- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
တရုတ်ပုံစံ အင်တာနက်ကန့်သတ်မှုများ ကမ္ဘောဒီးယားတွင် ကျင့်သုံးမည်
ကမ္ဘာဒီးယားနိုင်ငံသည် အင်တာနက်သုံးစွဲမှုများအား ကန့်သတ်ထိန်းချုပ်ရန်အတွက် တရုတ်ပုံစံ အင်တာနက်စောင့်ကြည့်ရေးလမ်းကြောင်း (National Internet Gateway) တပ်ဆင်အသုံးပြုတော့မည် ဖြစ်ကြောင်း Asia Times သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
22 Feb 2021

ကမ္ဘာဒီးယားနိုင်ငံသည် အင်တာနက်သုံးစွဲမှုများအား ကန့်သတ်ထိန်းချုပ်ရန်အတွက် တရုတ်ပုံစံ အင်တာနက်စောင့်ကြည့်ရေးလမ်းကြောင်း (National Internet Gateway) တပ်ဆင်အသုံးပြုတော့မည် ဖြစ်ကြောင်း Asia Times သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အဆိုပါစောင့်ကြည့်ရေးစနစ်အား နိုင်ငံတွင်း တပ်ဆင်အသုံးပြုမည့် ဥပဒေကို ကမ္ဘာဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်သည် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် လက်မှတ်ရေးထိုး အတည်ပြုခဲ့သည်။
ကမ္ဘောဒီးယား၏ ယခုလုပ်ရပ်ကြောင့် အွန်လိုင်း၌ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ပါ ပိတ်ပင်ခံရတော့မည်ကို ဝေဖန်ရေးသမားများက စိုးရိမ်လျက်ရှိသည်။
ယခုဥပဒေသစ်အရ အင်တာနက်စောင့်ကြည့်ရေးလမ်းကြောင်း အော်ပရေတာသည် အစိုးရနှင့် ပူးပေါင်းကာ အင်တာနက်အသုံးပြုမှုအားလုံးကို ပိတ်ဆို့မှု၊ ဖြတ်တောက်မှုများ လိုအပ်သလို ဆောင်ရွက်သွားမည် ဖြစ်သည်။
ပြည်တွင်းပြည်ပ အင်တာနက်လမ်းကြောင်းများ အားလုံးသည်လည်း အစိုးရကတပ်ဆင်ထားသည့် စောင့်ကြည့်ရေးလမ်းကြောင်းမှတစ်ဆင့်သာ ဖြတ်သန်းအသုံးပြုရမည်ဖြစ်သည်။ အင်တာနက်ဝန်ဆောင်မှု ပေးသူများအနေဖြင့် သူတို့၏ အင်တာနက်လမ်းကြောင်းများအား အစိုးရ၏ စောင့်ကြည့်ရေးလမ်းကြောင်းမှ တစ်ဆင့် ဖြတ်သန်းရန်အတွက် လိုအပ်သော ပြောင်းလဲမှုများ ပြုလုပ်ရန် ၁၂ လ အချိန်ရမည်ဟု Asia Times သတင်းတွင် ဖော်ပြထားသည်။
အဆိုပါလမ်းကြောင်းမှ ဖြတ်သန်းသမျှ အချက်အလက်များအား အော်ပရေတာက ၁၂ လ စာ သိမ်းဆည်းထားပေးရမည် ဖြစ်ပြီး အစိုးရက လိုအပ်သည့်အချိန် ကြည့်ရှုနိုင်အောင် ထုတ်ပေးရမည်ဖြစ်သည်။
အစိုးရပြောခွင့်ရပုဂ္ဂိုလ် Phay Siphan ကမူ ယခုစနစ်သည် လွတ်လပ်စွာ ပြောဆိုရေးသားခွင့်အား နှိပ်ကွပ်ရန် ဆောင်ရွက်ခြင်း ဖြစ်သည် ဟူသောအချက်ကို ငြင်းဆိုထားသည်။
သို့သော်လည်း အာဏာပိုင်များအနေဖြင့် “ပုန်ကန်ထကြွမှု ဖန်တီးသူများအား တိုက်ဖျက်သွားမည်” ဟု Phay Siphan က အေအက်ဖ်ပီသတင်းဌာနသို့ ဖြေကြားခဲ့သည်။
ကမ္ဘောဒီးယားတွင် ၂၀၁၅ ဆက်သွယ်ရေးဥပဒေအရ အာဏာပိုင်များသည် အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီများထံမှ အသုံးပြုသူများ၏ အချက်အလက်များကို တောင်းခံပိုင်ခွင့်ရှိသည်။
အစိုးရသည် ရာဇဝတ်မှု ဥပဒေနှင့် သတင်းမှားဖြန့်ချိမှု တားမြစ်ရေး ဥပဒေများအား အသုံးပြုကာ လှုပ်ရှားတက်ကြွသူများ၊ အစိုးရကို ဝေဖန်သူများအား မကြာခဏဆိုသလို ဖမ်းဆီးထောင်ချလေ့ရှိသည်။
ကမ္ဘောဒီယားအစိုးရသည် ယခင်ကလည်း နိုင်ငံရေးဆိုင်ရာ အကဲဆတ်သည့် ဝက်ဆိုက်များ၊ သတင်းဖော်ပြမှုများအား ပိတ်ဆို့လေ့ရှိသော်လည်း VPN ဖြင့် အသုံးပြုသူများအား စိစစ်ရန် မလွယ်ကူပေ။
ယခုအသစ်တပ်ဆင်မည့် အင်တာနက်စောင့်ကြည့်ရေး လမ်းကြောင်းသည် အင်တာနက်အသုံးပြုမှု အားလုံးကို ထိုလမ်းကြောင်းမှတစ်ဆင့်သာ ဖြတ်သန်းစေတော့မည် ဖြစ်သဖြင့် စောင့်ကြည့်ရန် အလွန်လွယ်ကူသွားတော့မည် ဖြစ်သည်။