တောင်တရုတ်ပင်လယ် ငြိမ်းချမ်းရေးအတွက် အာဆီယံနှင့်လက်တွဲဆောင်ရွက်ရန် အသင့်ရှိဟု တရုတ်ပြော

အာဆီယံအဖွဲ့ဝင် အရှေ့တောင်အာရှနိုင်ငံများသည် တောင်တရုတ်ပင်လယ်တွင် တရုတ်နိုင်ငံက ၎င်းတို့၏ အချုပ်အခြာ အာဏာပိုင်ခွင့်အပေါ် မလေးစားမှုများနှင့် စွမ်းအင်တူးဖော်ရေးလုပ်ငန်း၊ ငါးမျှားလုပ်ငန်းတို့တွင် ပိတ်ပင်တားဆီးမှုများအပေါ် မကျေမနပ်ဖြစ်လျက်ရှိကာ အများသဘောနှင့်အညီ ဥပဒေစည်းမျဉ်းသတ်မှတ်ချက်တစ်ရပ် ရေးဆွဲနိုင်ရန် ရည်မှန်းချက်တစ်ရပ် ချမှတ်ထားသည်မှာ ကာလကြာရှည် ရှိပြီဖြစ်သည်။

By Foreign Desk 04 Nov 2019

 

တောင်တရုတ်ပင်လယ် ရေပြင်အားလုံးနီးပါးကို တရုတ်တို့က ၎င်းတို့၏ပိုင်နက်အဖြစ် အရေးဆိုလျက်ရှိပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံအတော်များများနှင့် ကာလကြာရှည်အငြင်းပွားမှုများ ရှိနေသည်။ Photo Credit - AFP

တောင်တရုတ်ပင်လယ်တွင် ရေရှည် တည်ငြိမ်အေးချမ်းမှု ရရှိရန်အတွက် အာဆီယံနိုင်ငံများနှင့် လက်တွဲဆောင်ရွက်ရန် အသင့်ရှိကြောင်း တရုတ်ဝန်ကြီးချုပ် လီကွတ်ချောင်က တနင်္ဂနွေနေ့တွင် ပြောကြားလိုက်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပလျက်ရှိသော အာဆီယံထိပ်သီးအစည်းအဝေးပွဲတွင် ဝန်ကြီးချုပ်ချောင်က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

ရေကြောင်းကုန်သွယ်မှုအတွက် အရေးပါလှသော တောင်တရုတ်ပင်လယ် ရေပြင်အားလုံးနီးပါးကို တရုတ်တို့က ၎င်းတို့၏ပိုင်နက်အဖြစ် အရေးဆိုလျက်ရှိပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံအတော်များများနှင့် ကာလကြာရှည် အငြင်းပွားမှုများ ရှိနေခြင်းဖြစ်သည်။

သို့ရာတွင် ဘန်ကောက်မြို့အစည်းအဝေးတွင် အာဆီယံနိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံရာ၌မူ ဝန်ကြီးချုပ်ချောင်က အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ရပြီး လာမည့် ၃ နှစ်အတွင်း အပြီးသတ်နိုင်ရန် သတ်မှတ်ထားသော တောင်တရုတ်ပင်လယ်ဆိုင်ရာ သဘောတူညီမှုစည်းမျဉ်းများ ရေးဆွဲချမှတ်ခြင်းလုပ်ငန်း၌ တိုးတက်မှုများရှိနေကြောင်း အလေးပေး ပြောကြားသွားခဲ့သည်။

''သတ်မှတ်ထားတဲ့အချိန် ၃ နှစ်တာအတွင်း တောင်တရုတ်ပင်လယ်မှာ အများဆန္ဒနဲ့ကိုက်ညီတဲ့ ရေရှည် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးရရှိစေဖို့အတွက် အာဆီယံနဲ့ လက်တွဲဆောင်ရွက်သွားဖို့ ကျွန်တော်တို့ ဆန္ဒရှိပါတယ်'' ဟု ဝန်ကြီးချုပ်ချောင်က ထုတ်ပြန်ကြေညာချက်တစ်ရပ်တွင် ပြောကြားထားသည်။

အာဆီယံအဖွဲ့ဝင် အရှေ့တောင်အာရှနိုင်ငံများသည် တောင်တရုတ်ပင်လယ်တွင် တရုတ်နိုင်ငံက ၎င်းတို့၏ အချုပ်အခြာ အာဏာပိုင်ခွင့်အပေါ် မလေးစားမှုများနှင့် စွမ်းအင်တူးဖော်ရေးလုပ်ငန်း၊ ငါးမျှားလုပ်ငန်းတို့တွင် ပိတ်ပင်တားဆီးမှုများအပေါ် မကျေမနပ်ဖြစ်လျက်ရှိကာ အများသဘောနှင့်အညီ ဥပဒေစည်းမျဉ်းသတ်မှတ်ချက်တစ်ရပ် ရေးဆွဲနိုင်ရန် ရည်မှန်းချက်တစ်ရပ် ချမှတ်ထားသည်မှာ ကာလကြာရှည် ရှိပြီဖြစ်သည်။

၃၅ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို အောက်တိုဘာလ၊ ၃ ရက်(တနင်္ဂနွေနေ့) တွင်တရားဝင် စတင်ခြင်းဖြစ်ပြီး ညီလာခံအတွင်း အာဆီယံအဖွဲ့ဝင်မဟုတ်သော အခြားကမ္ဘာ့အင်အားကြီး နိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယ၊  အမေရိကန်၊ ဂျပန် တို့နှင့် အာဆီယံအဖွဲ့ကြာ းဆွေးနွေးပွဲများကိုလည်း ထည့်သွင်းကျင်းပသွားရန် ရှိနေသည်။

ယင်းသို့ ထည့်သွင်းကျင်းပသွားမည့် ဆွေးနွေးပွဲများထဲတွင် ၂၂ ကြိမ်မြောက် အာဆီယံ-တရုတ်ဆွေးနွေးပွဲ၊ ၁၆ ကြိမ်မြောက် အာဆီယံ-အိန္ဒိယဆွေးနွေးပွဲ၊ ၁၄ ကြိမ်မြောက် အာဆီယံ-အရှေ့အာရှဆွေးနွေးပွဲ (EAS)၊ ၁၀ ကြိမ်မြောက် အာဆီယံ-ကုလ ဆွေးနွေးပွဲ၊ ၂၂ ကြိမ်မြောက် အာဆီယံအပေါင်းသုံး ဆွေးနွေးပွဲ စသည့်ဆွေးနွေးပွဲများ ပါဝင်လျက်ရှိသည်။

ယခုနှစ် အာဆီယံထိပ်သီးအစည်းအဝေးပွဲအား " ရေရှည်တည်တံ့ခိုင်မြဲရေး ပူးပေါင်းဆောင်ရွက်မှုကို အဆင့်မြှင့်တင်ခြင်း" ဟူသည့်ခေါင်းစဉ်အပေါ်တွင် မူတည်၍ အဓိကထား ကျင်းပသွားမည်ဖြစ်သည်။