အိုင်စီစီ စုံစမ်းစစ်ဆေးမှု ခုခံချေပရန် ပြင်ဆင်မည်ဟု ဖိလစ်ပိုင်သမ္မတ ဒူတာတေး ဆို

အိုင်စီစီနှင့် ပူးပေါင်းဆောင်ရွက်မည် မဟုတ်ကြောင်း ယခင်က အခိုင်အမာ ပြောဆိုထားပြီးနောက် သူ၏ အသေအကြေများသော မူးယစ်တိုက်ဖျက်ရေး လုပ်ဆောင်ချက် အပေါ် နိုင်ငံတကာ ရာဇဝတ်ခုံရုံး၏ စုံစမ်းစစ်ဆေးမှုအား  ခုခံချေပရန် ပြင်ဆင်မည်ဟု ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက ပြောကြားလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

06 Oct 2021

ဓာတ်ပုံ - AFP

DMG ၊ အောက်တိုဘာ ၆

အိုင်စီစီနှင့် ပူးပေါင်းဆောင်ရွက်မည် မဟုတ်ကြောင်း ယခင်က အခိုင်အမာ ပြောဆိုထားပြီးနောက် သူ၏ အသေအကြေများသော မူးယစ်တိုက်ဖျက်ရေး လုပ်ဆောင်ချက် အပေါ် နိုင်ငံတကာ ရာဇဝတ်ခုံရုံး၏ စုံစမ်းစစ်ဆေးမှုအား  ခုခံချေပရန် ပြင်ဆင်မည်ဟု ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက ပြောကြားလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဒူတာတေး၏ မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေး စီမံချက်အပေါ်  အပြည့်အဝစုံစမ်းစစ်ဆေးရန် အိုင်စီစီ တရားသူကြီးများက စက်တင်ဘာလတွင် တရား‌ဝင်ခွင့်ပြုခဲ့သည်။ ၎င်းစီမံချက်တွင် ခန့်မှန်းခြေအားဖြင့် လူပေါင်းသောင်းနှင့်ချီ သေဆုံးခဲ့ပြီး ၎င်းလုပ်ရပ်သည် တရားမဝင်ဘဲ အရပ်သားပြည်သူများအပေါ် စနစ်တကျ ကျူးလွန်တိုက်ခိုက်သည့် ပုံမျိုးဖြစ်နေသည်ဟု လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသည့် အဖွဲ့များက ပြောဆိုကြသည်။

စုံစမ်းစစ်ဆေးမှုနှင့် ပတ်သက်၍ ကြိုတင်ရိုက်ကူးပြီး တနင်္လာနေ့က လူထုထံ ပထမဆုံး ချပြခဲ့သော ထုတ်ပြန်ခဲ့သော အမှာစကား၌ " အိုင်စီစီခုံရုံးမှာ ခုခံချေပဖို့ ပြင်ဆင်ထားမယ်" ဟု သမ္မတဒူတာဒေးက ပြောကြားခဲ့သည်။

သမ္မတဒူတာဒေးသည် ကမ္ဘာ့တစ်ခုတည်းသော အမြဲတမ်း စစ်ရာဇဝတ်မှုခုံရုံးကို ထပ်ကာတလဲလဲ ဝေဖန်ထိုးနှက်လျက်ရှိပြီး ၎င်းတရားရုံးအနေဖြင့်  ဖိလစ်ပိုင်နိုင်ငံကို တရားစီရင်ပိုင်ခွင့်မရှိကြောင်း အခိုင်အမာပြောဆိုထားသည်။

အာဏာရှင်ဆန်ဆန် တဇွတ်ထိုးဆောင်ရွက်လေ့ရှိသည့် သမ္မတဒူတာတေးသည် သည်ဟိဂ်အခြေစိုက် တရားရုံးက ကနဦးစုံစမ်းစစ်ဆေးမှု စတင်ခဲ့ပြီးနောက်တွင် ဖိလစ်ပိုင်နိုင်ငံကို အိုင်စီစီအဖွဲ့ဝင် အဖြစ်မှ နှုတ်ထွက်ခဲ့သည်။ အိုင်စီစီကမူ တရားရုံးအနေဖြင့် ဖိလစ်ပိုင်နိုင်ငံ အိုင်စီစီအဖွဲ့ဝင်အဖြစ် ရှိနေစဉ်အတွင်း ကျူးလွန်ခဲ့သော ရာဇဝတ်ပြစ်မှုများအပေါ် တရားစီရင်ပိုင်ခွင့်ရှိသည်ဟု  တုံ့ပြန်ပြောဆိုထားသည်။