အမေရိကန်လေတပ်စခန်း နှစ်ခုအား အီရန်က ဒုံးကျည်များဖြင့် တိုက်ခိုက်

အမေရိကန်ပစ်မှတ်များအား ပဲ့ထိန်းဒုံးကျည် ၁၅ စင်းဖြင့် ပစ်ခတ်ခဲ့ကြောင်း အီရန်ပိုင်ရုပ်သံက ဖော်ပြခဲ့သည်။ အီရတ်အာဏာပိုင်များကမူ ပစ်ခတ်ခဲ့သော ဒုံးကျည်စုစုပေါင်း ၂၂ စင်းရှိသည်ဟု ပြောကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

By Foreign Desk 08 Jan 2020

(ဓာတ်ပုံ - AP)

အီရတ်ရှိ အမေရိကန်အခြေစိုက် စခန်းနှစ်ခုအား ဗုဒ္ဓဟူးနေ့အစောပိုင်းတွင် အီရန်က ပဲ့ထိန်းဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သည်ဟု အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အီရန်ထိပ်တန်း အရာရှိကြီး ဆိုလေမာနီအား အမေရိကန်က လုပ်ကြံသတ်ဖြတ်မှုအတွက် အီရန်ဘက်က ပထမဆုံး လက်စားချေတိုက်ခိုက်ခြင်းဖြစ်သည်။

အမေရိကန်ပစ်မှတ်များအား ပဲ့ထိန်းဒုံးကျည် ၁၅ စင်းဖြင့် ပစ်ခတ်ခဲ့ကြောင်း အီရန်ပိုင်ရုပ်သံက ဖော်ပြခဲ့သည်။ အီရတ်အာဏာပိုင်များကမူ ဗုဒ္ဓဟူးနေ့ နံနက် ၁ နာရီ ၄၅ မိနစ်နှင့် ၂ နာရီ ၁၅ မိနစ်အကြား ပစ်ခတ်ခဲ့သော ဒုံးကျည်စုစုပေါင်း ၂၂ စင်းရှိသည်ဟု ပြောကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ပဲ့ထိန်းဒုံးကျည်များဖြင့် အင်အယ်လ်-အာဆက် (Ain al-Asad) လေတပ်အခြေစိုက်စခန်းနှင့် အာဘီးလ် (Arbil) မြို့တော်တို့ တိုက်ခိုက်ခံခဲ့ရသည်ဟု ပင်တဂွန်က ပြောကြားသော်လည်း အီရန်ကမူ တစ်နေရာတည်းကိုသာ တိုက်ခိုက်ခဲ့သည်ဟု ပြောကြားသည်။ အီရန်ပြောသော နေရာမှာ အီရတ်အနောက်ပိုင်း အန်ဘာဒေသရှိ အင်အယ်လ်-အာဆက် (Ain al-Asad) လေတပ်အခြေစိုက်စခန်း ဖြစ်သည်။

ဒုံးကျည်များဖြင့် တိုက်ခိုက်ခံခဲ့ရသည့် အယ်လ်-အာဆက် လေတပ်အခြေစိုက်စခန်းတွင် အီရတ်တပ်ဖွဲ့ဝင်များအား ၂၀၁၄ ခုနှစ်က တွေ့ရစဉ်။ (ဓာတ်ပုံ - AFP)

ဒုံးကျည် တိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးသူအရေးနှင့် ပတ်သက်၍ ယခုအချိန်ထိ အတည်မပြုနိုင်သေးပေ။ အမေရိကန်နှင့် အီရတ် အာဏာပိုင်များက သေဆုံးသူ မရှိကြောင်း သတင်းထုတ်ပြန်ထားသည်။ အီရန်ပိုင် ရုပ်မြင်သံကြားက အမေရိကန်အကြမ်းဖက်သမား ၈၀ သေဆုံးပြီး ရဟတ်ယာဉ်များနှင့် စစ်ဘက်အဆောက်အဦများ ပျက်စီးသွားသည်ဟု သတင်းထုတ်ပြန်သော်လည်း သက်သေအချက်အလက်များ ဖော်ပြနိုင်ခြင်း မရှိပေ။

