ဟောင်ကောင်ဆန္ဒပြမှုများ ပေါ်ပေါက်စေခဲ့သော တရားခံလွှဲပြောင်းရေးဥပဒေကို တရားဝင်ရုတ်သိမ်း

ဟောင်ကောင်တွင် လနှင့်ချီ၍ဖြစ်ပွားနေသော ဆန္ဒပြပွဲများ စတင်ပေါ်ပေါက်စေခဲ့သော အကြောင်းရင်းတစ်ရပ်ဖြစ်သည့် အငြင်းပွားဖွယ် တရားခံလွှဲပြောင်းရေးဥပဒေကို ယခုအခါ ဥပဒေပြုလွှတ်တော်အမတ်များက တရားဝင်ရုတ်သိမ်းကြောင်း ကြေညာလိုက်ပြီဟု BBC နှင့်အခြားပြည်ပမီဒီယာများတွင် ဖော်ပြထားချက်အရ သိရသည်။

By Foreign Desk 23 Oct 2019

"တောင်းဆိုမှု ၅ ချက်၊ ၁ ချက်မှမလျော့ရဘူး" ဟုဟောင်ကောင်လမ်းမများထက်တွင် ကြွေးကြော်လျက်ရှိသည်။ / ဓာတ်ပုံ - Getty Images

ဟောင်ကောင်တွင် လနှင့်ချီ၍ဖြစ်ပွားနေသော ဆန္ဒပြပွဲများ စတင်ပေါ်ပေါက်စေခဲ့သော အကြောင်းရင်းတစ်ရပ်ဖြစ်သည့် အငြင်းပွားဖွယ် တရားခံလွှဲပြောင်းရေးဥပဒေကို ယခုအခါ ဥပဒေပြုလွှတ်တော်အမတ်များက တရားဝင်ရုတ်သိမ်းကြောင်း ကြေညာလိုက်ပြီဟု BBC နှင့်အခြားပြည်ပမီဒီယာများတွင် ဖော်ပြထားချက်အရ သိရသည်။

ယခုရုတ်သိမ်းလိုက်သော တရားခံလွှဲပြောင်းရေးဥပဒေသည် ရာဇဝတ်မှုဖြင့် သံသယရှိသူများကို တရုတ်ပြည်မကြီးသို့ လွှဲပြောင်းပေးခြင်းကို ခွင့်ပြုမည့်ဥပဒေဖြစ်ပြီး ဧပြီလထဲတွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ယင်းသို့စတင်တင်သွင်းပြီးချိန်မှစပြီး ဆန္ဒပြပွဲများ အဆက်မပြတ်ပေါ်ပေါက်ကာ နောက်ပိုင်းတွင် ဒီမိုကရေစီအရေး တောင်းဆိုလှုပ်ရှားမှုများအထိ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိလာခဲ့သည်။

ယခုဖြစ်ပေါ်လျက်ရှိသော ဆန္ဒပြလှုပ်ရှားမှုများသည် ဗြိတိသျှကိုလိုနီလက်အောက်မှ တရုတ်တို့ထံ ၁၉၉၇ ခုနှစ်တွင် ပြန်လည်လွှဲပြောင်းပေးပြီးနောက်ပိုင်း အပြင်းထန်ဆုံး ဆန္ဒပြပွဲများဖြစ်ပြီး တရုတ်ခေါင်းဆောင်များအတွက်ပါ ခေါင်းခဲစရာ ဖြစ်လျက်ရှိသည်။

တရုတ်တို့က ဟောင်ကောင်ဆန္ဒပြသမားများကို အန္တရာယ်ရှိခွဲထွက်ရေးသမားများဟု တံဆိပ်ကပ်ပြောဆိုလျက်ရှိပြီး ၎င်းတို့ကို အနောက်နိုင်ငံများက ထောက်ပံ့ပေးလျက်ရှိသည်ဟုလည်း စွပ်စွဲပြောဆိုလျက်ရှိသည်။

တရားခံလွှဲပြောင်းရေးဥပဒေသာ အတည်ပြုလိုက်ပါက တရုတ်ပြည်မကြီး၊ တိုင်ပေ၊ မကာအိုတို့အပါအဝင် ယခုလက်ရှိတွင် ဟောင်ကောင်နှင့် တရားခံလွှဲပြောင်းရေး သဘောတူညီမှုမရှိသော နေရာများသို့ ရာဇဝတ်မှုသံသယရှိသူများကို ပို့ဆောင်ခွင့် ရှိသွားမည်ဖြစ်သည်။ ထို့ကြောင့် ဝေဖန်သူများက တရုတ်ပြည်မကြီးသို့သာ သံသယရှိသူတရားခံများကို ပို့ဆောင်စစ်ဆေးစေပါက တစ်ဖက်သတ် ဖမ်းဆီးထိန်းသိမ်းခြင်းများ၊ မမျှတသောစစ်ဆေးဆုံးဖြတ်မှုများ ရှိလာမည်ကို စိုးရိမ်သဖြင့် ကန့်ကွက်ဆန္ဒပြကြခြင်း ဖြစ်သည်။

