ချီလီတွင် ကျန်းမာရေးဝန်ကြီးသစ် ပြောင်းလဲခန့်အပ်

နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာမှုနှင့်အတူ ချီလီသမ္မတ ဆီဘက်စ်ရှင်းပီနဲရားသည် ကျန်းမာရေးဝန်ကြီး ဟိုက်မဲမာညာလစ် နေရာတွင် ဝန်ကြီးသစ်တစ်ဦး အစားထိုးခန့်ထားလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Foreign Desk 14 Jun 2020

 

ဝန်ကြီးမာညာလစ်အား ဧပြီလအတွင်းက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တွေ့ရစဉ်။ (ဓာတ်ပုံ - Chile's Ministry of Health)

နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာမှုနှင့်အတူ ချီလီသမ္မတ ဆီဘက်စ်ရှင်းပီနဲရားသည် ကျန်းမာရေးဝန်ကြီး ဟိုက်မဲမာညာလစ် နေရာတွင် ဝန်ကြီးသစ်တစ်ဦး အစားထိုးခန့်ထားလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဝန်ကြီးမာညာလစ်သည် ချီလီပြည်သူများ၏ ကျန်းမာရေးအား ကာကွယ်စောင့်ရှောက်ပေးရမည့် ခက်ခဲမြင့်မြတ်သောတာဝန်ကို အားကြိုးမာန်တက်ထမ်းရွက်ရန် ပျက်ကွက်ခဲ့ကြောင်း သမ္မတပီနဲရားက ပြောကြားခဲ့သည်။

မာညာလစ်၏နေရာတွင် ဆေးပညာကောလိပ်ကျောင်းအုပ် အင်နရစ်ကီပါရစ်ကို အစားထိုးခန့်အပ်လိုက်ခြင်း ဖြစ်သည်။

ဝန်ကြီးဟောင်း မာညာလစ်သည် ကျောက်ကပ်အထူးကု ဆရာဝန်တစ်ဦးဖြစ်ကာ ချီလီနိုင်ငံရှိ ထိပ်တန်းဆေးရုံကြီးများတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ ဆေးရုံများအတွက် အသက်ရှူအကူစက်များ၊ အကာအကွယ်ဝတ်စုံများ အလုံအလောက်ထောက်ပံ့ပေးရေး လှုံ့ဆော်မှုများ ဆောင်ရွက်မှု၊ နေ့စဉ် သတင်းစာရှင်းလင်းပွဲများ ဆောင်ရွက်မှုတို့ကြောင့် လူကြိုက်များသူဖြစ်သည်။

သို့သော်လည်း ဌာနတွင်းအရာရှိများနှင့် ကတောက်ကဆတ်ဖြစ်မှုများ မကြာခဏပေါ်ပေါက်လေ့ရှိပြီး အတိုက်အခံနိုင်ငံရေးသမားများ၊ မြိုတော်ဝန်များ၊ ဆေးပညာရှင်များ နှင့် လူမှုရေးအဖွဲ့အစည်းများကလည်း ဝန်ကြီးဟောင်းမာညာလစ်၏ သွားလာမှုကန့်သတ်ချက်များနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များ ထုတ်ပြန်ရန်ငြင်းဆိုခြင်း၊ လိုအပ်သောနေရာများကို မြန်မြန်ဆန်ဆန် ကန့်သတ်ပိတ်ဆို့မှု မဆောင်ရွက်ခြင်း၊ သေဆုံးမှုနှင့်ကူးစက်မှုများ မှတ်တမ်းတင်ရာတွင် လိုအပ်သော စံချိန်စံညွှန်းများကို အပြောင်းအလဲ ပြုလုပ်ခြင်းတို့အပေါ် ဝေဖန်မှုများရှိသည်။

ချီလီနိုင်ငံတွင် စနေတစ်ရက်တည်း၌ ဗိုင်းရပ်စ်ကူးစက်မှု ၆၅၀၉၊ သေဆုံးသူ ၂၃၁ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ ချီလီတွင် ကူးစက်မှုစုစုပေါင်း ၁၆၇၃၅၅၊ သေဆုံးသူ ၃၁၀၁ ဦး ရှိနေပြီဖြစ်သည်။

ကမ္ဘာတစ်ဝန်းတွင် ဇွန်လ ၁၄ ရက် တနင်္ဂနွေနေ့အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုစုစုပေါင်း ၈ သန်းနီးပါးရှိနေပြီဖြစ်သည်။ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ စုစုပေါင်း ၄ သိန်းကျော်သွားပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသောအချက်အလက်များအရ သိရသည်။