ကမ္ဘာ့ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ကုသဆေး ဘင်္ဂလားဒေ့ရှ်တွင် ထုတ်လုပ်ရောင်းချမည်

ဘင်္ဂလားဒေ့ရှ်ဆေးဝါးကုမ္ပဏီ ဘက်ဇင်ကိုက မိမိတို့သည် အသက်သေဆုံးသည်အထိ အန္တရာယ်ပေးနိုင်သော ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ကုသပေးသည့်ဆေးဝါးအား ပထမဆုံးစတင်ရောင်းချသည့် ကုမ္ပဏီဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။ ဘက်ဇင်ကိုသည် ဂျီလက် သုတေသနကုမ္ပဏီ၏ ဆေးကို တရားဝင်လိုင်စင်ခံယူပြီး ရောင်းချမည်ဖြစ်သည်။

By Foreign Desk 26 May 2020

COVID-19 ရောဂါပြင်းထန်လူနာတစ်ဦးအတွက် ဆိုလျှင် ဆေးရည် အနည်းဆုံး ၆ ပုလင်း လိုအပ်လိမ့်မည်ဖြစ်သည်။(သရုပ်ဖော်ပုံ - Flickr)

 

ဘင်္ဂလားဒေ့ရှ်ဆေးဝါးကုမ္ပဏီ ဘက်ဇင်ကိုက မိမိတို့သည် အသက်သေဆုံးသည်အထိ အန္တရာယ်ပေးနိုင်သော ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ကုသပေးသည့်ဆေးဝါးအား ပထမဆုံးစတင်ရောင်းချသည့် ကုမ္ပဏီဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။ ဘက်ဇင်ကိုသည် ဂျီလက် သုတေသနကုမ္ပဏီ၏ ဆေးကို တရားဝင်လိုင်စင်ခံယူပြီး ရောင်းချမည်ဖြစ်သည်။

ဒါကာအခြေစိုက် ဘက်ဇင်ကိုကုမ္ပဏီက ကိုရိုနာကုသဆေးRemdesivir ကို ပုဂ္ဂလိကဆေးရုံဆေးခန်းများအား ဘင်္ဂလားဒေ့ရှ်တာကာ ၆၀၀၀(အမေရိကန်ဒေါ်လာ ၇၁ ဒေါ်လာ) ဖြင့် ရောင်းချမည်ဖြစ်ကာCOVID-19 လူနာများအား ကုသပေးနေသည့် အစိုးရဆေးရုံများကိုမူ အခမဲ့ဖြန့်ဝေသွားမည်ဖြစ်ကြောင်း ကုမ္ပဏီ၏ အုပ်ချုပ်ရေးမှူး ရာဘာရီဇာက အင်တာဗျူးတစ်ခုတွင် ဖြေကြားသွားသည်။

COVID-19 ရောဂါပြင်းထန်လူနာတစ်ဦးအတွက် ဆိုလျှင် ဆေးရည် အနည်းဆုံး ၆ ပုလင်း လိုအပ်လိမ့်မည်ဖြစ်ကြောင်း သူကဆိုသည်။

“ကျွန်တော်တို့ဆီ တခြားနိုင်ငံတွေက စုံစမ်းမေးမြန်းမှုတွေ ရောက်နေပါပြီ” ဟု ရီဇာကပြောကြားသည်။

ဆေးကို သမားရိုးကျဖြန့်ချိမှုအတိုင်း ဖြန့်ချိမည်မဟုတ်ကြောင်း သူကဆိုသည်။

“အစိုးရတွေ ကျွန်တော်တို့ဆီကဆေးကို လိုချင်တယ်ဆိုရင်တော့ တင်ပို့ပေးပါ့မယ်” ဟု သူကပြောကြားသည်။

ဂျီလက်သုတေသနကုမ္ပဏီမှ Remdesivir ဆေးကို တရားဝင်လိုင်စင်ခံယူပြီး ထုတ်လုပ်နေသော ကုမ္ပဏီ ၅ ခုရှိပြီး ၎င်းတို့ထဲတွင် ယခုရောင်းချမည့် ဘက်ဇင်ကိုကုမ္ပဏီအပါအဝင် အိန္ဒိယရှိ Cipla နှင့် Mylan ကုမ္ပဏီ၊ ပါကစ္စတန်ရှိ Ferozsons Laboratories ကုမ္ပဏီတို့လည်း ပါဝင်သည်။

ဘင်္ဂလားဒေ့ရှ်သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ထောက်ခံချက်ဖြင့် ဆေးဝါးများအား တရားဝင်လိုင်စင် ခံယူ ရောင်းချခွင့် ရရှိထားသည်။ Remdesivir သည် COVID-19 အရေးပေါ်လူနာများအတွက် အသုံးပြုနိုင်ကြောင်း အမေရိကန်တွင် တရားဝင်အတည်ပြုချက် ရရှိထားပြီးဖြစ်ကာ COVID-19 ဆေးဝါးကုသမှုအတွက် ပထမဆုံးအတည်ပြုချက် ရရှိထားသော ဆေးလည်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မေလ ၂၅ ရက်အထိ ကိုရိုနာကူးစက်မှုပေါင်း ၃ သောင်းခွဲခန့်ရှိကာ သေဆုံးသူ ၅၀၀ ကျော်သွားပြီဖြစ်သည်။