အီရန်ဘက်မှ လက်တုံ့ပြန်လာပါက အသင့်တိုက်ခိုက်ရန် ပစ်မှတ် ၅၂ နေရာ ရွေးထားကြောင်း ထရမ့်ပြော

အီရန်ဘက်မှ လက်တုံ့ပြန်လာပါက ပစ်မှတ် ၅၂ နေရာအား ဗုံးကြဲရန်အသင့်ရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စနေနေ့တွင် ပြောကြားလိုက်သည်။

By Foreign Desk 05 Jan 2020

၁၉၇၉ ခုနှစ်က တီဟီရန်တွင် ၄၄၄ ရက်ကြာ ပြန်ပေးဆွဲခံခဲ့ရသည့် အမေရိကန် ၅၂ ဦးအား ကိုယ်စားပြုသည့်အနေနှင့် ပစ်မှတ် ၅၂ နေရာ ရွေးချယ်ထားခြင်းဖြစ်ကြောင်း သမ္မတထရမ့်က ပြောကြားသည်။ (ဓာတ်ပုံ - AFP)

အီရန်ထိပ်တန်းခေါင်းဆောင် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး အီရန်ဘက်မှ လက်တုံ့ပြန်လာပါက ဗုံးကြဲမည့် ပစ်မှတ် ၅၂ နေရာ ရွေးချယ်ထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စနေနေ့တွင် ပြောကြားလိုက်သည်။

အီရန်က အမေရိကန်နိုင်ငံသား သို့မဟုတ် အမေရိကန်၏ပိုင်ဆိုင်မှုများအား တိုက်ခိုက်လာပါက အဆိုပါပစ်မှတ် ၅၂ နေရာအား တိုက်ခိုက်ရန် အသင့်ရှိနေပြီး အမြန်ဆုံးနှင့် အပြင်းထန်ဆုံး တိုက်ခိုက်သွားမည်ဟု သမ္မတထရမ့်က ပြောကြားလိုက်ခြင်း ဖြစ်သည်။

အမေရိကန်၏ တိုက်ခိုက်မှုကြောင့် အီရန်ထိပ်တန်းခေါင်းဆောင် ဆိုလေမာနီနှင့် အီရန်ကျောထောက်နောက်ခံ ပေးထားသည့် အီရတ် စစ်ခေါင်းဆောင် အဘူ-မာဒီ-အယ်လ်-မူဟန်ဒစ် တို့သည် အီရတ်မြို့တော် ဘဂ္ဂဒက်လေဆိပ်တွင် သောကြာနေ့က သေဆုံးခဲ့သည်။ ၎င်းစစ်ဆင်ရေးအား သမ္မတထရမ့်ကိုယ်တိုင် အမိန့်ပေးခဲ့ခြင်းဖြစ်ကြောင်း ပင်တဂွန်က သတင်းထုတ်ပြန်ခဲ့သည်။

ဆိုလေမာနီနှင့် အဘူ-မာဒီ-အယ်လ်-မူဟန်ဒစ် တို့၏ ရုပ်အလောင်းများအား စနေနေ့က အီရတ်နိုင်ငံ နာဂျက်ဖ်မြို့သို့ သယ်ဆောင်လာသည်ကို တွေ့ရစဉ်။ ဗိုလ်ချုပ်ကြီး ဆိုလေမာနီ၏ ရုပ်အလောင်းသည် တနင်္ဂနွေနေ့တွင် အီရန်သို့ ရောက်ရှိသွားပြီဖြစ်သည်။ (ဓာတ်ပုံ - AP)

နှစ်ဘက်တင်းမာမှုများ ပြေလည်နိုင်ဖွယ်မရှိသည့် အနေအထား၌ “ဆိုလေမာနီ သေတာကို လက်စားချေတဲ့အနေနဲ့ အမေရိကန်ရဲ့ ပိုင်ဆိုင်မှုတွေကို ပစ်မှတ်ထားတိုက်ခိုက်မယ်လို့ အီရန်က အော်နေတယ်။ အမေရိကန်ကလည်း အီရန်နေရာ ၅၂ ခုကို တိုက်ဖို့ ပစ်မှတ်ရှာထားပြီ။ ဒီအထဲမှာ အီရန်နိုင်ငံနဲ့ သူ့လူမျိုးတွေအတွက် အရမ်းအရေးပါတဲ့ နေရာတွေလည်းပါတယ်။ ဒီနေရာတွေကို အမြန်ဆုံးနဲ့ အပြင်းထန်ဆုံး တိုက်ခိုက်သွားမယ်။” ဟု သမ္မတထရမ့်က တွစ်တာပေါ်တွင် ရေးသားခဲ့သည်။

အီရန်တော်လှန်ရေးအစောင့်တပ် အရာရှိကြီးတစ်ဦးက ဆိုလေမာနီသတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ တုံ့ပြန်တိုက်ခိုက်မှုများ ပေါ်ပေါက်လာနိုင်သည့် အမေရိကန်ပစ်မှတ် ၃၅ နေရာ ရှိကြောင်း ပြောကြားခဲ့ပြီးနောက် တွင် သမ္မတထရမ့်က အထက်ပါအတိုင်း ပစ်မှတ်အရေအတွက်ကို တိတိကျကျ ပြောကြားလိုက်ခြင်းဖြစ်သည်။

အမေရိကန်အနေနှင့် ခြိမ်းခြောက်မှုများကို မလိုချင်တော့ကြောင်း၊ ၁၉၇၉ ခုနှစ်က တီဟီရန်တွင် ၄၄၄ ရက်ကြာ ပြန်ပေးဆွဲခံခဲ့ရသည့် အမေရိကန် ၅၂ ဦးအား ကိုယ်စားပြုသည့်အနေနှင့် ပစ်မှတ် ၅၂ နေရာ ရွေးချယ်ထားခြင်းဖြစ်ကြောင်း သမ္မတထရမ့်က ထပ်လောင်းပြောကြားသည်။ တိုက်ခိုက်မည့်နေရာ အသေးစိတ်ကိုမူ ပြောကြားခြင်းမရှိပေ။

ဗိုလ်ချုပ်ကြီး ကာဆမ်ဆိုလေမာနီ၏ နာရေးအခမ်းအနားသို့ တက်ရောက်လာသော အီရန်ပြည်သူများ (ဓာတ်ပုံ - AP)

စနေနေ့ညပိုင်းကလည်း ဘဂ္ဂဒက်ရှိ အမေရိကန်သံရုံးအနီး လုံခြုံရေးတင်းကြပ်စွာ ချထားသည့်နေရာတွင် ဒုံးကျည်တစ်လုံးနှင့် ဂျာဒရီယာနယ်မြေအနီးတွင် ဒုံးကျည်တစ်လုံး ကျရောက်ခဲ့သည်။ မြို့တော်မြောက်ပိုင်း ဘာလက်ဒ်လေတပ်စခန်းတွင်လည်း ပစ်ခတ်ခံခဲ့ရပြီး သေဆုံးသူမရှိကြောင်း အီရတ်စစ်ဘက်က ပြောကြားသည်။

ဗိုလ်ချုပ်ကြီးဆိုလေမာနီ၏ ရုပ်အလောင်းမှာ တနင်္ဂနွေနေ့နံနက်ပိုင်းတွင်အီရန်သို့ ရောက်သွားပြီဖြစ်ပြီး အီရန်နိုင်ငံတစ်ဝန်းက ထောင်ပေါင်းများစွာသော ပြည်သူများသည် ဝမ်းနည်းပူဆွေးမှုများ ဖော်ပြလျက်ရှိသည်။

(ကိုးကား - AFP, AP, Reuters)