ဟောင်ကောင်ဆန္ဒပြပွဲများအတွင်း ပထမဆုံးအနေဖြင့် ဆန္ဒပြကျောင်းသားတစ်ဦး သေဆုံး

ဟောင်ကောင်တွင်ဖြစ်ပွားလျက်ရှိသော အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများအတွင်း ပထမဆုံးအနေဖြင့် ဆန္ဒပြကျောင်းသားတစ်ဦး သောကြာနေ့ (နိုဝင်ဘာ ၈ ရက်) တွင် သေဆုံးသွားခဲ့ကြောင်း CNA သတင်းတစ်ရပ်တွင်...

By Foreign Desk 09 Nov 2019

(သေဆုံးသွားသည့်ကျောင်းသား မည်ကဲ့သို့ထိခိုက်ဒဏ်ရာရရှိခဲ့သည် ဆိုသည်ကို ရှင်းရှင်းလင်းလင်းမသိရသေးချေ။ ဓာတ်ပုံ - AFP)

ဟောင်ကောင်တွင်ဖြစ်ပွားလျက်ရှိသော အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများအတွင်း ပထမဆုံးအနေဖြင့် ဆန္ဒပြကျောင်းသားတစ်ဦး သောကြာနေ့ (နိုဝင်ဘာ ၈ ရက်) တွင် သေဆုံးသွားခဲ့ကြောင်း CNA သတင်းတစ်ရပ်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

သေဆုံးသွားသည့်ကျောင်းသားမှာ အဲလက်စ်ချောင် ဟု အမည်ရသော အသက် ၂၂ နှစ်အရွယ် ကွန်ပြူတာသိပ္ပံ ကျောင်းသားတစ်ဦးဖြစ်ကာ သောကြာနေ့ မနက် ၈ နာရီ ၉ မိနစ်အချိန်တွင် Queen Elizabeth ဆေးရုံ၌ သေဆုံးသွားခဲ့ ခြင်းဖြစ်သည်။

ချောင်ကို ပြီးခဲ့သော တနင်္လာနေ့(နိုဝင်ဘာလ ၄ ရက်) မနက်အစောပိုင်းက ကားပါကင်တစ်ခုတွင် သတိလစ်လျက် သွေးအိုင်ထဲလဲကျနေသည်ကို တွေ့ခဲ့ရပြီးနောက် ဆေးရုံသို့ပို့ဆောင်ကာ ဦးနှောက်ခွဲစိတ်ကုသမှု (၂ )ကြိမ်ခံယူခဲ့ရကြောင်း သတင်းရင်းမြစ်များက ပြောကြားသည်ဟု AFP သတင်းဌာနက ဖော်ပြခဲ့သည်။

ချောင်လဲကျနေခဲ့သည့် ကားပါကင်မှာ နိုဝင်ဘာလ ၃ ရက် ညဉ့်နက်ပိုင်းတွင် ဆန္ဒပြသမားများနှင့် ရဲများ ထိပ်တိုက်တွေ့ဆုံ ပဋိပက္ခဖြစ်ပွားခဲ့ရာနေရာဖြစ်သည်။

ချောင်အနေဖြင့် မည်ကဲ့သို့ ဒဏ်ရာရရှိပြီး သတိလစ်လဲကျနေခဲ့သည် ဆိုသည်ကို လက်ရှိအချိန်ထိ ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း ရဲများကမူ ချောင်သည် အထပ်မြင့်ကားပါကင်အတွင်း အပေါ်တစ်ထပ်မှအောက်ထပ်သို့ပြုတ်ကျခြင်း ဖြစ်သည်ဟု ယူဆရကြောင်း ပြောကြားထားသည်။

ချောင် ဆေးရုံတွင် ကုသမှုခံယူနေရစဉ် အချိန်ကာလအတွင်းတွင် ၎င်း၏ကျောင်းမှ ကျောင်းသားများအပါအဝင် ဆန္ဒပြသမားအများအပြားသည် ဆေးရုံရှေ့တွင်စုဝေးပြီး အမြန်ပြန်လည်ကျန်းမာစေကြောင်း ဆုတောင်းမေတ္တာများ ပို့သခဲ့ကြသည်။

ချောင်သေဆုံးကြောင်း အတည်ပြုထုတ်ပြန်ပြီးနောက်တွင် ချောင်တက်ရောက်လျက်ရှိသည့်  Hong Kong University of Science and Technology (HKUST) ၊ ဒီမိုကရေစီအရေးဆန္ဒပြသမားများနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများက ချောင်သေဆုံးရမှုနှင့်ပတ်သက်ပြီး လွတ်လပ်သော စုံစမ်းစစ်ဆေးမှုတစ်ရပ်လုပ်ဆောင်ရန် တညီတညွတ်တည်း တောင်းဆိုခဲ့ကြသည်။

ဆေးရုံကားလာချိန်တွင် ရဲကားများပိတ်နေ၍ ဆေးဝန်ထမ်းအရာများက ချောင်သတိလစ်လဲကျလျက်ရှိသော နေရာသို့ လမ်းလျှောက်ဝင်ခဲ့ရကာ ဆေးကုသရန် နောက်ကျခဲ့ရခြင်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးပေးရန်လည်း HKUST တက္ကသိုလ်က တောင်းဆိုထားသည်။

ချောင်သေဆုံးရမှုအတွက် အလွန်တရာဝမ်းနည်းယူကြုံးမရဖြစ်ရကြောင်း ဟောင်ကောင်အစိုးရက ထုတ်ပြန်ခဲ့ပြီး ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရ အမျိုးသမီးတစ်ဦးကလည်း တတ်နိုင်သမျှအမြန်ဆုံး အဖြစ်မှန်ပေါ်ပေါက်အောင် စုံစမ်းစစ်ဆေးသွားမည်ဟု မျက်ရည်များကြားမှ ကတိပြုခဲ့ကာ အများပြည်သူအနေဖြင့် ဆင်ခြင်တုံတရားလက်ကိုင်ထားကာ တည်တည်ငြိမ်ငြိမ်ရှိကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆေးရုံကားမဝင်ရောက်နိုင်ရန် ရဲကားများက ပိတ်ဆို့ထားသည်ဆိုသည့် စွပ်စွဲမှုများကိုမူ ဟောင်ကောင်ရဲတပ်ဖွဲ့က ငြင်းဆန်ထားပြီး ကားပါကင်အဆောက်အဦမှ တာဝန်ရှိသူများကလည်း CCTV မှတ်တမ်းကို တတ်နိုင်သမျှအမြန်ဆုံး ထုတ်ပြန်ပေးသွားမည်ဟု ပြောကြားထားသည်။