ဖိလစ်ပိုင်တွင် ကိုဗစ်ကူးစက်မှု မြင့်တက်လာသဖြင့် စည်းကမ်းများ တိုးချဲ့သတ်မှတ်

ဖိလစ်ပိုင်နိုင်ငံတွင် ကိုဗစ်ကူးစက်မှုများ တဟုန်ထိုးမြင့်တက်လာနေသဖြင့် ကန့်သတ်ချက်စည်းကမ်း အသစ်များအား ဗုဒ္ဓဟူးနေ့မှစတင်၍ ချမှတ်မည်ဖြစ်ကြောင်း ဖိလစ်ပိုင်အာဏာပိုင်များက ပြောကြားလိုက်သည်ဟု အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By DMG 05 Jan 2022

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ကျင်းပသည့် ခရစ္စမတ်ပွဲတော်သို့ ရောက်ရှိလာကြသူများအား တွေ့ရစဉ်။ (ဓာတ်ပုံ - Rueuters)

ဖိလစ်ပိုင်နိုင်ငံတွင် ကိုဗစ်ကူးစက်မှုများ တဟုန်ထိုးမြင့်တက်လာနေသဖြင့် ကန့်သတ်ချက်စည်းကမ်း အသစ်များအား ဗုဒ္ဓဟူးနေ့မှစတင်၍ ချမှတ်မည်ဖြစ်ကြောင်း ဖိလစ်ပိုင်အာဏာပိုင်များက ပြောကြားလိုက်သည်ဟု အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဖိလစ်ပိုင်တွင် နေ့စဉ်ကူးစက်မှုပမာဏသည် မြင့်တက်နေသည်မှာ နှစ်လကြာအထိ ရှိနေပြီဖြစ်သည်။ လတ်တလောတွင် ပြည်တွင်း အိုမီခရွန်ကူးစက်မှုများလည်း တွေ့ရှိထားသဖြင့် လာမည့်ရက်များတွင် ကိုဗစ်ကူးစက်မှုများ ပိုမိုမြင့်တက်လာနိုင်ကြောင်း ကျန်းမာရေးအရာရှိများက သတိပေးထားသည်။

ကိုဗစ်ကန့်သတ်ချက် စည်းကမ်းသစ်များသည် ဇန်လဝါရီလ အလယ်ပိုင်းအထိ အသက်ဝင်မည်ဖြစ်သည်။ စည်းကမ်းသစ်အရ ကာကွယ်ဆေးမထိုးရသေးသူများသည် မဖြစ်မနေလိုအပ်ချက်အရ ပစ္စည်းဝယ်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း များမှလွဲ၍ အခြားအချိန်များတွင် အိမ်တွင်း၌သာ နေရမည်ဖြစ်သည်။

စားသောက်ဆိုင်၊ ပန်းခြံ၊ ဘုရားကျောင်း၊ အလှပြင်ဆိုင်များသည်လည်း လုပ်ငန်းလည်ပတ်မှုကို လျှော့ချရမည် ဖြစ်သလို လူကိုယ်တိုင်တက်ရောက်သည့် သင်တန်းများနှင့် အားကစားများကိုလည်း ရပ်ထားရမည်ဖြစ်သည်။

မြို့တော်မနီလာ ပတ်ပတ်လည်ရှိ ဘူလာကန်၊ ကာဗိုက်နှင့် ရစ်ဇယ်ခရိုင်များတွင် ကိုဗစ်-၁၉ ကူးစက်မှုများ သိသိသာသာ မြင့်တက်လာသဖြင့် အဆိုပါဧရိယာများကို တတိယအဆင့် အထူးသတိပေးချက် သတ်မှတ်ထားကြောင်း အင်္ဂါနေ့ထုတ်ပြန်သည့် ကြေညာချက်တွင် သမ္မတ၏ပြောခွင့်ရ ကာလိုနိုဂရာလက်စ်က ပြောကြားထားသည်။

ဖိလစ်ပိုင်နိုင်ငံတွင် မြို့တော်မနီလာရှိ ပြည်သူ ရ၀ ရာခိုင်နှုန်းခန့်သည် ကိုဗစ်ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးပြီဖြစ်သော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကာကွယ်ဆေးထိုးနှံနှုန်းမှာ နိုင်ငံလူဦးရေ၏ ထက်ဝက်အောက်သာ ရှိကြောင်း အစိုးရကထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

ဖိလစ်ပိုင်တွင် ကိုဗစ်ကူးစက်မှု စတင်တွေ့ရှိချိန်မှ လက်ရှိအထိ တရားဝင်မှတ်တမ်းတင်ထားသော ကိုဗစ်ကူးစက်မှုစုစုပေါင်း ၂.၈ သန်းကျော် ရှိကာ သေဆုံးသူစုစုပေါင်း ၅ သောင်းကျော်ရှိသည်။