ရဲတင်းလွန်းသည့် တရုတ်၏ခြေလှမ်းများကြောင့် အာရှတွင်းတည်ငြိမ်အေးချမ်းရေး ပျက်စီးသွားနိုင်သည့် အကြောင်းရင်းသုံးခု

တရုတ်အစိုးရအနေဖြင့် ဗီယက်နမ်နှင့်ဖိလစ်ပိုင်နိုင်ငံတို့ တောင်တရုတ်ပင်လယ်အရေး တောင်းဆို လာသကဲ့သို့ပင် ပြောင်ပြောင်တင်းတင်းပင် ပါဝင်အရေးဆိုလာသည်။ တောင်တရုတ်ပင်လယ်တွင် အမေရိကန်ရေတပ်၏ မကြာသေးခင်က စစ်ရေးပြမှုကို ပြင်းထန်စွာပင်ကန့်ကွက်ခဲ့သည်။ ဖော်ပြပါ လှုပ်ရှားမှုများသည် တရုတ်-အိန္ဒိယနယ်စပ်ဒေသတွင် ပြုမူ ဆောင်ရွက်ခဲ့မှုနှင့်ယှဉ်ပါက နယ်စပ်မှာကဲ့သို့ ထိပ်တိုက်တွေ့အချင်းများမှုထိတော့ ယခုအချိန်ထိ မဖြစ်ပွားသေးပေ။

By မေမိုး 23 Sep 2020



ယနေ့ အာရှသည် စိုးရိမ်ထိတ်လန့်ဖွယ် အန္တရာယ်ချောက်ကမ်းပါးစွန်းအပေါ်တွင် ရောက်နေသည်။ ထိုသို့ဖြစ်ရခြင်းမှာ ကိုဗစ်-၁၉ သက်ရောက်မှုအပေါ် စိုးရိမ်ပူပန်မှုတစ်ခုတည်းကြောင့် မဟုတ်ပေ။ မကြာသေးမီက တရုတ်၏ ကမ္ဘာကို ချဉ်းကပ်ရာတွင် အင်အားအပြည့်ဖြင့် အလှည့်အပြောင်း ဖန်တီးလိုက်ရာ အာရှဒေသတွင်း စစ်အေးခေတ် နှောင်းပိုင်း ကာလတစ်လျှောက်လုံး ငြိမ်းချမ်း တည်ငြိမ်စွာတည်ရှိနေမှုကို အဆုံးသတ်စေမည့်အလားအလာကို ပြနေသဖြင့် တရုတ်၏ လုပ်ဆောင်ချက်များမှာ ပို၍ပင်စိုးရိမ်ဖွယ်ရာ ဖြစ်လာစေသည်။

လွန်ခဲ့သည့်နှစ်အနည်းငယ်ကလည်း တရုတ်ပင်လယ်၏ အရှေ့ဖက်နှင့်တောင်ဖက် ပင်လယ်ရေပြင်တို့တွင် ပဋိပက္ခ မြင့်တက်လာခြင်းကြောင့် အလားတူခန့်မှန်းချက်များ ပေါ်ထွက်ခဲ့သေးသည်။ ထိုကဲ့သို့ နယ်နိမိတ် အငြင်းပွားမှုသည် စစ်ပွဲဖြစ်ပွားသည့်အဆင့်အထိ မရောက်ခဲ့သဖြင့် အဆိုပါ ခန့်မှန်းချက်များသည် အလွန်အမင်းချဲ့ကားရာရောက်ကြောင်း ဆိုခဲ့ကြသည်။

ယခုမူ ကြီးမားသည့် ပြဿနာ သုံးရပ်ကြောင့် အဆိုပါပူပန်မှုသည် ပိုမိုခိုင်မာလာသည်။ ပထမဆုံး အချက်မှာ လွန်ခဲ့သည့် ရက်သတ္တပတ်များအတွင်း တရုတ်နှင့် အိန္ဒိယတို့သည် ကာလရှည်ကြာနေ သည့် နယ်စပ်အငြင်းပွားမှုကို ပိုမိုအရှိန်မြှင့် လာကြသည်။ အာရှအင်အားကြီးနှစ်နိုင်ငံအကြား ဆက်ဆံရေးအကောင်းမွန်ဆုံး တည်ဆောက်ထား နိုင်ခဲ့သည့် ၁၉၉၀ ပြည့်လွန်နှစ်များတွင် ယုံကြည်မှု တည်ဆောက်သည့်အနေဖြင့် မူဘောင်ချမှတ် လက်မှတ် ရေးထိုးခဲ့သည့် လုပ်ဆောင်ချက် များနှင့် ယှဉ်လျှင် နှစ်ဘက်အကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမှာ နောက်ပြန်လှည့် မရလောက်အောင်ပြင်းထန်လာခဲ့သည်။  

