ဖလော်ရီဒါတွင် ၂ နှစ်သားကလေးတစ်ဦး သေနတ် မတော်တဆပစ်ခတ်မိရာက ဖခင်သေဆုံး

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်တွင် ကျည်ဖြည့်ထားသော သေနတ်ကို အသက် ၂ နှစ်အရွယ် ယောကျ်ားလေးတစ်ဦးက မတော်တဆ ပစ်ခတ်မိရာမှ ၎င်း၏ဖခင်ဖြစ်သူကို ထိမှန်ပြီး သေဆုံးခဲ့ကြောင်း ဒေသအာဏာပိုင်များက ဇွန်လ ၆ ရက်နေ့တွင် ပြောကြားသည်။

08 Jun 2022

သရုပ်ဖော်ပုံ - iStock

DMG ၊ ဇွန် ၈

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်တွင် ကျည်ဖြည့်ထားသော သေနတ်ကို အသက် ၂ နှစ်အရွယ် ယောကျ်ားလေးတစ်ဦးက မတော်တဆ ပစ်ခတ်မိရာမှ ၎င်း၏ဖခင်ဖြစ်သူကို ထိမှန်ပြီး သေဆုံးခဲ့ကြောင်း ဒေသအာဏာပိုင်များက ဇွန်လ ၆ ရက်နေ့တွင် ပြောကြားသည်။

သေဆုံးသူသည် အသက် ၂၆ နှစ်အရွယ်ဖြစ်ကာ ဆေးရုံသို့ ပို့ဆောင်ပြီး မကြာမီပင် သေဆုံးသွားခြင်း ဖြစ်သည်။

ကနဦးတွင် အာဏာပိုင်များက ဖခင်ဖြစ်သူသည် သူ့ကိုယ်သူ သတ်သေခဲ့သည်ဟု ယူဆခဲ့ကြသည်။ သို့သော်လည်း အဆိုပါဇနီးမောင်နှံ၏ ကလေးသုံးဦးအနက် အကြီးဆုံးဖြစ်သူက ၎င်း၏ ၂ နှစ်သားအရွယ် ညီငယ်က သေနတ်ဖြင့် ပစ်ခတ်မိသဖြင့် ဖခင်ကို ထိမှန်ခဲ့ကြောင်း စုံစမ်းစစ်ဆေးသူများအား ပြောကြားခဲ့သည်ဟု ဒေသခံရဲမှူး ဂျွန်မီနာက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အခင်းဖြစ်ပွားချိန်၌ ငါးလသား သမီးငယ်လေးတစ်ဦးအပါအဝင် မိသားစုဝင် ငါးဦးလုံးသည် အခန်းထဲတွင် ရှိနေခဲ့ကြသည်။ အဆိုပါဇနီးမောင်နှံ နှစ်ဦးလုံးသည် ကလေးသူငယ် ပြုစုစောင့်ရှောက်မှု အားနည်းမှု၊ မူးယစ်ဆေးသုံးစွဲမှုတို့ဖြင့် ပြစ်ဒဏ်ခံဝန်ချက်ဖြင့် အာမခံလွှတ်ပေးထားသူများ ဖြစ်သည်ဟု ရဲမှူးကပြောသည်။

“ကိုယ့်လက်နက်ကို လုံခြုံစွာ မသိမ်းထားတဲ့ သေနတ်ပိုင်ရှင်တွေအတွက် ခုလိုမျိုး ကြေကွဲဖွယ်ရာ ဖြစ်ရပ်တွေ ကိုယ့်နေအိမ်မှာ ရင်ဆိုင်ရဖို့ဆိုတာ လက်တစ်ကမ်းအကွာမှာ ရှိပါတယ်” ဟု သူကပြောသည်။

အမေရိကန်ပြည်ထောင်စုတွင် ၂၀၂၁ ခုနှစ် သြဂုတ်လကလည်း ၂ နှစ်သားအရွယ် ကလေးတစ်ဦး သေနတ်ပစ်ခတ်မိရာက ၎င်း၏မိခင် ဦးခေါင်းကို ထိမှန်ပြီး သေဆုံးခဲ့သည်။

အမေရိကန်နိုင်ငံတစ်ဝန်းတွင် ဈေးဝယ်စင်တာ၊ ဆေးရုံ၊ စာသင်ကျောင်းအပါအဝင် နေရာအများအပြား၌ သေနတ်ပစ်ခတ်မှုများ ခပ်စိတ်စိတ် ကြုံလာနေရပြီး သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေးအတွက် အကြိမ်အနယ် ဆွေးနွေးမှုများလည်း ရှိနေကြောင်း သတင်းများတွင် ဖော်ပြချက်များအရ သိရသည်။