အီကွေဒေါထောင်တွင်း လူဆိုးဂိုဏ်းအဓိကရုဏ်းကြောင့် အနည်းဆုံး ၆၈ ဦး သေဆုံး

အီကွေဒေါနိုင်ငံ၏ အကြီးဆုံးထောင်အတွင်း အကျဉ်းကျနေသည့် ပြိုင်ဘက်ဂိုဏ်းများအကြား စနေနေ့က သေနတ်ကိုင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သဖြင့် အနည်းဆုံး ၆၈ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၂၅ ဦးရှိကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

14 Nov 2021

ဓာတ်ပုံ - AP

DMG ၊ နိုဝင်ဘာ ၁၄

အီကွေဒေါနိုင်ငံ၏ အကြီးဆုံးထောင်အတွင်း အကျဉ်းကျနေသည့် ပြိုင်ဘက်ဂိုဏ်းများအကြား စနေနေ့က သေနတ်ကိုင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သဖြင့် အနည်းဆုံး ၆၈ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၂၅ ဦးရှိကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဂွါယာကီးမြို့ရှိ လစ်တိုရယ်အကျဉ်းထောင်တွင် ဖြစ်ပွားခဲ့သည် အဆိုပါအဓိကရုဏ်းအား ပြန်လည် ထိန်းချုပ်နိုင်ရန် တစ်ရက်လုံးနီးပါး အချိန်ကြာမြင့်ခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။

ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့နေသည့် ဗီဒီယိုများ၌ အလောင်းများ၊ မီးကျွမ်းနေသော ကိုယ်ခန္ဓာများကို အကျဉ်းထောင်အတွင်း တွေ့ရသည်။

နိုင်ငံတကာ မူးယစ်ရာဇာများနှင့် ဆက်စပ်နေသည့် အကျဉ်းသားဂိုဏ်းများ၏ ယခုအဓိကရုဏ်းသည် စနေနေ့ အာရုံတက်အချိန်ခန့်တွင် စတင်ဖြစ်ပွားခဲ့ပြီး ၈ နာရီခန့် ကြာမြင့်ခဲ့သည်။ ထို့နောက်တွင် အကျဉ်းထောင်အတွင်း အခြားနေရာများ၌လည်း အဓိကရုဏ်းအသစ်များ ထပ်မံဖြစ်ပွားခဲ့သည်။

ကနဦးတွင် အကျဉ်းသားများသည် အဆောင် ၂ သို့ ဝင်ရောက်ပြီး သတ်ဖြတ်မှုများ ပြုလုပ်နိုင်ရန်အတွက် နံရံတစ်ခုကို ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲရန် ကြိုးစားခဲ့သလို ၎င်းတို့၏ ပြိုင်ဖက်များ မီးခိုးမွှန်စေရန်အတွက် အိပ်ရာများကိုလည်း မီးရှို့ခဲ့ကြသည်ဟု ဂွါယက်စ်မြို့တော်ဝန် ပါပလိုအာရိုဆီမီနာက ပြောသည်။

ဒရုန်းများဖြင့် ရိုက်ကူးချက်များအရ အဆောင်သုံးခုရှိ အကျဉ်းသားများသည် သေနတ်များ၊ ဖောက်ခွဲရေးပစ္စည်းများ အသုံးပြုခဲ့ကြသည်ကို တွေ့ရကြောင်း ရဲမှူးကြီး တန်ညာဘာရဲလာက ပြောသည်။

အကျဉ်းသားများသည် လက်နက်ခဲယမ်းများကို ထောင်သို့ ရိက္ခာထောက်ပို့သည့် ယာဉ်များမှတစ်ဆင့် ရရှိကြသလို ဒရုန်းများဖြင့်ပါ ရရှိကြကြောင်း အာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။

လစ်တိုရယ်အကျဉ်းထောင်တွင် ပြီးခဲ့သည့် နှစ်လခန့်ကလည်း အကျဉ်းသားဂိုဏ်းများ အချင်းချင်း သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပြီး ၁၁၉ ဦး သေဆုံးခဲ့သည်။ ဖေဖော်ဝါရီလ အတွင်း၌ အကျဉ်းထောင်အများအပြားတွင် အဓိကရုဏ်းများ ဆက်တိုက်ဆိုသလို ပေါ်ပေါက်ခဲ့ပြီး သေဆုံးသူ ရ၉ ဦးအထိ ရှိခဲ့သည်။

အီကွေဒေါနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် ယခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းများကြောင့် သေဆုံးသူစုစုပေါင်း ၃၀၀ ကျော်ရှိသွားပြီဖြစ်ကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။