နှစ်ဖက် အသေးစားခိုက်ရန်ဖြစ်ပွားမှုမှ သေဆုံးဒဏ်ရာရသူအရေအတွက်မှာ တရုတ်၏ ပြီးခဲ့သည့်နှစ်များအတွင်း လက်ရှိ ဖြစ်ပွားနေဆဲ မည်သည့်နယ်စပ်အငြင်းပွားမှုများထက်မဆို အလွန်အမင်း များပြားနေသည်။ တရုတ်နှင့် အိန္ဒိယ အစိုးရများ သည် ထိုပဋိပက္ခများတွင် အတိုင်းအတာတစ်ခု အထိ ထောက်ခံပေးနေကြောင်း ပေါ်ထွက်လာသည်။

သို့သော် ဟိမဝန္တာတောင်တန်းတွင် ဖြစ်ပွားခဲ့သည့် မည်သည့်တိုက်ခိုက်မှုမျိုးပင်ဖြစ်စေ တရုတ်၏ အိန္ဒိယနှင့်အခြား ကျန်အာရှနိုင်ငံများနှင့် ဆက်ဆံရေးကို ပြောင်းလဲသွားစေနိုင်သည့် အလွန် အရေးကြီးသည့် အလှည့်အပြောင်းအဖြစ် ရှိနေသည်သာဖြစ်သည်။ ထိုဖြစ်ရပ်သည် စစ်တပ် အသုံး ချမှုအရာ၌ တရုတ်၏ ထိန်းထိန်းသိမ်းသိမ်းကိုင်တွယ်မှုတွင် ကာလရှည်ရှိနေသည့်စံချိန်ကို ကျိုးပျက်စေခဲ့သည်။

ဒုတိယအကြောင်းမှာ တရုတ်အစိုးရသည် တောင်တရုတ်ပင်လယ်တွင် သူ့၏ အာဏာစက်ချိန်ခွင်လျှာကို ပိုမိုအလေး သာအောင်လုပ်လာနေခြင်းဖြစ်သည်။ ယခင်ထက် ပိုမိုခိုင်မာသောရပ်တည်ချက်ဖြင့် ထိန်းချုပ်နိုင်ရေး သိသိသာသာပင် ဆောင်ရွက်နေခြင်းဖြစ်သည်။ ယခုနှစ်များအတွင်း တရုတ်သည် ရေတပ်အင်အား ဖြန့်ကြက်နိုင်မှုစွမ်းဆောင်ရည်ကို အဆင့်မြှင့်တင်ပြီး တိုးချဲ့လာခဲ့သည်။ ထို့ပြင် ရေပိုင်နက်ဧရိယာအား အာဏာထိန်းချုပ်ခွင့်ရရေး ကြိုးပမ်းသည့် တစ်လျှောက်လုံးတွင် တရုတ်၏ ရုပ်ပိုင်းဆိုင်ရာ အားကောင်းစွာ ထာဝရတည်ရှိနိုင်ရေးအတွက် ပကတိအခြေအနေ တစ်ရပ်ကို ထိုကျွန်းစုတည်ဆောက်မည့်မဟာဗျူဟာက ဖန်တီးလိုက်ခြင်းဖြစ်သည်။

သမ္မတ ရှီကျင့်ဖျင်သည် ပိုမိုခိုင်မာသည့် မူဝါဒချမှတ်ရေးအတွက် တွန်းအားတစ်ခုအဖြစ် ထိုအင်အားသစ်များသုံးခြင်းကို ယခုအထိ လက်ရှောင်နေဆဲဖြစ်သည်။ သို့စေကာမူ လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်း တရုတ်အရန်ငွေကို သုံးစွဲလိုက်ပြီဖြစ်သည်။

တရုတ်အစိုးရအနေဖြင့် ဗီယက်နမ်နှင့်ဖိလစ်ပိုင်နိုင်ငံတို့ တောင်တရုတ်ပင်လယ်အရေး တောင်းဆို လာသကဲ့သို့ပင် ပြောင်ပြောင်တင်းတင်းပင် ပါဝင်အရေးဆိုလာသည်။ တောင်တရုတ်ပင်လယ်တွင် အမေရိကန်ရေတပ်၏ မကြာသေးခင်က စစ်ရေးပြမှုကို ပြင်းထန်စွာပင်ကန့်ကွက်ခဲ့သည်။ ဖော်ပြပါ လှုပ်ရှားမှုများသည် တရုတ်-အိန္ဒိယနယ်စပ်ဒေသတွင် ပြုမူ ဆောင်ရွက်ခဲ့မှုနှင့်ယှဉ်ပါက နယ်စပ်မှာကဲ့သို့ ထိပ်တိုက်တွေ့အချင်းများမှုထိတော့ ယခုအချိန်ထိ မဖြစ်ပွားသေးပေ။

