- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ဟောင်ကောင်မီဒီယာအပေါ် တင်းကြပ်လာနေသည့် တရုတ်၏ ဆင်ဆာလက်တံများ
တရုတ်သည် ဟောင်ကောင်တွင် ပြီးခဲ့သည့်နှစ်က အမျိုးသားလုံခြုံရေးဥပဒေကို ပြဌာန်းပြီးချိန်မှစ၍ ဆန္ဒပြပွဲများကို နှိမ်နင်းခြင်း၊ အရေးပါသော ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးခြင်းနှင့် ရွေးကောက်ပွဲစနစ်ကို ပြင်ဆင်ခြင်းများ လုပ်ဆောင်ခဲ့သည်။ ယခုအချိန်တွင် လွတ်လပ်တက်ကြွသည့် ဟောင်ကောင် မီဒီယာလောကသည်လည်း ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။
21 Jun 2021
DMG ၊ ဇွန် ၂၁
မေမိုးဘာသာပြန်ဆိုသည်။
တရုတ်သည် ဟောင်ကောင်တွင် ပြီးခဲ့သည့်နှစ်က အမျိုးသားလုံခြုံရေးဥပဒေကို ပြဌာန်းပြီးချိန်မှစ၍ ဆန္ဒပြပွဲများကို နှိမ်နင်းခြင်း၊ အရေးပါသော ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးခြင်းနှင့် ရွေးကောက်ပွဲစနစ်ကို ပြင်ဆင်ခြင်းများ လုပ်ဆောင်ခဲ့သည်။ ယခုအချိန်တွင် လွတ်လပ်တက်ကြွသည့် ဟောင်ကောင် မီဒီယာလောကသည်လည်း ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။
ဟောင်ကောင်အခြေခံဥပဒေသည် ဟောင်ကောင်လူထု၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် စာနယ် ဇင်းလွတ်လပ်ခွင့်များကို အာမခံထားသည်။ သို့သော် အာဏာပိုင်များသည် ပြီးခဲ့သည့်နှစ်များအတွင်း ထို “အခြေခံအခွင့်အရေးများ”ကို ဆုံးရှုံးစေရန် ထိပ်တိုက်တွေ့မှုများ ဆောင်ရွက်လာခဲ့သည်။ ဟောင်ကောင်သည် နယ်စည်းမခြားသတင်းသမားများ နောက်ဆုံးထုတ် ပြန်ထားသည့် စာနယ်ဇင်းလွတ်လပ်ခွင့် ညွှန်းကိန်းတွင်လည်း လွန်ခဲ့သည့် ဆယ်စုနှစ်က အဆင့် ၅၄ တွင်ရှိခဲ့ရာမှ ယခုအခါ အဆင့် ၈၀ အထိ ကျဆင်းသွားသည်။
ဟောင်ကောင်၏ ငွေကြေးဗဟိုချက်တစ်ခုသဖွယ် တည်ရှိမှု အလားအလာသည်လည်း တရုတ်အစိုးရ ခန့်အပ်ထားသည့် မြို့တော်အုပ်ချုပ်ရေးအဖွဲ့၏ ဆောင်ရွက်ချက်များကြောင့် မေးခွန်းများစွာ ပေါ်လာခဲ့ရသည်။ အထူးအားဖြင့် ယခင် ဗြိတိသျှကိုလိုနီနိုင်ငံဖြစ်ခဲ့သည့် ဟောင်ကောင်တွင် နှစ်ပေါင်း များစွာ တရားဝင်အဖြစ် သတ်မှတ်ထားသည့် လုပ်ဆောင်မှုများကိုပါ အမျိုးသားလုံခြုံရေးကို ထိပါး စေသည့် ကျူးလွန်မှုတစ်ခုသဖွယ် သတ်မှတ်ကာ အဓိပ္ပာယ်ဖွင့် ဆိုချက်အထိ ဘောင်ချဲ့လာသည့် အခါတွင်ဖြစ်သည်။
