆလင်ဒုက္ခသည်များအား အကူအညီပေးရန်အတွက် ကုလသမဂ္ဂနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရတို့အကြား ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံမှ ထွက်ပြေးလာသော မွတ်ဆလင်များအား ဘင်္ဂလားဒေ့ရှ်အစိုးရက ဘင်္ဂလားပင်လယ်အော်ရှိ ဘာဆန်ချာကျွန်းတွင် နေရာချထားပေးလျက်ရှိရာ လက်ရှိအချိန်အထိ ထိုကျွန်းပေါ်၌ ဒုက္ခသည် ၁၉၀၀၀ ခန့် နေထိုင်လျက်ရှိသည်။

ယခုသဘောတူညီချက် ရေးထိုးရခြင်း၏ အရေးကြီးသော အကြောင်းရင်းများအနက် တစ်ခုမှာ ကျွန်းပေါ်ရှိလူထုအတွက် ဝန်ဆောင်မှုများ စတင်ကူညီပေးရန် ဖြစ်သည်ဟု ကုလသမဂ္ဂက ပြောသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရသည် ကော့ဘဇားခရိုင်ရှိ လူထူထပ်သော ဒုက္ခသည်စခန်းများမှ ဒုက္ခသည်စုစုပေါင်း ၁၀၀၀၀၀ အထိကို ဘာဆန်ချာကျွန်းသို့ အသုတ်လိုက်ခွဲပို့ရန် စီစဉ်ထားသည်။

ဘာဆန်ချာကျွန်း ပေါ်လာသည်မှာ နှစ်ပေါင်း ၃၀ ခန့်သာ ရှိသေးပြီး မိုးတွင်းရောက်လျှင် ပုံမှန် ရေမြုပ်လေ့ရှိကာ လူနေထိုင်ရန် သင့်တော်ခြင်းမရှိကြောင်း ကုလသမဂ္ဂနှင့် အကူအညီပေးရေး အဖွဲ့များက ဝေဖန်ထောက်ပြမှုများ ရှိသည်။

သို့သော်လည်း ဝန်ကြီးချုပ် ရှိတ်ဟာဆီနာဦးဆောင်သော အစိုးရသည် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၁၂ သန်းအထိ အသုံးပြုကာ အဆိုပါကျွန်းအတွက် ရေထိန်းနံရံများ တည်ဆောက်ပေးခြင်း၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဗလီများ တည်ဆောက်ပေးခြင်းတို့ ဆောင်ရွက်ထားသည်။

အောက်တိုဘာလ ၁၀ ရက်နေ့က လက်မှတ်ရေးထိုးခဲ့သည့် ယခုသဘောတူညီချက် အပြီးတွင် လာမည့်သုံးလတာအတွင်း ဒုက္ခသည်စုစုပေါင်း ၈၁၀၀၀ ထပ်ပို့ရန် စီစဉ်ထားကြောင်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များ ပြောသည်။

သဘောတူညီချက်အရ အရေးကြီးသော နေရာများကို အကာအကွယ်ပေးရန်၊ ကျွန်းပေါ်ရှိ ဒုက္ခသည်များအတွက် ပညာရေး၊ ကျွမ်းကျင်သင်တန်းများ၊ အသက်မွေးဝမ်းကျောင်းနှင့် ကျန်းမာရေး ဆိုင်ရာ အကူအညီများ ပေးအပ်ရန်၊ မြန်မာနိုင်ငံသို့ ပြန်သွားချိန်၌ အသင့်ရှိနေစေရေးအတွက် ကူညီပေးရန် စီစဉ်ထားကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ ထုတ်ပြန်ချက်တစ်ရပ်၌ ဖော်ပြထားသည်။

ဒုက္ခသည်အများစုမှာ အဆိုပါကျွန်းပေါ်သို့ သွားရောက်နေထိုင်လိုစိတ် မရှိကြပေ။

ယခုနှစ်အစောပိုင်းက မိသားစုနှင့်အတူ ဘာဆန်ချာသို့ ပြောင်းရွှေ့သွားသည့် အမျိုးသမီး တစ်ဦးသည်လည်း သူမ၏ ယခင်စခန်းဟောင်းသို့ ပြန်လည် ထွက်ပြေးလာခဲ့ကြောင်း အေပီသတင်းက ဖော်ပြသည်။

“လူတွေ အဲဒီမှာ တစ်နှစ် ၂ နှစ်လောက်နေရင် စိတ်ရောဂါရကုန်လိမ့်မယ်” ဟု သူမကဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ခိုလှုံနေကြသော မွတ်ဆလင်ဒုက္ခသည်စုစုပေါင်း ၁.၁ သန်းခန့်ရှိပြီး ရ သိန်းကျော်ခန့်မှာ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းရေးကြောင့် ထွက်ပေးခဲ့ရသူများ ဖြစ်သည်။