တတိယအချက်အားဖြင့် တရုတ်အချုပ်အခြာအာဏာပြန်လည်ရရှိသည့် ၁၉၉၇ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ကတည်းက ဟောင်ကောင်မြို့တော်ကိုအုပ်ချုပ်နေသည့် အခြေခံဥပဒေနှင့် ဆန့်ကျင်နေပြီး ဟောင်ကောင်အတွက် သီးခြားပြဌာန်း လိုက်သည့် အမျိုးသားလုံခြုံရေးဥပဒေသစ်ကို လေ့လာသူ များက ဖော်ထုတ်ခဲ့သည်။  ထိုအချက်ကိုကြည့်ခြင်းအားဖြင့် သမ္မတရှီသည် ရှေ့အဆက်ဆက် လုပ်ဆောင်ခဲ့သည့် လမ်းစဉ်အတိုင်း ဆက်လက်လုပ်ဆောင်ခြင်းမရှိတော့သည်ကို မြင်နိုင်သည်။ တရုတ်နယ်မြေပေါင်းစည်းခြင်းနှင့်စပ်လျဉ်း၍ ရှေ့ခေါင်းဆောင် အဆက်ဆက် ရင်ဆိုင်ဖြေရှင်းခဲ့ရသည့် စိန်ခေါ်မှုများကို ခွဲခြားကြည့်လျှင် သမ္မတရှီ ယနေ့ရင်ဆိုင်ရသည့် ပြဿနာရပ်တွင် သူ့နိုင်ငံသားများအတွက် ပိုမိုခိုင်မာ ပြတ်သားရတော့မည်ဖြစ်သည်။

ဥပဒေကြမ်းသည် ဟောင်ကောင်အတွက် ရိုက်ခတ်မှုရှိလာပြီဖြစ်သည်။ မြို့ရှိလူတစ်ချို့သည် ဥပဒေကို ကြိုဆိုပြီး တစ်ချို့ က လတ်တလောဖြစ်ပွားနေသော ဆန္ဒပြပွဲများအားထောက်ခံကြောင်း ပြထားသည့် ၎င်းတို့၏ လူမှုကွန်ရက် ပရိုဖိုင်လ် များအား ပြန်လည်ဖျက်လိုက်ကြသည်။ အဆိုပါ လှုပ်ရှားမှု ခေါင်းဆောင်များသည် ၎င်းတို့၏ ဆန့်ကျင်သည့် အသံ ကိုကြားနိုင်ရန် မည်သို့ဆက်လုပ်ရမည်ကို သေချာချိန်ဆရန် သူတို့ကို မြင်သာနိုင်မည့်အခြေအနေအား လျှော့ချ လာပြီဖြစ် သည်။ ဆန္ဒပြသူများအား စတင်ဖမ်းဆီးနေပြီဖြစ်သည်။

ဟောင်ကောင်ကို ကျန်အာရှနိင်ငံများ အထူးသဖြင့် ထိုင်ဝမ်အပေါ် ချဉ်းကပ်ခဲ့သည့် တရုတ်ခေါင်းဆောင်၏ နိုင်ငံရေး ကစားကွက်ကို ထောက်ခံမှုပိုမိုမြင့်တက်လာစေရေး ကြိုးပမ်းချက်သည် ပိုမိုကျယ်လောင်လာသည်။ ထိုင်ဝမ်ကျွန်းစု သည် လည်း တရုတ်အစိုးရ၏ အမျိုးသားစည်းလုံးမှုကို မည်သည့်နေရာတွင်မဆို ရှေ့တန်းတင်လုပ်ဆောင်လာမှုကို သတိပြု မိလာပြီဖြစ်သည်။ အဆိုပါ ကိစ္စကို ဖြေရှင်းရာ၌ အဓိကအကြောင်းရင်းမှာ ထိုင်ဝမ်သားများအနေဖြင့် ၎င်းတို့သည် တရုတ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု မမှတ်ယူကြတော့ခြင်းဖြစ်သည်။ အကျိုးဆက်အနေဖြင့် တရုတ်အစိုးရနှင့် တိုင်ပေအကြား ပဋိပက္ခဖြစ်ပွားမည့်အလားအလာမှာ ပိုတိုးလာရခြင်းဖြစ်သည်။

အထက်တွင် ဆိုခဲ့သည့်အလားအလာသည် အာရှတွင် ပေါ်ပေါက်လာဦးမည့် ပျက်သုဉ်းမှုကို မလျှော့ချနိုင်တော့ပါ။ လက်ရှိဖြစ်ပျက်နေမှုကို ဖြိုချလိုက်ခြင်းသည်လည်း ဆုံးခန်းတိုင်ပြီမဆိုနိုင်ပါ။ တရုတ်နှင့် အမေရိကန်ကြား တင်းမာမှုများ ဆက်ဖြစ်နေလျှင် တောင်တရုတ်ပင်လယ်တွင် စစ်ရေးတိုက်ခိုက်မှုပင် ဖြစ်ပွားလာနိုင်သည်။

