ဒီမိုကရေစီစာအုပ်များ ဟောင်ကောင်စာကြည့်တိုက်မှ ဖယ်ရှားခံရ

ထင်ရှားသည့် ဟောင်ကောင်ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများမှ ရေးသားသည့်စာအုပ်များမှာ မြို့တော်ရှိ စာကြည့်တိုက်များမှ စတင်ဖယ်ရှားခံခဲ့ရကြောင်း အွန်လိုင်းမှတ်တမ်းများအရ သိရသည်။

By Foreign Desk 07 Jul 2020



ထင်ရှားသည့် ဟောင်ကောင်ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများမှ ရေးသားသည့်စာအုပ်များမှာ မြို့တော်ရှိ စာကြည့်တိုက်များမှ စတင်ဖယ်ရှားခံခဲ့ရကြောင်း အွန်လိုင်းမှတ်တမ်းများအရ သိရသည်။

အဆိုပါဖြစ်စဉ်မှာ တရုတ်အစိုးရမှ ဘဏ္ဍာ ရေးဗဟိုချက်မဒေသဖြစ်သော ဟောင်ကောင်အပေါ် ပြင်းထန်လှသည့် နိုင်ငံတော်လုံခြုံရေးဥပဒေကို ပြဌာန်းခဲ့ပြီး ရက်အနည်းငယ်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။    

ဖယ်ရှားခံလိုက်ရသော စာအုပ်များတွင် မြို့၏ နာမည်ကျော်တက်ကြွလှုပ်ရှားသူလူငယ် ဂျိုရှုဝေါင်နှင့် လူသိများသော ဒီမိုကရေစီလိုလားသူ လွှတ်တော်အမတ် တန်ယာချန်းတို့ ရေးသားသော စာအုပ်များလည်း ပါဝင်သည်။

လုံခြုံရေးဥပဒေကြောင့် စာအုပ်များ ဖယ်ရှားခံလိုက်ရခြင်းဖြစ်သည်ဟု ယုံကြည်ကြောင်း ဝေါင်ကပြောကြားခဲ့သည်။
“ဖိနှိပ်မှုတွေ ဆက်ရှိနေတယ်၊ အမျိုးသားလုံခြုံရေးဥပဒေဟာ အခြေခံအားဖြင့် လွတ်လပ်စွာပြောဆိုမှုကို နှိမ်နင်းရာမှာ အသုံးပြုနေတဲ့ လက်နက်ဖြစ်နေတယ်” ဟု ဂျိုရှုဝေါင်က ဖေ့စ်ဘုတ်တွင်ရေးသားခဲ့သည်။ နိုင်ငံရေးနှိပ်ကွပ်မှုတစ်ရပ်အဖြစ် ဖော်ညွှန်း ပြောဆိုခြင်းဖြစ်သည်။  

ဟောင်ကောင်မြို့တော်ရှိ စာကြည့်တိုက်များကို ကြီးကြပ်သည့် ယဉ်ကျေးမှုနှင့် အပန်းဖြေဝန်ဆောင်မှုဆိုင်ရာဌာနက အဆိုပါ စာအုပ်များသည် လုံခြုံရေးဥပဒေကို ဆန့်ကျင်ခြင်းရှိ၊ မရှိ ဆိုသည်ကို သုံးသပ်နေစဉ်ကာလအတွင်း ခေတ္တဖယ်ရှား ထားခြင်းဖြစ်ကြောင်းဆိုသည်။

တရုတ်အစိုးရ၏ အမျိုးသားလုံခြုံရေးဥပဒေအသစ်အား အင်္ဂါနေ့တွင် ပြဌာန်းခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် ဗြိတိန်နိုင်ငံမှ တရုတ်သို့ လွှဲပြောင်းခဲ့ပြီးနောက်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစ်စိတ်တစ်ပိုင်း ရရှိနေသည့် ဟောင်ကောင်၏ အုပ်ချုပ်မှုပုံစံအတွက် ယခုဥပဒေသစ်သည် ကြီးမားသည့်ပြောင်းလဲမှုတစ်ရပ် ဖြစ်သည်။