- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ဟောင်ကောင်တွင် တရုတ်၏ လုံခြုံရေးအဆိုပြုချက်ကို ကန့်ကွက်ဆန္ဒပြမှုများ ပေါ်ပေါက်
တရုတ်အစိုးရသည် ပြီးခဲ့သည့်အပတ်က အငြင်းပွားဖွယ်ရာ လုံခြုံရေးဥပဒေတစ်ရပ်ကို အဆိုပြုတင်သွင်းခဲ့သည်။ ထိုဥပဒေအရ ဟောင်ကောင်၌ နိုင်ငံတော်သစ္စာဖောက်မှု၊ အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်မှု၊ နိုင်ငံတော်အပေါ် အကြည်အညိုပျက်စေမှု တို့ဖြင့် အရေးယူခွင့်ရှိလာမည်ဖြစ်သည်။
25 May 2020
ဟောင်ကောင်တွင် တနင်္ဂနွေနေ့၌ တရုတ်၏လုံခြုံရေးအဆိုပြုချက်ကို ကန့်ကွက်ရန်ရောက်လာကြသည့် ဒီမိုကရေစီအရေး ထောက်ခံသူ ရာပေါင်းများစွာအား ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ၊ ငရုပ်ကောင်းအရည်များ ပက်ဖျန်းကာ ဖြိုခွဲခဲ့သည်။
တရုတ်အစိုးရသည် ပြီးခဲ့သည့်အပတ်က အငြင်းပွားဖွယ်ရာ လုံခြုံရေးဥပဒေတစ်ရပ်ကို အဆိုပြုတင်သွင်းခဲ့သည်။ ထိုဥပဒေအရ ဟောင်ကောင်၌ နိုင်ငံတော်သစ္စာဖောက်မှု၊ အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်မှု၊ နိုင်ငံတော်အပေါ် အကြည်အညိုပျက်စေမှု တို့ဖြင့် အရေးယူခွင့်ရှိလာမည်ဖြစ်သည်။
ဟောင်ကောင်တွင် ဆန္ဒပြမှုများ အကြိမ်ကြိမ်ဖြစ်ပွားခဲ့ပြီး တစ်ခါတစ်ရံတွင် အကြမ်းဖက်မှုများပါဝင်ဖြစ်ပွားခဲ့သည့် အပေါ် တရုတ်အစိုးရသည် လုံးဝအလျှော့ပေးမည်မဟုတ်ကြောင်း အကြိမ်ကြိမ်သတိပေးမှုများ ရှိခဲ့သည်။
ယခုအဆိုပြုတင်သွင်းလိုက်သည့် ဥပဒေသည် ဟောင်ကောင်၏လွတ်လပ်ခွင့်အပေါ် ထိပါးလာမည်ကို ဟောင်ကောင်လူထုသည် ကန့်ကွက်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
“ပြည်သူတွေ အစိုးရအကြောင်းကို ထုတ်ပြောရုံ၊ ပုံနှိပ်ဖော်ပြရုံနဲ့တင် ရာဇဝတ်မှုဖြစ်သွားနိုင်တယ်။” ဟု အသက် ၂၅ နှစ်အရွယ် ဆန္ဒပြသမားတစ်ဦးက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားသည်။
“ဟောင်ကောင်သားတွေ တော်တော်စိတ်ညစ်သွားကြတယ်ထင်တယ်။ ဒါမျိုးတွေ ခုလောက်ထိမြန်မြန်ဆန်ဆန် ခပ်ကြမ်းကြမ်း ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်တို့မထင်ခဲ့ကြဘူး။ ဒါပေမဲ့ တရုတ်အစိုးရက ဘာမှမလုပ်ဘဲ နောက်ပြန်ဆုတ်သွားမယ်လို့တော့ ကျွန်တော်တို့မထင်ထားပါဘူး။ အခြေအနေက ပိုဆိုးလာဖို့ပဲရှိတယ်။” ဟု သူကဆိုသည်။
ဟောင်ကောင်တွင် လက်ရှိအချိန်၌ ကိုရိုနာဗိုင်းရပ်စ်အရေးပေါ် ဥပဒေအရ လူ ၈ ဦးထက်ပိုစုခွင့် မရှိပေ။ အာဏာပိုင်များသည် လက်ရှိဥပဒေအရ လူစုလူဝေး မပြုလုပ်ကြရန် သတိပေးချက်များ ထုတ်ပြန်ခဲ့ပြီးနောက် အဓိကရုဏ်းဖြိုခွဲရေး တပ်ဖွဲ့ဝင်များကို နေရာချထားခဲ့သည်။
ယနေ့ပေါ်ပေါက်ခဲ့သည့် လှုပ်ရှားမှုများသည် ပြီးခဲ့သောနှစ်များအတွင်း ပေါ်ပေါက်ခဲ့သည့် ဒီမိုကရေစီအရေး ဆန္ဒဖော်ထုတ်မှုများကဲ့သို့ပင် မျက်ရည်ယိုဗုံးများ၊ ငရုပ်ကောင်းရည်များဖြင့် ဖြိုခွဲခံခဲ့ရသည်။ ဆန္ဒပြသူအချို့က ရဲတပ်ဖွဲ့ဝင်များအား ထီးများဖြင့် ပြန်လည်ပစ်ပေါက်မှုများလည်း ရှိခဲ့သည်။
ဘေကျင်းမှထိပ်တန်းအရာရှိတစ်ဦးကမူ ပြည်မမှဥပဒေသည် ဟောင်ကောင်၏အတည်ပြုချက် မရဘဲ အသက်ဝင်မည်မဟုတ်ကြောင်း စနေနေ့က ပြောကြားခဲ့သည်။
“ဟောင်ကောင်မှာအဖမ်းခံရပြီး စစ်ဆေးဖို့ တရုတ်ကိုပို့ခံရမှာကို ကျွန်မစိတ်မပူဘူး။ ဒါမျိုး လုံးဝ လုံးဝ လုံးဝကို ဖြစ်လာမှာမဟုတ်ဘူး။” ဟု ဟောင်ကောင်ဥပဒေအကြံပေး မာရီယာတန်က အေအက်ဖ်ပီသတင်းဌာနသို့ ဖြေကြားသည်။
ဟောင်ကောင်တွင် ဒီမိုကရေစီအရေး လှုပ်ရှားမှုများသည် ပြီးခဲ့သည့်နှစ်က အရှိန်ပြင်းထန်ခဲ့ပြီး ဆန္ဒပြမှုများအတွင်း ဖမ်းဆီးခံရသူ ၈၃၀၀ ခန့်ရှိခဲ့သည်။ ယခုလအစောပိုင်း အမေများနေ့ကလည်း လူစုလူဝေး ဖြစ်ပေါ်ခဲ့ပြီး လူ ၂၀၀ ခန့် ထိန်းသိမ်းခံခဲ့ရသည်။
ဗြိတိသျှအစိုးရသည် ၎င်းတို့၏ကိုလိုနီနယ်မြေ ဟောင်ကောင်အား ၁၉၉၇ ခုနှစ်တွင် တရုတ်ထံသို့ ပြန်လည်လွှဲအပ်ခဲ့သည်။ သို့သော် ဟောင်ကောင်ဒေသခံများသည် လွတ်လပ်စွာပြောဆိုခွင့်အပါအဝင် အခြားသောအခွင့်အရေးများကို ပိုမိုလိုလားကြသလို မိမိကိုယ်ကိုလည်း တရုတ်ပြည်မကြီး၏ အစိတ်အပိုင်းတစ်ရပ်မဖြစ် မမြင်ကြပေ။