- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
ဒေါ်လာ ၃.၆ ဘီလျံတန်ဖိုးရှိ ခိုးခံထားရသောဘစ်ကွိုင်များ အမေရိကန်အစိုးရ ဖမ်းဆီးရမိ
၂၀၁၆ ခုနှစ်က ခိုးယူခံလိုက်ရသည့် ဘစ်ကွိုင်အရေအတွက် ၉၄၀၀၀ ကျော်ကို ပြန်လည် သိမ်းဆည်းရမိပြီဟု အမေရိကန်ပြည်ထောင်စု တရားရေးဌာနက အင်္ဂါနေ့တွင် ကြေညာလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
12 Feb 2022
DMG ၊ ဖေဖော်ဝါရီ ၁၂
၂၀၁၆ ခုနှစ်က ခိုးယူခံလိုက်ရသည့် ဘစ်ကွိုင်အရေအတွက် ၉၄၀၀၀ ကျော်ကို ပြန်လည် သိမ်းဆည်းရမိပြီဟု အမေရိကန်ပြည်ထောင်စု တရားရေးဌာနက အင်္ဂါနေ့တွင် ကြေညာလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဖမ်းဆီးမိသည့် ဘစ်ကွိုင်စုစုပေါင်း တန်ဖိုးသည် လက်ရှိပေါက်ဈေးအားဖြင့် အမေရိကန်ဒေါ်လာ ၃.၆ ဘီလျံအထိ ရှိသည်ဟုလည်း သတင်းတွင် ဖော်ပြထားသည်။
ယခုဖြစ်ရပ်နှင့် ဆက်စပ်ပြီး အသက် ၃၄ နှစ်အရွယ် အီလျာလစ်တင်စတိုင်းနှင့် သူ၏ ဇနီးဖြစ်သူ အသက် ၃၁ နှစ်အရွယ် ဟီသာမော်ဂန်တို့ကို ဖမ်းဆီးထားကာ ပြစ်မှုထင်ရှားပါက ၎င်းတို့နှစ်ဦးသည် ထောင်ဒဏ် နှစ် ၂၀ အထိ ချမှတ်ခံရနိုင်ခြေ ရှိကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။
၂၀၁၆ ခုနှစ်က ခရစ်တိုငွေလဲဝက်ဆိုက် Bitfinex ဟက်ခံရပြီး ခိုးယူခံခဲ့ရသော ဘစ်ကွိုင်အရေအတွက် ၁၁၉၇၅၄ ကို ငွေကြေးခဝါချရန် ကြိုးစားမှုဖြင့် လစ်တင်စတိုင်းနှင့် မော်ဂန်တို့ကို တရားစွဲဆိုထားသည်။ အဆိုပါ ဘစ်ကွိုင်များသည် ထိုစဉ်က ဒေါ်လာ ၆၅ သန်း ပေါက်ဈေးရှိသည်။
“ခရစ်တိုငွေကြေးဟာ ရာဇဝတ်သမားတွေအတွက် နိဗ္ဗာန်ဘုံမဟုတ်ကြောင်းကို ဒီနေ့ ဖမ်းဆီးမှုဖြစ်တဲ့ ဌာနရဲ့ ဖမ်းဆီးမိသမျှထဲက ပမာဏအများဆုံး ငွေကြေးသိမ်းဆည်းရရှိမှုက ပြသလိုက်တာ ဖြစ်ပါတယ်” ဟု လက်ထောက်ရှေ့နေချုပ် လီဆာမိုနာကိုက ကြေညာချက်တွင် ထည့်သွင်းပြောကြားထားသည်။
ခိုးခံခဲ့ရသည့် ငွေကြေးများအနက် အချို့ကို လစ်တင်စတိုင်း၏ ဒစ်ဂျစ်တယ်ငွေသားအကောင့် (Digital Wallet) ထဲသို့ ပေးပို့ထားသည်ကို တွေ့ရကြောင်း အစိုးရရှေ့နေများက ပြောသည်။ လစ်တင်စတိုင်းသည် ဆိုရှယ်မီဒီယာပေါ်၌ ကိုယ့်ကိုယ်ကိုယ် ‘နည်းပညာဆိုင်ရာ စွန့်ဦးတီထွင်လုပ်ငန်းရှင်၊ ကုဒ်သမားနှင့် ရင်းနှီးမြှုပ်နှံသူ’ အဖြစ် ဖော်ပြထားသည်။
၎င်းတို့ဇနီးမောင်နှံ နှစ်ဦးသည် နည်းစနစ်အဟောင်းများကို အလွန်ရှုပ်ထွေးသော ဖလှယ်ရေးစနစ်များဖြင့် ပေါင်းစပ်ကာ အသုံးပြုခဲ့ကြသည်ဟု အစိုးရရှေ့နေ့တစ်ဦးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
အဆိုပါ ဘစ်ကွိုင်များအား ရွှေ သို့မဟုတ် လွှဲပြောင်းရလွယ်သည့် ဒစ်ဂျစ်တယ်တိုကင် (NFTs) များ ဝယ်ယူရာတွင် အသုံးပြုခဲ့ကြသည်ဟု အမေရိကန် အာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။
ကျန်ရှိနေသေးသည့် ဘစ်ကွိုင်များမှာ အမေရိကန်ဒေါ်လာ ၃.၆ ဘီလျံပေါက်ဈေးရှိပြီး ပြီးခဲ့သည့် သီတင်းပတ်တွင် အမေရိကန် ထောက်လှမ်းရေးများက ပြန်လည် သိမ်းဆည်းမိခဲ့ခြင်း ဖြစ်သည်။
Bitfinex သည် ခိုးယူခံရသော ငွေကြေးရန်ပုံငွေများ ပြန်လည်ရရှိအောင် သတင်းပေးနိုင်လျှင် ဒေါ်လာ သန်းပေါင်းများစွာ ဆုကြေးငွေ ပေးအပ်မည်ဟု ထုတ်ပြန်ထားသည်။ ယခုဖမ်းဆီးမှုနှင့် အဆိုပါထုတ်ပြန်ချက် ဆက်စပ်မှု ရှိ မရှိကိုမူ အမေရိကန် တရားရေးဌာနဘက်က ဖြေဆိုရန် ငြင်းဆန်သည်။
အခိုးခံခဲ့ရသူများအနေဖြင့် ၎င်းတို့၏ ဆုံးရှုံးမှုများကို ပြန်လည်ရယူရန်အတွက် အကြောင်းကြားပေးကြရန် အာဏာပိုင်များက ထုတ်ပြန်ထားသည်။
ဘစ်ကွိုင်ကို ၂၀၀၈ ခုနှစ်တည်းက စတင်အသုံးပြုလာကြခြင်းဖြစ်ကာ ငွေကြေးဈေးနှုန်း အတက်အကျ မြန်ဆန်ပြီး ငွေကြေးဖလှယ်မှုအပိုင်းတွင် နာမည်ကြီးသည်။ ဘစ်ကွိုင်အပါအဝင် အခြားသော ခရစ်တိုငွေကြေးများသည် ရာဇဝတ်ဂိုဏ်းများအတွက် ငွေကြေးစီးဆင်းမှုကို ပိုမိုလွယ်ကူစေကြောင်း အမေရိကန်အာဏာပိုင်များ၏ ပြောကြားချက်များအရ သိရသည်။