တောင်တရုတ်ပင်လယ် ပဋိပက္ခအတွင်း သင်္ဘောသားတစ်ဦး လက်ချောင်း ပြတ်သွားသည်ဟု ဖိလစ်ပိုင်ပြော

ဖိလစ်ပိုင်သည် အပြင်းပွားရေပြင်ရှိ စက်ကင်းသောမက်စ်ရှော ရေတပ်စခန်းသို့ ထောက်ပံ့ရေးပစ္စည်းများ ပေးပို့ရန် ဘုတ်ခြောက်စီးကို နေရာခွဲ၍ စေလွှတ်ခဲ့ပြီးနောက် ယခုဖြစ်ရပ် ကြုံခဲ့ရခြင်း ဖြစ်သည်။

By Admin 19 Jun 2024

စက်ကင်းသောမက်စ်ရှော စခန်းသို့ ထောက်ပံ့ရေးပစ္စည်းများ သွားရောက်ပို့ဆောင်သည့် ဖိလစ်ပိုင်ဘုတ်တစ်စီးအား တရုတ်ကမ်းခြေစောင့် သင်္ဘောနှစ်စင်းက ရေအမြောက်ဖြင့် လှမ်းထိုးနေသည်ကို ၂၀၂၄ ခုနှစ် မေလ ၄ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - Philippine Coast Guard

ဇွန်လ ၁၇ ရက်နေ့က တောင်တရုတ်ပင်လယ် ရေပြင်တွင် ဖိလစ်ပိုင်သင်္ဘောအား တရုတ်သင်္ဘောက “ပြင်းထန်သောအရှိန်ဖြင့် တမင်တကာ ဝင်ဆောင့်ခဲ့သည့်” ဖြစ်ရပ်အတွင်း သင်္ဘောသားတစ်ဦးတွင် ပြင်းထန်ဒဏ်ရာ ရရှိသွားပြီး လက်ချောင်းငယ် ပြတ်ထွက်သွားသည်ဟု ဖိလစ်ပိုင်စစ်တပ်က ၁၈ ရက်နေ့တွင် ပြောကြားသည်။

ဖိလစ်ပိုင်သည် အပြင်းပွားရေပြင်ရှိ စက်ကင်းသောမက်စ်ရှော ရေတပ်စခန်းသို့ ထောက်ပံ့ရေးပစ္စည်းများ ပေးပို့ရန် ဘုတ်ခြောက်စီးကို နေရာခွဲ၍ စေလွှတ်ခဲ့ပြီးနောက် ယခုဖြစ်ရပ် ကြုံခဲ့ရခြင်း ဖြစ်သည်။

ဖိလစ်ပိုင်ထောက်ပံ့ရေးဘုတ်ကို တရုတ်သင်္ဘောက အရှိန်ဖြင့်ဝင်ဆောင့်ခဲ့သည့်အတွက် သင်္ဘောသားအများအပြား ဒဏ်ရာရသွားပြီး တစ်ဦးမှာ လက်ချောင်းငယ် ပြတ်သွားသည်ဟု ဖိလစ်ပိုင် သတင်းဌာန GMA ကလည်း ၁၇ ရက်နေ့က သတင်းဖော်ပြခဲ့သည်။ ထို့အပြင် တရုတ်ကမ်းခြေစောင့်တပ်သည် ဖိလစ်ပိုင်စစ်သားများထံမှ လက်နက်များကိုပါ သိမ်းယူသွားသည်ဟု သတင်းတွင် ဖော်ပြသည်။

ဒဏ်ရာရသူကို ဘေးကင်းလုံခြုံစွာ ခေါ်ဆောင်ခဲ့ပြီးနောက် ဆေးဝါးကုသပေးနေကြောင်း စစ်တပ်၏ ပြည်သူ့ရေးရာ အကြီးအကဲ ဗိုလ်ချုပ်ကြီး ဆာဆက်ထရီနီဒက်က ယမန်နေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ပြောကြားထားသည်။ တရုတ် ကမ်းခြေစောင့်တပ်၏ ‘ရန်လိုသောအပြုအမူ’ သည် ‘လက်ခံနိုင်ဖွယ်ရာမရှိ’ ဟုလည်း သူကပြောသည်။

တရုတ်ကမူ ဖိလစ်ပိုင် ထောက်ပို့သင်္ဘောသည် တရုတ်သင်္ဘောကို ‘တမင်တကာဝင်တိုက်’ ခဲ့သည်ဟု ထုတ်ပြန်သည်။ မိမိတို့ဘက်က ဥပဒေနှင့်အညီ သတိပေးခြင်း၊ သင်္ဘောပေါ်သို့ တက်ရောက်စစ်ဆေးခြင်း၊ ဖိလစ်ပို်င်သင်္ဘောကို ပြန်လည်နှင်ထုတ်ခြင်းများ ပြုလုပ်ခဲ့သည်ဟုလည်း တရုတ်က ပြောကြားထားသည်။

တောင်တရုတ်ပင်လယ်ပြင်ရှိ အငြင်းပွားရေပြင်အတွင်း၌ တရုတ်နှင့် ဖိလစ်ပိုင်တို့၏ ပဋိပက္ခသည် ဒဏ်ရာ ရသည်အထိ အရှိန်မြင့်လာသည်ကို ယခုနောက်ဆုံး ဖြစ်ရပ်က ပြသလျက်ရှိသည်။ တရုတ်ကမူ အဆိုပါရေပြင်၌ မိမိတို့သည် ဥပဒေနှင့်အညီသာ လုပ်ဆောင်နေခြင်းဟု ပြောကြားထားသည်။

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်က မိမိတို့တပ်သား တစ်ဦးဦးသာ ပြည်ပတိုက်ခိုက်မှုကြောင့် သေဆုံးရခြင်းရှိလာပါက အမေရိကန်နှင့် ချုပ်ဆိုထားသည့် အပြန်အလှန်ကာကွယ်ရေး စာချုပ်အရ ဆက်လက်ဆောင်ရွက်သွားမည်ဟု ပြီးခဲ့သောလများအတွင်း ပြောကြားထားသည်။

ဗီဒီယိုများ