တရုတ်နှင့်ရုရှား တောင်တရုတ်ပင်လယ်ပြင်တွင် ကျည်အစစ်များဖြင့် ပူးတွဲစစ်ရေးလေ့ကျင့်

တရုတ်-ရုရှား ‘ပင်လယ်ပြင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး - ၂၀၂၄’ ရေတပ်စစ်ရေးလေ့ကျင့်မှု ဖွင့်ပွဲကို တရုတ်ပြည် ရှန်ကျန်းဆိပ်ကမ်းတွင် ကျင်းပခဲ့ကြောင်း တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနက တယ်လီဂရမ်တွင် ဖော်ပြသည်။

By Admin 17 Jul 2024

ဓာတ်ပုံ - AP
ဓာတ်ပုံ - AP

နိုင်ငံအများအပြားနှင့် ရေပြင်ပိုင်နက် အငြင်းပွားမှုများရှိနေသည့် တောင်တရုတ်ပင်လယ်ပြင်တွင် တရုတ်နှင့် ရုရှားတို့ ပူးပေါင်းပြီး ရေတပ်စစ်ရေးလေ့ကျင့်မှု တစ်ရပ် စတင်လိုက်ကြောင်း တရုတ်အစိုးရပိုင် သတင်းဌာန၏ ကြေညာချက်ကို ကိုးကားပြီး ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တရုတ်-ရုရှား ‘ပင်လယ်ပြင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး - ၂၀၂၄’ ရေတပ်စစ်ရေးလေ့ကျင့်မှု ဖွင့်ပွဲကို တရုတ်ပြည် ရှန်ကျန်းဆိပ်ကမ်းတွင် ကျင်းပခဲ့ကြောင်း တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနက တယ်လီဂရမ်တွင် ဖော်ပြသည်။

ယခုစစ်ရေးလေ့ကျင့်မှုအတွင်း ရုရှား၏ ပစိဖိတ်ရေတပ်နှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ရေတပ်မှ သင်္ဘောများ ပူးပေါင်းပြီး လေကြောင်းရန်ကာကွယ်ရေးနှင့် ရေငုပ်သင်္ဘော တန်ပြန်တိုက်ခိုက်မှု လေ့ကျင့်ခန်းများ ပါဝင်မည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဘက်ကလည်း ထုတ်ပြန်ထားသည်။

သုံးရက်ကြာ ယခုလေ့ကျင့်မှုအတွင်း နှစ်ဘက်မှ စစ်သင်္ဘော သုံးစီးထက်မနည်း ပါဝင်မည်ဖြစ်သည်။

ယခုစစ်ရေးလေ့ကျင့်မှု၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် ရုရှားနှင့် တရုတ်ရေတပ်တို့ ပူးပေါင်းပြီး လက်နက်ကြီး ပစ်ခတ်မှုများလည်း ပါဝင်မည်ဟု ရုရှား၏ ပစိဖိတ်ရေတပ်မှ ပြောကြားချက်ကို ကိုးကားပြီး အစိုးရပိုင် RIA သတင်းဌာနက ဖော်ပြသည်။ တောင်တရုတ်ပင်လယ် ရေပြင်အတွင်း မည်သည့်နေရာတွင် လေ့ကျင့်မည်ကိုမူ သတင်းတွင် မဖော်ပြထားပေ။

တရုတ်သည် တောင်တရုတ်ပင်လယ် ရေပြင်အားလုံးနီးပါးကို ၎င်းပိုင်အဖြစ် ပြောကြားထားသည်။ အဆိုပါအငြင်းပွားမှုအတွင်း ဖိလစ်ပိုင်နှင့် လက်ရှိရင်ဆိုင်နေရသည့် စက်ကင်းသောမက်စ်ရှော ကျွန်းနေရာလည်း ပါဝင်သည်။ 

တရုတ်နှင့် ရုရှားသည် ၂၀၂၂ ခုနှစ်မှစတင်၍ အကန့်အသတ်မရှိ ပူးပေါင်းဆောင်ရွက်ရေး အတွက် သဘောတူထားသည်။ တရုတ်သည် ရုရှား၏ ယူကရိန်းကျူးကျော်စစ်ကိုလည်း ကန့်ကွက်ရှုတ်ချမှု တစုံတရာ မရှိသလို တရုတ်ထုတ်ကုန်များကိုလည်း ရုရှားသို့ အရှိန်မြှင့် တင်သွင်းကာ မော်စကို၏ စစ်ဘက်စီးပွားရေး အဆင်ပြေအောင် ထိန်းညှိပေးထားသည်။

၂၀၂၂ ခုနှစ်အတွင်း ရုရှား-တရုတ် ကုန်သွယ်ရေးသည် သူ့ရှေ့နှစ်ထက် ၂၆.၃ ရာခိုင်နှုန်း မြင့်တက်ပြီး အမေရိကန်ဒေါ်လာ ၂၄၀.၁ ဘီလျံအထိ စံချိန်တင်ခဲ့သည်။ တစ်ချိန်တည်းတွင် အမေရိကန်-တရုတ် ကုန်သွယ်ရေးမှာမူ ၁၁.၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားပြီး ဒေါ်လာ ၆၆၄.၅ ဘီလျံသာရှိခဲ့သည်။

ဗီဒီယိုများ