ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများတွင် မိုးကြီးမှုကြောင့် လူပေါင်းထောင်ချီ အိုးအိမ်မဲ့ဖြစ်

ရက်ပေါင်းများစွာ သည်းသည်းမဲမဲ မိုးရွာသွန်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းရှိ မွတ်ဆလင်ဒုက္ခသည်စခန်းများတွင် နေအိမ်များပျက်စီးပြီး လူထောင်ပေါင်းများစွာသည် နီးစပ်ရာ မိသားစုများနှင့် အများပိုင်အဆောက်အအုံများ၌ ခိုလှုံနေရကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

29 Jul 2021

ဓာတ်ပုံ - AP


ရက်ပေါင်းများစွာ သည်းသည်းမဲမဲ မိုးရွာသွန်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းရှိ မွတ်ဆလင်ဒုက္ခသည်စခန်းများတွင် နေအိမ်များပျက်စီးပြီး လူထောင်ပေါင်းများစွာသည် နီးစပ်ရာ မိသားစုများနှင့် အများပိုင်အဆောက်အအုံများ၌ ခိုလှုံနေရကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဒုက္ခသည် ရှစ်သိန်းနီးပါး ရှိနေသည့် ကော့ဘဇားရှိ ဒုက္ခသည်စခန်းများတွင် ဗုဒ္ဓဟူးနေ့ တစ်ရက်တည်း၌ ရေလျှံမှုကြောင့် မိုးရေ ၁၂ လက်မနီးပါးအထိ မြင့်တက်ခဲ့ကြောင့် ကုလသမဂ္ဂ ဒုက္ခသည်ကူညီကယ်ဆယ်ရေး အေဂျင်စီက ပြောသည်။
လာမည့်ရက်အနည်းငယ်အတွင်း မိုး သည်းထန်စွာ ရွာသွန်းဦးမည်ဟု ခန့်မှန်းရပြီး မိုးရာသီကာလကိုလည်း နောက်ထပ် သုံးလအထိ ဖြတ်ကျော်ရဦးမည် ဖြစ်သည်။

 “ဒီအခြေအနေမှာ ကိုဗစ်-၁၉ ကပ်ဘေးကြီးကလည်း တစ်ပူပေါ်နှစ်ပူဆင့် ဖြစ်နေတယ်။ တစ်နိုင်ငံလုံးမှာ လော့ဒေါင်းစည်းကမ်းတွေ တင်းတင်းကြပ်ကြပ် ချထားပါတယ်” ဟု ကုလအေဂျင်စီက ပြောသည်။

ပြီးခဲ့သော ရက်ပိုင်းကလည်း ဒုက္ခသည်စခန်းများတွင် မိုးသည်းထန်ပြီး မြေပြိုမှုကြောင့် လူငါးဦး သေဆုံးခဲ့ရကာ ကလေးငယ်တစ်ဦးလည်း ရေစီးနှင့် မျောပါပြီး သေဆုံးခဲ့သည်။

မိုးသည်းထန်မှုကြောင့် အတိဒုက္ခ ရင်ဆိုင်နေရသူ ၁၂၀၀၀ ကျော်ခန့်ရှိပြီး နေအိမ်အဆောက်အအုံ ၂၅၀၀ ခန့် ပျက်စီးမှုရှိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ ကနဦးအစီရင်ခံစာများအရ သိရသည်။ ဆွေမျိုးများ၏ နေအိမ်များ၊ အရပ်ဘက် အဆောက်အအုံများတွင် ယာယီ ရွှေ့ပြောင်းနေထိုင်နေရသူ ဒုက္ခသည် ၅၀၀၀ ကျော်ရှိသည်ဟုလည်း အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။

ကော့ဘဇားခရိုင်သည် ဘင်္ဂလားဒေ့ရှ်တွင် သဘာဝဘေးဒဏ်ကို အဆိုးဆုံး ရင်ဆိုင်ရသည့် ခရိုင်များအနက် တစ်ခုဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်သည် မြစ်အများအပြား ပေါင်းဆုံရာ မြစ်ဝကျွန်းပေါ်ဒေသတွင် တည်ရှိပြီး မုတ်သုံရာသီဥတု ရှိခြင်း၊ ဘင်္ဂလားပင်လယ်အော်တွင် တည်ရှိပြီး လေပူများကြောင့် ပြင်းထန် ဆိုင်ကလုန်းများ ဖြစ်ပေါ်လေ့ရှိခြင်း တို့ကြောင့် မိုးရွာသွန်းမှု ပြင်းထန်သည့် ဒေသဖြစ်သည်။