“ကျွန်တော်တို့ကတော့ ပြည်မမှာကျင့်သုံးနေတဲ့ မီဒီယာကို အစိုးရရဲ့ အစိတ်အပိုင်းအဖြစ် လည်ပတ်စေတဲ့ စနစ်မျိုးဆီ ဟောင်ကောင် ဦးတည်နေပြီလားလို့ စိတ်ပူမိတယ်” ဟု ဟောင်ကောင် ဂျာနယ်လစ် အသင်းဥက္ကဋ္ဌ Mr Chris Yeung က ပြောကြားခဲ့သည်။ “အစိုးရရဲ့ အဓိကသဘောကတော့ မီဒီယာကို အုပ်ချုပ်ရေးယန္တရားမှာ ဝင်ပါဖို့ မျှော်လင့်နေတာပဲ” ဟုလည်း သူကပြောသည်။
ဟောင်ကောင်အုပ်ချုပ်ရေးအဖွဲ့ကမူ မီဒီယာ ဖိအားပေးခံနေရသည် ဟူသောစကားကို ငြင်းဆိုခဲ့ပြီး ၎င်းတို့အနေဖြင့် “စာနယ်ဇင်းလွတ်လပ်ခွင့်ကို လေးစားကာကွယ်ရန် အခိုင်အမာ လုပ်ဆောင် နေခြင်းသာဖြစ်ကြောင်း” မကြာသေးမီက ထုတ်ပြန်ခဲ့သည့် ကြေညာချက်တစ်ခုတွင် ပြောဆိုခဲ့သည်။
နိုင်ငံတော်လုံခြုံရေးစွဲချက်များ
အာဏာပိုင်များသည် ဒီမိုကရေစီထောက်ခံသူ Jimmy Lai ပိုင်ဆိုင်သည့် Next Digital မီဒီယာ ကုမ္ပဏီ၏ အထင်ကရ သတင်းစာစောင်ဖြစ်သည့် Apple Daily သတင်းဌာနကို ပြီးခဲ့သည့်နှစ်က ဝင်ရောက်စီးနင်းခဲ့သည်။ Jimmy Lai သည် တရားဝင်ခွင့်ပြုမထားသော ဆန္ဒဖော်ထုတ်ပွဲများ တွင်ပါဝင်ခဲ့မှုကြောင့် အဖမ်းခံထားရကာ နှစ်ရှည် ထောင်ဒဏ်ကျခံ ရနိုင်သည့် အမျိုးသား လုံခြုံရေး ဥပဒေဖြင့် တရားစွဲဆိုမှုများ ရင်ဆိုင်နေရသည်။
ဟောင်ကောင်သည် အမျိုးသားလုံခြုံရေး ဥပဒေကို ပထမဆုံးအကြိမ် အဖြစ်သုံးကာ Lai ပိုင်သည့် ကုမ္ပဏီသုံးခုရှိ ပြည်တွင်း ဘဏ်စာရင်းများ နှင့် Next Digital ရှိ Lai ပိုင်ဆိုင်သည့် အစုရှယ်ယာများ အားလုံးကို မေလအလယ်တွင် ထိန်းချုပ်ခဲ့သည်။
နိုင်ငံပိုင် ရုပ်သံလွှင့်ဌာနဖြစ်သည့် China Central Television (CCTV) က Next Digital နှင့် Apple Daily တို့သည် “တရုတ်ဆန့်ကျင်မှုနှင့် ဆူပူမှုပြဿနာများ ဖန်တီးသည့်အင်အားစုများ လှုပ် ရှားဆောင်ရွက်ရာတွင် ကြားခံတစ်ခုအဖြစ် ဆောင်ရွက်နေပြီး လှုံဆော်မှုပြုသည့် စင်မြင့်တစ်ခု ဖြစ်ကြောင်း”၊ ယင်းတို့ “ပျက်စီးတော့မည့်ရက် နီးလာပြီ” ဖြစ်ကြောင်း CCTV က ပြောကြားခဲ့သည်။
