အီကွေဒေါတွင် ထောင်တွင်းအဓိကရုဏ်းကြောင့် ၁၁၈ ဦး သေဆုံး

အီကွေဒေါအကျဉ်းထောင်တစ်ခုအတွင်း အင်္ဂါနေ့က လူဆိုးဂိုဏ်းအဖွဲ့ဝင်များအကြား တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် အကျဉ်းထောင်တွင်း အရေးပေါ်အခြေအနေတစ်ရပ်ကို အီကွေဒေါသမ္မတက ထုတ်ပြန်ကြေညာ လိုက်သည်။

02 Oct 2021

ဓာတ်ပုံ - AP

DMG ၊ အောက်တိုဘာ ၂

အီကွေဒေါအကျဉ်းထောင်တစ်ခုအတွင်း အင်္ဂါနေ့က လူဆိုးဂိုဏ်းအဖွဲ့ဝင်များအကြား တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် အကျဉ်းထောင်တွင်း အရေးပေါ်အခြေအနေတစ်ရပ်ကို အီကွေဒေါသမ္မတက ထုတ်ပြန်ကြေညာ လိုက်သည်။

၎င်းတိုက်ခိုက်မှုတွင် သေဆုံးသူဦးရေ အနည်းဆုံး ၁၁၈ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ရ၉ ဦး အထိရှိခဲ့ပြီး ဤတိုက်ခိုက်မှုသည် အီကွေဒေါနိုင်ငံ၌ ထောင်တွင်းအဆိုးရွားဆုံး သွေးချောင်းစီး လူသတ်မှုတစ်ခုဖြစ်သည်ဟု တာဝန်ရှိသူများက ပြောသည်။

၎င်းဖြစ်စဉ်တွင် ခေါင်းဖြတ်အသတ်ခံထားရသူ အနည်းဆုံး ငါးဦး တွေ့ရှိခဲ့ရသည်ဟု အာဏာပိုင်များက ပြောဆိုခဲ့သည်။

ဒါဇင်ပေါင်းများစွာသော ရဲနှင့်စစ်ကားများအပြင် လူနာတင်ကားများပါ အကျဉ်းထောင် ပရဝုဏ်ထဲသို့ ရောက်ရှိလာခဲ့ကြပြီး ရဟတ်ယာဉ်များသည်လည်း ၎င်းနေရာတစ်ဝိုက်တွင် ပျံသန်းနေခဲ့ကြသည်ဟု အေပီသတင်းဌာနက ဖော်ပြသည်။

ထောင်ထဲတွင် အလောင်းများ သို့မဟုတ် ဒဏ်ရာ အပြင်းအထန် ရထားသူများ ရှိနိုင်သေးကြောင်းလည်း ရဲမှူး Tannya Varela ကဆိုသည်။

Guayaquil ရှိ မှုခင်းဓာတ်ခွဲခန်း အပြင်ဘက်တွင် လူရာပေါင်းများစွာ စုဝေးရောက်ရှိနေကြပြီး ထောင်ထဲတွင် အသတ်ခံရသည်ဟု ယူဆရသော ဆွေမျိုးများ၏အလောင်းကို ရယူနိုင်ရန်မျှော်လင့်စောင့် ဆိုင်းနေကြသည်။ အလောင်းများကို အတည်ပြုဖော်ထုတ်ရန် ရဲများက လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း အစိုးရရှေ့နေများရုံးက တွစ်တာတွင် ရေးသားထားသည်။

Los Lobos နှင့် Los Choneros အကျဉ်းထောင်ဂိုဏ်းများ အကြား အငြင်းပွားရာမှစပြီး အကြမ်းဖက်မှုများ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု အာဏာပိုင်များက အစောပိုင်းတွင် ပြောဆိုထားသည်။

ဆိုရှယ်မီဒီယာ ပေါ်တွင်ပျံ့နှံ့နေသော အကျဉ်းထောင်အတွင်းရှိ အဆောက်အအုံ ၉ နှင့် ၁၀ တို့တွင် လူဒါဇင်ပေါင်းများစွာ သေဆုံးနေသောမြင်ကွင်းသည် စစ်တလင်းပြင်တစ်ခု အသွင်နှင့် တူသည်။

သေနတ်များ၊ ဓားများ၊ ဗုံးများဖြင့် တိုက်ခိုက်ခဲ့ကြ ခြင်းဖြစ်သည်ဟု တာဝန်ရှိသူများက ပြောဆိုခဲ့ကြသည်။ အကျဉ်းထောင်၏ ပိုက်လိုင်းများတွင် လူသေအလောင်းများကို တွေ့ရှိခဲ့ရသည်ဟု ဒေသဆိုင်ရာရဲမှူး Fausto Buenano က အစောပိုင်း၌ အေပီသတင်းဌာနကို ပြောကြားခဲ့သည်။

အကျဉ်းထောင်များအတွင်း ရဲသားနှင့်စစ်သားများကို တပ်ဖြန့်ချထားရေး ‌အုပ်ချုပ်မှုအခွင့်အာဏာများ ပေးမည်ဟု ပါဝင်သော အရေးပေါ်ကြေညာချက်တစ်စောင်ကို သမ္မတ ဂူအီလာမိုလာဆိုက ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့သည်။ ကြေညာချက်မှာ Guayaquil ရှိ Litoral အကျဉ်းထောင်၌ သေကြေဒဏ်ရာရမှု အများအပြားဖြစ်ပြီး နောက်တစ်ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

၎င်းကြေညာချက်ထဲတွင် ထောင်တွင်းထိန်းချုပ်လိုမှုကြောင့် တိုက်ခိုက်ကြသော နိုင်ငံတကာ မူးယစ်ဆေးဝါး ဒုစရိုက်ဂိုဏ်းများနှင့် ဆက်နွယ်နေသည့် လူဆိုးဂိုဏ်းများကို အာဏာပိုင်များက ပြစ်တင်ပြောဆိုထားသည်။

"အကျဉ်းထောင်များသည် ရာဇဝတ်ဂိုဏ်းသားများ၏ အာဏာလု အငြင်းပွားရာ နယ်မြေများအဖြစ်သို့ ပြောင်းလဲသွားခြင်းမှာ အလွန်စိတ်မကောင်းစရာဖြစ်သည်" ဟုသမ္မတလာဆိုက ပြောကြားသည်။

Litoral အကျဉ်းထောင်ကို ပြန်လည်ထိန်းသိမ်းရယူရန်နှင့် အခြားအကျဉ်းထောင်များသို့ အကြမ်းဖက်မှုဖြစ်စဉ်များ ဖြစ်ပွားခြင်းမှ ကာကွယ်တားဆီးရန် အခိုင်အမာ အရေးယူဆောင်ရွက်မည် ဟု လည်း သူက ထပ်လောင်း အသိပေးထားသည်။