ဂျာမနီ၊ ဒိန်းမတ်၊ နော်ဝေနှင့် ပိုလန်တို့ကလည်း မိမိတို့တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု မရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ အီရတ်သို့ တပ်ဖွဲ့များစေလွှတ်ထားသည့် ဗြိတိန်ကလည်း အီရန်၏ လုပ်ရပ်အပေါ် ရှုတ်ချလိုက်သည်။

တိုက်ခိုက်မှုများဖြစ်ပွားပြီး မကြာမီပင် သမ္မတထရမ့်က ပျက်စီးဆုံးရှုံးမှုများနှင့် ပတ်သက်၍ တွစ်တာပေါ်၌ “အကုန် အခြေအနေကောင်းတယ်” ဟု ရေးသားခဲ့သည်။

သမ္မတထရမ့် မရေးသားမီ အစောပိုင်းကလည်း အီရန် နိုင်ငံခြားရေးဝန်ကြီးသည် တွစ်တာပေါ်၌ “မိမိကိုယ်ကိုယ် ခုခံကာကွယ်ရန်အတွက် မျှတသောဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့သည်” ဟု ရေးသားခဲ့သည်။ မိမိတို့အနေနှင့် တင်းမာမှုများအား အရှိန်မြှင့်ခြင်းမဟုတ်ကြောင်း၊ ထပ်မံပေါ်ပေါက်လာနိုင်သည့် ရန်လိုမှုများအား ခုခံကာကွယ်ခြင်းသာဖြစ်ကြောင် ဝန်ကြီးက ဖြည့်စွက်ရေးသားခဲ့သည်။

ဘဂ္ဂဒက်လေဆိပ်အနီး အမေရိကန်၏ ဒရုန်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားသည့် အီရန်ဗိုလ်ချုပ်ကြီး ကာဆမ် ဆိုလေမာနီသည် အီရန်လူထုက အထူးလေးစားသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ (ဓာတ်ပုံ - AP)

အယ်လ်-အာဆက် လေတပ်အခြေစိုက်စခန်း တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး အစ္စရေး အပါအဝင် အမေရိကန်နှင့် ၎င်း၏ ဒေသတွင်းမဟာမိတ် အဖွဲ့များအနေဖြင့် လက်တုံ့ပြန်သည့် လုပ်ရပ်များ မပြုလုပ်ရန်လည်း အီရန်တော်လှန်ရေးအစောင့်တပ်က သတိပေးထားသည်။
အီရန်အပေါ် ရန်လိုသည့်အပြုအမူရှိသည့် မည်သည့်နေရာမဆို ပစ်မှတ်ထားတိုက်ခိုက်ခံရမည်ဟု အီရန်အစိုးရပိုင် IRNA သတင်းဌာနက ဖော်ပြသည့် ထုတ်ပြန်ချက်တွင် အစောင့်တပ်က ပြောကြားသည်။

“အမေရိကန်က လက်ရှိအခြေအနေနဲ့ တုံ့ပြန်မယ့်အနေအထားတွေကို တွက်ချက်နေပါတယ်။ အမေရိကန်ရဲ့ ပိုင်ဆိုင်မှုတွေနဲ့ ဒေသတွင်းမဟာမိတ်တွေကို ခုခံကာကွယ်ပေးဖို့ လိုအပ်တာတွေ အကုန်ဆောင်ရွက်သွားမယ်” ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး လက်ထောက် ဂျွန်နသန် ဟော့ဖ်မင်းက ပြောကြားသည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက်ဇာရစ် က ဒုံးကျည်တိုက်ခိုက်မှုများ ပြီးဆုံးပြီဟု ပြောသော်လည်း အီရန်နိုင်ငံရေးတွင် အဓိက အဆုံးအဖြတ်ပေးသူ အကြီးအကဲ အယာတိုလာ ခါမေနီကမူ ယခုလုပ်ရပ်သည် အမေရိကန်အား မခံချင်အောင် နားရွက်တွံတေးဆွတ်ခြင်းသာ ဖြစ်ပြီး ဗိုလ်ချုပ်ကြီးဆိုလေမာနီအတွက် လက်စားချေရဦးမည်ဟု နိုင်ငံပိုင်ရုပ်မြင်သံကြားတွင် တိုက်ရိုက် အသံလွှင့်ပြောကြားသွားသည်။