တရုတ်မီဒီယာအင်ပါယာ
တရုတ်အစိုးရသည် မီဒီယာအင်ပါယာကြီးတစ်ခုအဖြစ် တိုးချဲ့လုပ်ဆောင်မှုတစ်ခုအနေဖြင့် အဓိက ထုတ်ဝေရေးကုမ္ပဏီများတွင် အစုပိုင်ဆိုင်မှုများ တိုက်ရိုက်ပါဝင်လာသည်။ ပြီးခဲ့သည့်နှစ်က ဟောင်ကောင် ထိပ်တန်းသူဌေးများက ၎င်းတို့သည် အမျိုးသားလုံခြုံရေး ဥပဒေကို အားပေး ထောက်ခံကြောင်း တရုတ်အစိုးရထိန်းချုပ်ထားသော သတင်းစာနှစ်စောင်ဖြစ်သည့် Ta Kung Pao နှင့် Wen Wei Po တို့တွင် ဖြေကြားထားကြသည်။
တချိန်တည်းမှာပင် ပြည်တွင်းသတင်းစာများတွင် ဝါဒဖြန့်ချိရေး ကိစ္စများကိုင်တွယ်ရန် ဟောင်ကောင်၏ သတင်းဌာနအသစ်တစ်ခု တည်ထောင်သွားမည့် အစီအစဉ်ကို တရုတ်ထိပ်တန်း အေဂျင်စီက ကြီးကြပ်ကွပ်ကဲနေကြောင်း ရေးသားထားသည်။ ဌာန၏ တာဝန်သည် တစ်စိတ်တစ်ဒေသ အားဖြင့် “ဟောင်ကောင်နှင့် မကာအိုတွင် မီဒီယာကဏ္ဍကို စီမံအုပ်ချုပ်ရန်” ပါဝင်မည် ဖြစ်ကြောင်း အမည်မဖော်လိုသည့် ပုဂ္ဂိုလ်တစ်ဦးက South China Morning Post ကို ပြောကြားခဲ့သည်။
တရုတ် ထိပ်တန်းသူဌေးများ
ဟောင်ကောင် လှုပ်ရှားတက်ကြွသူများအနေဖြင့် ဟောင်ကောင်ဒေသခံများ သိရှိနိုင်သည့် သတင်း အချက်အလက် အမျိုးအစားများကို တရုတ်အစိုးရက ထိန်းချုပ်လာခြင်းကို ခွင့်ပြုမည့် လူပုဂ္ဂိုလ်များ သို့မဟုတ် ပြည်မ ကုမ္ပဏီများက မြို့တော်ရှိ မီဒီယာများကို ပိုင်ဆိုင်မှုကို စိုးရိမ်မှုများ တိုးပွားလာသည်။
ဟောင်ကောင်ရှိ မီဒီယာများအား တရုတ်ပြည်မမှ ကုမ္ပဏီများ သို့မဟုတ် တစ်သီးပုဂ္ဂလပုဂ္ဂိုလ်များ၏ ပိုင်ဆိုင်မှုများကြောင့် ဟောင်ကောင်လူထု ရရှိနိုင်သည့် သတင်းများအပေါ် တရုတ်အစိုးရ၏ ထိန်းချုပ်လွှမ်းမိုးမှု ပိုမိုအားကောင်းလာမည်ကို ဟောင်ကောင် လှုပ်ရှားတက်ကြွသူများသည် စိုးရိမ်ပူပန်လျက်ရှိသည်။
အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် South China Morning Post ကို ဂျက်မား၏ အလီဘာဘာ ကုမ္ပဏီအုပ်စုက ပိုင်ဆိုင်သည်။ ဟောင်ကောင်ရှိ သက်တမ်းအရင့်ဆုံး တရုတ်သတင်းစာ တစ်စောင်ဖြစ်သည့် Sing Tao News ကို တရုတ်သူဌေးကြီးတစ်ဦး၏ သမီးက ယခုနှစ်အစောပိုင်းတွင် ဝယ်ယူခဲ့သည်။ ထိုသတင်းစာနှစ်စောင်၏ ကိုယ်စားလှယ်များကို အဆိုပါကိစ္စကို မှတ်ချက်ပေးရန် တောင်းဆိုသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။