ယခု ထိုဥပဒေအား တရားဝင်ရုတ်သိမ်းကြောင်း ကြေညာမှုမှာ ဟောင်ကောင်ဆန္ဒပြသမားများ၏ တောင်းဆိုမှု ၅ ချက်အနက် မှ ၁ ချက်သာရှိသေးပြီး ၎င်းတို့က "တောင်းဆိုမှု ၅ ချက်၊ ၁ ချက်မှမလျော့ရဘူး" ဟု ဟောင်ကောင်လမ်းမများထက်တွင် ကြွေးကြော်ကာ ဆက်လက်ဆန္ဒပြလျက်ရှိသည်။

၎င်းတို့၏တောင်းဆိုမှု ၅ ချက်အနက်မှ ကျန် ၄ ချက်မှာ
- ဆန္ဒပြပွဲများကို အဓိကရုဏ်းအဖြစ် မသတ်မှတ်ရန်
- ဖမ်းဆီးခံထားရသည့် ဆန္ဒပြသမားအတွက် လွတ်ငြိမ်းချမ်းသာခွင့်
- ရဲတပ်ဖွဲ့ဝင်များ၏ လူမဆန်သောလုပ်ရပ်များအတွက် သြဇာလွှမ်းမိုးမှုကင်းသော စုံစမ်းစစ်ဆေးမှု
- အလုံးစုံလွှမ်းခြုံမှုရှိသော အပြည့်အဝမဲပေးပိုင်ခွင့် ဖော်ဆောင်ရေး
တို့ဖြစ်သည်။

ဆန္ဒပြသမားများက ကျန်တောင်းဆိုချက်များအတွက် ဆက်လက်တောင်းဆိုလျက်ရှိသော်လည်း ဟောင်ကောင်၏ အကြီးအကဲ ကယ်ရီလမ်း က အခြားတောင်းဆိုချက်များမှာ သူမ၏လုပ်ပိုင်ခွင့်ဘောင်အတွင်းတွင် မရှိကြောင်း ပြောကြားထားသည်။

ဆက်စပ်သတင်းတစ်ရပ်အနေဖြင့် ဟောင်ကောင်သည် ယခုဆန္ဒပြပွဲများပေါ်ပေါက်လာရခြင်းနှင့် တစ်နည်းတစ်ဖုံ ဆက်စပ်လျက်ရှိသော ထိုင်ဝမ်မှလူသတ်မှုဖြင့် အလိုရှိနေပြီး ဟောင်ကောင်တွင် ဖမ်းဆီးထားသော ချန်တုံကေကို ဗုဒ္ဓဟူးနေ့တွင် ပြန်လွှတ်ပေးလိုက်ပြီဖြစ်သည်။

ချန်တုံကေသည် သူ၏ကိုယ်ဝန်ရှိနေသော ချစ်သူမိန်းကလေးကို ပြီးခဲ့သောနှစ် ဖေဖော်ဝါရီလက တိုင်ပေတွင် သတ်ခဲ့မှုဖြင့် အလိုရှိနေသူဖြစ်ပြီး ဟောင်ကောင်သို့ ထွက်ပြေးတိမ်းရှောင်လာသူဖြစ်ကာ ၎င်း၏အမှုကြောင့် ဟောင်ကောင်အစိုးအနေဖြင့် ဟောင်ကောင်ကို တရုတ်ပြည်မကြီးအပါအဝင် ပိုင်နက်နယ်နမိတ်အတွင်းမှ အခြားဒေသများအားလုံးနှင့် သံသယတရားခံ လဲလှယ်ခွင့်ပြုစေမည့် ဥပဒေကို တင်သွင်းရန် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

ချန်ကို ဟောင်ကောင်တွင် ဖမ်းဆီးစစ်ဆေးခဲ့သော်လည်း လူသတ်မှုဖြင့်ပြစ်ဒဏ်ချမှတ်ရန် လုံလောက်သောသက်သေ အထောက်အထားမတွေ့ရှိရဘဲ သူ၏ချစ်သူမိန်းကလေးပိုင် ပစ္စည်းများကို ခိုးယူမှုဖြင့်သာ ထောင်ဒဏ်ချမှတ်ခံခဲ့ရကာ ယခုအခါ ပြစ်ဒဏ်မှပြန်လည်လွတ်မြောက်လာခြင်း ဖြစ်သည်။

အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း တိုင်ပေနှင့် ဟောင်ကောင်ကြားတွင် တရားခံလွှဲပြောင်းပေးရေး သဘောတူညီမှု မရှိသဖြင့် ဟောင်ကောင်အာဏာပိုင်များ အနေဖြင့် ချန်ကို တိုင်ပေတွင်စစ်ဆေးခံရန် ထိန်းသိမ်းပေးပို့ခြင်းမျိုး လုပ်ဆောင် နိုင်ခြင်းမရှိပေ။

ထောင်မှမလွတ်မီတွင် ၎င်းကိုယ်တိုင် တိုင်ပေအာဏာပိုင်များထံတွင် သွားရောက်စစ်ဆေးခံမည်ဖြစ်ကြောင်း ချန်က ဟောင်ကောင်ခေါင်းဆောင်ထံ စာရေးသားပေးပို့ အသိပေးထားသည်။ သို့ရာတွင် တိုင်ပေအာဏာပိုင်များက ချန်နှင့် ပတ်သက်၍ ဟောင်ကောင်ဘက်မှ တာဝန်ယူကာ ပို့ဆောင်ခြင်းမျိုးကို အလိုရှိလျက်ရှိရာ ယခုအခါ ဟောင်ကောင်နှင့်တိုင်ပေကြားတွင် အငြင်းပွားမှု ပေါ်ပေါက်လျက်ရှိသည်။