အခြေအနေများသည် ယခုပင်လျှင်ဆိုးဝါးနေပြီးဖြစ်ရာ အင်အားကြီးနှစ်နိုင်ငံသည် တစ်ဘက်နှင့် တစ်ဘက်လွှမ်းမိုးရန် ကြံရွယ်ပြီး တိုက်ခိုက်ခြင်းထက် ပိုလာမည်ဆိုလျှင် ထင်မှတ်မထားလောက်အောင် အကြီးအကျယ် ပိုဆိုးလာရန် သာရှိတော့သည်။

တရုတ်သည် ဒိုင်အိုယု/ဆန်ကာကူကျွန်းစု အရေးတွင် ဂျပန်နှင့်ပဋိပက္ခ ပိုမိုမြင့်တက်အောင်လုပ်မည်ဆိုလျှင်လည်း ပိုဆိုးလာမည်ဖြစ်သည်။ ထိုအရေးနှင့်ဆက်စပ်ပြီး နှစ်နိုင်ငံလုံးတွင် အမျိုးသားရေး စိတ်ဓာတ်များ ပိုမိုအားကောင်းလာပြီး ၂၀၁၂ ခုနှစ်က ထူးမခြားနားဖြစ်သည့် ရေကြောင်း နယ်မြေတွင် လိပ်ခဲတည်းလည်းဖြစ်မှု အထူးပေါက်ကွဲလာနိုင်ပြီး တည်ငြိမ်မှုပျက်ပြားသွားနိုင်သည်။

တရုတ်သည် ဟောင်ကောင်ကို ဖြိုခွဲရန်ရည်ရွယ်ပြီး လုံခြုံရေးဥပဒေအသစ်ကို အသုံးချမည်ဆိုလျှင်လည်း အလွန် အန္တရာယ်များမည်။ အကယ်၍ တရုတ်အစိုးရသည် ဥပဒေကို လက်ကိုင်တုတ်သဖွယ် အသုံးချမည်ဆိုလျှင် တရုတ်နိုင်ငံနှင့် ဟောင်ကောင်တို့ကြားတွင်ရှိနေသော အထူးဆက်ဆံရေးကို ဆုံးရှုံးသွားနိုင်ရုံမျှမက ကမ္ဘာကြီးနှင့်လည်း အဆက်ပြတ် သွားနိုင်သည်။ နောက်ဆုံးတွင် ဘေဂျင်းသည် ထိုင်ဝမ်အရေးမှာလည်း အလားတူရပ်တည်ချက်မျိုးပဲ ဆက်ပြီးလုပ်မည် ဆိုလျှင် ထိုင်ဝမ်ရေလက်ကြားတွင် စစ်မက်ဖြစ်ပွားသည်အထိ ဖြစ်သွားနိုင်သည်။

နေ့သစ်ရောက်ချိန်တွင် အာရှတိုက်မှာ ရောင်နီထွန်းဦးမည်သာ ဖြစ်သည်။ ဆယ်စုနှစ်ပေါင်းများစွာ စိုးရိမ်ပူပန်မှုများနှင့် စိုထိုင်းနေသည့် နေရာမျိုးတွင်လည်း ရောင်နီသာဦးမည်။ လာမည့် အနာဂတ်မှာ မိုးပြိုခဲ့သည်ဆိုစေဦးတော့၊ မမျှော်လင့်ဘဲ ရင်ဆိုင်ရသကဲ့သို့ ဝရုန်းသုန်းကား မဖြစ်သင့်ပါပေ။ အန္တရာယ်အငွေ့အသက်များက နေရာတိုင်းမှာ မြင်နေရပြီးသား မဟုတ်ပါလား။

မေမိုး
(South China Morning Post တွင် ဖော်ပြထားသော Three reasons China’s increasing assertiveness is a threat to Asia’s long-standing peace and stability by Allen Carlson ကို မြန်မာပြန်ဆိုပါသည်။ သရုပ်ဖော်ပုံ - Craig Stevens)

မှတ်ချက် ။    ။ ဆောင်းပါးရှင် အယ်လန်ကာဆန်သည် ကော်နဲလ်တက္ကသိုလ်၏ အစိုးရဌာနမှ တွဲဘက်ပါမောက္ခတစ်ဦး ဖြစ်သည်။ တရုတ်-အမေရိကန် ဆက်ဆံရေးသမိုင်းဌာန၏  မိုက်ကယ်ဂျေဇက် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး လက်ဗင်ဆန်၏ တရုတ်နှင့် အာရှ-ပစိဖိတ်လေ့လာရေး အစီအစဉ် ညွှန်ကြားရေးမှူးလည်းဖြစ်သည်။