ဟောင်ကောင်ရှိ ကျောင်းများအားလုံး ပိတ်ထားလိုက်ရပြီ

ကျောင်းများပိတ်ရခြင်း၊ ဈေးဝယ်စင်တာများ ပိတ်ရခြင်း၊ ဟောင်ကောင် ရထားလမ်းကြောင်း ပိတ်ခြင်း၊ စသည်တို့ကြောင့် ဟောင်ကောင်မြို့ လုံးဝပြိုလဲသွားမည့် အနေအထားမျိုး ရှိနေကြောင်း ရဲတပ်ဖွဲ့က သတိပေးထားသည်။

By Foreign Desk 14 Nov 2019

(ဟောင်ကောင်မြို့ နေရာအနှံ့သို့ အကြမ်းဖက်ဆန္ဒပြမှုများ ပြန့်နှံ့နေသည်။ ဓာတ်ပုံ - AFP)

ပို့ဆောင်ဆက်သွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပြဿနာများကြောင့် ကျောင်းများပိတ်ထားရန်အတွက် ဟောင်ကောင် ပညာရေးဗျူရိုက ဆုံးဖြတ်လိုက်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

ဟောင်ကောင်ပညာရေး ဗျူရိုက ကြေညာချက် ထုတ်ပြန်လိုက်ကာ ဆန္ဒပြသူများအနေဖြင့် အကြမ်းဖက်မှုများ မပြုလုပ်ကြရန် တိုက်တွန်းကြောင်း Reuters သတင်းဌာန၏ နိုဝင်ဘာ ၁၃ ရက်နေ့သတင်းတစ်ပုဒ် တွင် ဖော်ပြထားသည်။

ကျောင်းများပိတ်ရခြင်း၊ ဈေးဝယ်စင်တာများ ပိတ်ရခြင်း၊ ဟောင်ကောင် ရထားလမ်းကြောင်း ပိတ်ခြင်း၊ စသည်တို့ကြောင့် ဟောင်ကောင်မြို့ လုံးဝပြိုလဲသွားမည့် အနေအထားမျိုး ရှိနေကြောင်း ရဲတပ်ဖွဲ့က သတိပေးထားသည်။

အနက်ရောင်ဝတ်ကာ မျက်နှာဖုံးတပ်ထားသော ဆန္ဒပြသူများ နှင့် ရဲတပ်ဖွဲ့ဝင်များ တက္ကသိုလ်ဝင်းများထဲတွင် ထိပ်တိုက်တွေ့မှုများ ဖြစ်နေပြီး ရဲများက ရာဘာကျည်များ၊ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ခဲ့ကြသည်။

ကြုံသည့်နေရာ ဆန္ဒပြသည့် မဟာဗျူဟာဖြင့် ဟောင်ကောင်သားများက အုံကြွနေရာ ဟောင်ကောင်၏ ကသောင်းကနင်းဖြစ်မှုက အမြင့်ဆုံးရောက်နေပြီး ရဲများကလည်း ရှိသမျှအင်အားကို ဖြန့်ကြက်ထားရသည်။

ဆန္ဒပြသူများက ညပိုင်းများနှင့် ပိတ်ရက်များတွင် ၎င်းတို့၏ အုံကြွထုတ်ဖော်မှုများကို အရှိန်မြှင့်ကြသည်။
လူထုအုံကြွသူများက ရထားလမ်းကြောင်းများ ပိတ်သွားစေရန် ရည်ရွယ်ပြီး၊ မြို့အနှံ့ သပိတ်ဘောင်ကျယ်သွားစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။

ယခုကဲ့သို့ ပေါက်ကွဲသွားသည့် အခြေအနေသည် ပြီးခဲ့သည့် ရက်ပိုင်းက ၂၁ နှစ်အရွယ် လက်နက်မဲ့ ဆန္ဒပြသူတစ်ဦးကို ရဲက သေနတ်ဖြင့် တေ့ပစ်လိုက်ပြီးနောက် စတင်အရှိန်မြင့်သွားခြင်း ဖြစ်သည်။

အဆိုပါ သေနတ်ပစ်ခတ်မှုသည် ဇွန်လတွင် စတင်ခဲ့သော မတည်ငြိမ်မှုများအတွင်း တတိယအကြိမ်မြောက် ရဲက သေနတ်ဖြင့် ပစ်ခတ်ခြင်း ဖြစ်သည်။

ယခုရက်ပိုင်းအတွင်း ဟောင်ကောင်တွင် ဓါးထိုးမှုများ၊ မီးရှို့မှုများ၊ သေနတ်ပစ်မှုများ ဖြစ်နေပြီး အနောက်အုပ်စုက အကြမ်းဖက်မှုကျူးလွန်သူများကိုရော၊ အကြမ်းဖက်ဖြိုခွင်းသော အာဏာပိုင်များကိုပါ ကန့်ကွက်ထားသည်။