အီရန်ဗိုလ်ချုပ်ကြီးအား အမေရိကန် လုပ်ကြံ၊ ရေနံဈေး ထိုးတက်

အီရန်ထိပ်တန်း ဗိုလ်ချုပ်ကြီးတစ်ဦးအား အမေရိကန်က လုပ်ကြံလိုက်ပြီးနောက် သောကြာနေ့တွင် ရေနံဈေးမှာ လေးရာခိုင်နှုန်းထက်မနည်း ထိုးတက်သွားသည်ဟု အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ 

By Foreign Desk 03 Jan 2020

အီရန်ဗိုလ်ချုပ်ကြီး ကာဆမ် ဆိုလေမာနီ (အလယ်) အား ၂၀၁၆ စက်တင်ဘာလအတွင်းက တီဟီရန်တွင်ပြုလုပ်သည့် အစည်းအဝေးတစ်ခုတွင် တွေ့ရစဉ်။ (ဓာတ်ပုံ - AP)

အီရန်ထိပ်တန်း ဗိုလ်ချုပ်ကြီးတစ်ဦးအား အမေရိကန်က လုပ်ကြံလိုက်ပြီးနောက် သောကြာနေ့တွင် ရေနံဈေးမှာ လေးရာခိုင်နှုန်းထက်မနည်း ထိုးတက်သွားသည်ဟု အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အီရန် တော်လှန်ရေးအစောင့်တပ်၏ တပ်ဖွဲ့ခွဲ Quds Force ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ကာဆမ် ဆိုလေမာနီသည် သောကြာနေ့အစောပိုင်းက အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော်ရှိ နိုင်ငံတကာလေဆိပ်တွင် အမေရိကန်တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုတစ်ခုအတွင်း သေဆုံးသွားကြောင်း တီဟီရန်နှင့် ဆက်စပ်မှုရှိသည့် အီရတ်လက်နက်ကိုင်တပ် ဟာဆက်ဒ်က ပြောကြားသည်။ 

နောက်ပိုင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ၎င်း၏တွစ်တာအကောင့်၌ အမေရိကန်အလံပုံ ဖော်ပြခဲ့ပြီး ပင်တဂွန်ကလည်း ဆိုမာလေနီအား လုပ်ကြံသတ်ဖြတ်ရန် သမ္မတက အမိန့်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါသတင်း ထွက်ပေါ်လာပြီးနောက် ရင်းနှီးမြှုပ်နှံသူများကြားတွင် စိုးရိမ်ပူပန်မှုများ မြင့်တက်လာပြီး ဘရန့်ရေနံစိမ်း (Brend Crude) ၄.၄ ရာနှုန်း ထိုးတက်သွားကာ တစ်စည်ကို ၆၉.၁၆ ဒေါ်လာ ဖြစ်သွားသည်။ WTI သည်လည်း ၄.၃ ရာနှုန်းတက်သွားပြီး ၆၃.၈၄ ဒေါ်လာ ဖြစ်သွားပြီဖြစ်သည်။

“ဒီကိစ္စက အီရန်ရဲ့အရှိုက်ကို သွားထိုးရုံသက်သက် မဟုတ်တော့ဘူး” ဟု Axi Trader ဘဏ္ဍာရေးကော်ပိုရေးရှင်းမှ အာရှပစိဖိတ် ဈေးကွက်လေ့လာသူ စတီဖင်အင်းနက်စ်က ပြောသည်။

“ဒါက မတရားအင်အားသုံးတာ၊ အရှေ့အလယ်ပိုင်းမှာ နောက်ထပ်စစ်ပွဲတစ်ပွဲ ပေါ်ပေါက်လာအောင် သက်သက် ရန်စတဲ့အပြုအမူပဲ” ဟု သူကဆိုသည်။

အီရန်ဗိုလ်ချုပ်ကြီး ဆိုလေမာနီ အသတ်ခံရသည့်သတင်း ထွက်ပေါ်လာပြီးနောက် ရင်းနှီးမြှုပ်နှံသူများကြားတွင် စိုးရိမ်ပူပန်မှုများ မြင့်တက်လာပြီး ရေနံဈေးများလည်း ထိုးတက်သွားခဲ့သည်။ (ဓာတ်ပုံ - AFP)

ဆိုလေမာနီအား သတ်ဖြတ်မှုသည် အမေရိကန်နှင့် အီရန်ကြား တင်းမာမှုများအား သိသိသာသာ အရှိန်မြင့်သွားစေသည့် လုပ်ရပ်ဖြစ်သည်။

ပြီးခဲ့သော တနင်္ဂနွေနေ့(ဒီဇင်ဘာ ၂၉ ရက်)က အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း အီရန်ကျောထောက်နောက်ခံပေးထားသည့် တိုက်ခိုက်ရေးသမား ၂၅ ဦးထက်မနည်း သေဆုံးခဲ့ရသည်။ ထိုဖြစ်ရပ်အပေါ် မကျေနပ်သူများက ဘဂ္ဂဒက်ရှိ အမေရိကန်သံရုံးအား ကျူးကျော်ဝင်ရောက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ဆိုလေမာနီ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။

အမေရိကန်သံရုံး တိုက်ခိုက်ခံရမှုသည် အမေရိကန်နှင့် အီရတ်တို့အကြားတွင်ရှိနေသော တင်းမာမှုအသစ်များကို ထင်ဟပ်နေပြီး နှစ်ပေါင်းများစွာအတွင်း ဆက်ဆံရေး အအေးစက်ဆုံး အနေအထားဖြစ်ကြောင်း နှစ်နိုင်ငံအရာရှိများက အေအက်ဖ်ပီသတင်းဌာနကို တရားဝင်ပြောကြားထားသည်။