ဟောင်ကောင်မီဒီယာများကို ပြည်မက ပိုင်ဆိုင်ခြင်းသည် တရုတ်ကို မည်သို့ ပုံဖော်မည်ဆိုသည်ကို လူထုအပေါ် သက်ရောက်စေကြောင်း Chinese University of Hong Kong ၏ ကထိက တစ်ဦးဖြစ်သူ Ms Grace Leung က ပြောကြားသည်။ ဒေသခံများအနေဖြင့် အွန်လိုင်း မီဒီယာများမှ တစ်ဆင့် အခြားရှုထောင့် ထင်မြင်ချက်များကိုပါ ရှာဖွေရလိမ့်မည်ဖြစ် ကြောင်း သူက ဖြည့်စွက်ပြောကြားခဲ့သည်။
အစိုးရရုပ်သံလွှင့်ဌာန အပြောင်းအလဲ
အုပ်ချုပ်ရေးအဖွဲ့ကို ဆန့်ကျင်ဆန္ဒပြမှုအချို့သည် အစိုးရက အလွန်ခက်ခဲစွာ ကိုင်တွယ်ခဲ့ရပြီး နောက် ဟောင်ကောင်ပိုင် Radio TV Hong Kong ရုပ်သံလိုင်း၏ စီမံခန့်ခွဲမှုကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ Radio TV HK ရုပ်သံလိုင်း၏ ပဋိညာဉ်ပါ ဂုဏ်သရေတစ်ရပ်သဖွယ် အမြတ်တနိုးထားသည့် အယ်ဒီတာလွတ်လပ်ခွင့်မှာ အလျှော့ပေးလိုက်ရပြီလောဟု ပူပန်မှုများ မြင့်တက်စေခဲ့သည်။
အစိုးရသည် မီဒီယာအတွေ့အကြုံမရှိသည့် အစိုးရဝန်ထမ်းတစ်ဦးဖြစ်သူ Mr Patrick Li ကို ရုပ်သံ လွှင့်ဌာနတွင် ညွှန်ကြားရေးမှူးအဖြစ် ဖေဖော်ဝါရီလတွင် ခန့်အပ်လိုက်သည်။ ထိုအချိန်မှ စပြီး အစီအစဉ်အများအပြား ရပ်ဆိုင်းခဲ့ရပြီး တရုတ်အစိုးရကိုထောက်ခံသည့် နိုင်ငံရေး သမားများကို အမျက်ထွက်စေခဲ့သည့် သတင်းသမားတစ်ဦးကိုလည်း စာချုပ်သက်တမ်းမတိုးခဲ့ပေ။
သတင်းထိန်းချုပ်မှု
တာဝန်ရှိသူများသည် အစိုးရက ထိန်းသိမ်းထားရှိသော ကုမ္ပဏီမှတ်ပုံတင်စာရင်းပါ ကုမ္ပဏီ ဒါရိုက်တာများ၏ အချက်အလက်အသေးစိတ်များကို ပြည်သူများရယူအသုံးပြုခွင့် ကန့်သတ်ရန် အဆိုပြု ချက်တစ်ခုအပါအဝင် အများပြည်သူ သတင်းအချက်အလက်အချို့ကို ရရှိခွင့်ကန့်သတ်ရန် လုပ်ဆောင်ခဲ့ သည်။
ဧပြီလတွင် အလွတ်တမ်းသတင်းထောက်ဖြစ်သူ Bao Choy သည် ၂၀၁၉ ခုနှစ်အတွင်း ဒီမိုကရေစီထောက်ခံဆန္ဒပြပွဲများ အတွင်း ဂိုဏ်းတိုက်ခိုက်မှုတစ်ခုကို စုံစမ်းမှုတစ်ခုအဖြစ် တရား ဝင်ကားပိုင်ဆိုင်မှုအချက်အလက်ရှာဖွေရန် လိုအပ်သည့် အကြောင်းအရင်းများကို စာရင်းပြုစု စဉ်က မှားယွင်းသောထုတ်ပြန်ချက်တစ်ခုပြုသည့်အတွက် ဒဏ်တပ်ခံရပြီး စွဲချက်တင်ခံခဲ့ရသည်။
