ကိုရိုနာဗိုင်းရပ်စ်သည် လေထုတွင်း ပျံ့နှံ့ကူးစက်နိုင်ကြောင်း ပညာရှင်များ သတိပေး

ကိုရိုနာဗိုင်းရပ်စ်သည် လူအချင်းချင်း ခပ်ခွာခွာနေရန် အကွာအဝေး သတ်မှတ်ထားသည့် နှစ်မီတာတွင်းသာမကဘဲ ပိုမိုဝေးကွာသည့် အကွာအဝေးအထိ ပျံ့နှံ့ကူးစက်နိုင်ကြောင်း နိုင်ငံတကာသိပ္ပံပညာရှင် ၂၃၉ ဦးပါဝင်သည့် အဖွဲ့တစ်ဖွဲ့က တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

By Foreign Desk 08 Jul 2020

ပိုးရှိသူတစ်ဦး အသက်ရှူစဉ်၊ စကားပြောစဉ်၊ ချောင်းဆိုး နှာချေစဉ်၌ တံတွေးစက်များအား အရွယ်အစားအမျိုးမျိုးဖြင့် ထုတ်လွှတ်သည်။ (ဓာတ်ပုံ - ISHN)


ကိုရိုနာဗိုင်းရပ်စ်သည် လူအချင်းချင်း ခပ်ခွာခွာနေရန် အကွာအဝေး သတ်မှတ်ထားသည့် နှစ်မီတာတွင်းသာမကဘဲ ပိုမိုဝေးကွာသည့် အကွာအဝေးအထိ ပျံ့နှံ့ကူးစက်နိုင်ကြောင်း နိုင်ငံတကာသိပ္ပံပညာရှင် ၂၃၉ ဦးပါဝင်သည့် အဖွဲ့တစ်ဖွဲ့က တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

ပညာရှင်များသည် ၎င်းတို့၏ အကြံပေးချက်ကို ထုတ်ဖော်ကြေညာပေးရန် တွန့်ဆုတ်နေသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကိုလည်း မှတ်ချက်ပေးထားသည်။
အခန်းတွင်း လေဝင်လေထွက် ကောင်းမွန်အောင် ထားရန်၊ လေသန့်စက်များ ခရမ်းလွန်ရောင်ခြည် မီးချောင်းများ တပ်ဆင်ရန်၊ အဆောင်အအုံများနှင့် သယ်ယူပို့ဆောင်ရေး ကိစ္စရပ်များတွင် လူထူလပ်ခြင်းမဖြစ်အောင် တားဆီးရန်စသည့် အချက်များကိုလည်း ပညာရှင်များက အကြံပြုထားသည်။

လက်ဆေးခြင်း၊ လူအချင်းချင်း ခပ်ခွာခွာနေခြင်းတို့သည့် ကောင်းမွန်သည့် လုပ်ဆောင်ချက်များ ဖြစ်သော်လည်း ရောဂါပိုးရှိသူ၏ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် လေထုထဲသို့ ပျံ့နှံ့လာခြင်းကို မကာကွယ်ပေးနိုင်ကြောင်း ပညာရှင်များက ပြောကြားသည်။

ပိုးရှိသူတစ်ဦး အသက်ရှူစဉ်၊ စကားပြောစဉ်၊ ချောင်းဆိုး နှာချေစဉ်၌ တံတွေးစက်များအား  အရွယ်အစားအမျိုးမျိုးဖြင့် ထုတ်လွှတ်သည်။
လူသားတို့၏ ဆံနွယ်မျှင်ခန့် အရွယ်ထက်သေးငယ်သည့် ၅ မှ ၁၀ မိုက်ခရိုမီတာအရွယ် အစက်များသည် စက္ကန့်ပိုင်းအတွင်း တစ်မီတာ နှစ်မီတာပတ်လည်ခန့် အကွာအဝေးအတွင်း မြေပြင်သို့ ကျဆင်းသွားသည်။
ထို့သက်သေးငယ်သည့် အစက်များမှာမူ လေထုထဲတွင် နာရီပေါင်းများစွာ ရှိနိုင်ပြီး မီတာ ဆယ်ဂဏန်းနှင့်ချီ အကွာအဝေးအထိ ပျံနှံ့ရောက်ရှိနေနိုင်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလက တရုတ်စားသောက်ဆိုင်တစ်ခုတွင် ဖောက်သည်များသည် အဲယားကွန်းမှ ထွက်လာသည့် လေမှတစ်ဆင့် ကူးစက်ခံခဲ့ရကြောင်း လေ့လာချက်တစ်ရပ်တွင် ဖော်ပြထားသည်။

ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) ၏ လေ့လာချက်တစ်ရပ်တွင်လည်း မတ်လအတွင်း ဝါရှင်တန်၌ ဓမ္မတေး သီဆိုလေ့ကျင့်မှုတစ်ခုအတွင်း ပါဝင်နေသူများသည် ဗိုင်းရပ်စ်ကူးစက် ခံခဲ့ရကြောင်း ဖော်ပြထားသည်။ အဆိုပါ လေ့ကျင့်မှုအတွင်း လူ ၅၃ ဦး နာမကျန်းဖြစ်ပြီး နှစ်ဦး သေဆုံးခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မိမိတို့သည် အဆိုပါ ဆောင်းပါးအား ပညာရှင်များဖြင့် လေ့လာသုံးသပ်နေကြောင်း ပြန်လည် ပြောကြားထားသည်။

“ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကိုရိုနာဗိုင်းရပ်စ် လေထုမှတစ်ဆင့် ပျံ့နှံ့ကြောင်း သက်သေပြရန် ခိုင်လုံသော အထောက်မထားမရှိဟု ဆိုသော်လည်း မိမိတို့အနေဖြင့်မူ ကိုရိုနာဗိုင်းရပ်စ်သည် လေထုမှတစ်ဆင့် မပျံ့နှံ့ကြောင်း သက်သေပြရန် ခိုင်လုံသောအထောက်အထား မရှိဟူသာ ပြောကြားလိုကြောင်း” ပညာရှင်များအနက် တစ်ဦးကပြောကြားသွားသည်။

ကမ္ဘာတစ်ဝန်းတွင် ဇူလိုင်လ ၇ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု စုစုပေါင်း ၁၂ သန်းဝန်းကျင်၊ သေဆုံးသူ စုစုပေါင်း ၅ သိန်းခွဲဝန်းကျင် ရှိနေပြီဖြစ်သည်။