ဟောင်ကောင်တွင် သတင်းသမားတစ်ဦးကို တရားစွဲဆိုခြင်းသည် ဖြစ်ခဲသည်။ သာမန် ဖြစ်ရိုးဖြစ်စဉ်ဟု ယခင်သတ်မှတ်ထားသော စုံစမ်းရှာဖွေမှုများအတွက် အလားတူ အပြစ်ပေးမှုမျိုး ရင်ဆိုင်ရနိုင်သည်ဟု အခြားသူများကို သတိပေးရန် လုပ်ဆောင်လာခြင်းမျိုးဖြစ်သည်။
သတင်းထောက်များကို စုံစမ်းစစ်ဆေးခြင်းက အပြစ်ပေးခံရနိုင်လောက်သည့် ရာဇဝတ်မှု တစ်ခုအထိဖြစ်လာနိုင်ခြင်းသည် ဟောင်ကောင်တွင် သတင်းမီဒီယာ လွတ်လပ်ခွင့်ကျဆင်း လာမှုအတိုင်းအဆကို မီးမောင်းထိုးပြနေကြောင်း ချွိုင်ကို တရားစွဲဆိုချက်ပြီးနောက် ကြေညာချက်တစ်ခုတွင် နယ်စည်းမခြားသတင်းသမားများအဖွဲ့ အရှေ့အာရှအကြီးအကဲ Mr. Cedric Alviani က ပြောကြား ခဲ့သည်။
“သတင်းမှား” ဥပဒေ
အာဏာပိုင်များသည် “သတင်းမှားများဖြန့်ပြီး ဟောင်ကောင်လုံခြုံရေးကို အန္တရာယ်ဖြစ် စေသူများ” ကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ရဲအရာရှိချုပ် Chris Tang က ဧပြီလ တွင် သတိပေးခဲ့သည်။
အဆိုပါပြောဆိုချက်ကြောင့် ရဲအရာရှိချုပ်ကို ဟောင်ကောင်အခြေစိုက် ပြည်ပ သတင်းထောက်များကလပ်မှ “အလွန်စိုးရိမ်” ကြောင်း စာတစ်စောင်ရေးသားခဲ့ပြီး မိမိတို့ မလိုလားသော သတင်းများကို တိုက်ဖျက်ရန် ရည်ရွယ်ချက်ဖြင့် “သတင်းမှား” ဟူသော အသုံးကို ကမ္ဘာတစ်ဝန်းရှိ နာမည်ကျော်များက ပြောဆိုခဲ့ကြောင်းပါ မှတ်ချက်ပြုထားသည်။
ဟောင်ကောင်အုပ်ချုပ်ရေးအကြီးအကဲ ကယ်ရီလမ်း က “သတင်းမှားဥပဒေ” ကို ပြဌာန်း နိုင်မည့်အလားအလာကို မေလအတွင်းက ပြောကြားခဲ့သည်။ အုပ်ချုပ်ရေးအဖွဲ့ အနေဖြင့်“လူမှုမီဒီယာများတွင် အလိမ်အညာများ၊ အမုန်းတရားများ၊ သတင်းအမှားများ၊ မမှန်ကန်သော သတင်းအချက်အလက်များ ဖြန့်ချိမှုကြောင့် စိုးရိမ်ရမှုများ တိုးပွားလာမှု” နှင့် စပ်လျဉ်းပြီး အခြားနိုင်ငံများ ကိုင်တွယ်ဖြေရှင်းပုံကို လေ့လာနေကြောင်း ပြောကြားခဲ့သည်။
မေမိုး
(How China is tightening its grip on Hong Kong's media scene, STRAITS TIMES ကို မြန်မာဘာသာ ပြန်ဆိုပါသည်။)