မြန်မာ့အကြပ်အတည်း အာဆီယံနိုင်ငံများ အရေးပေါ်တွေ့ဆုံဆွေးနွေးရန် အင်ဒိုနီးရှားတိုက်တွန်း

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော သွေးချောင်းစီးနှိမ်နင်းမှုများ ရပ်တန့်ရန်နှင့် ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ရန် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက သောကြာနေ့တွင် တိုက်တွန်းပြောကြားလိုက်သည်။

19 Mar 2021

ပုံစာ - ဘရူနိုင်းဘုရင်နှင့် အင်ဒိုနီးရှားသမ္မတို့အား ၂၀၁၉ အောက်တိုဘာလ ၂၀ ရက်နေ့က ဂျာကာတာရှိ သမ္မတအိမ်တော်၌ တွေ့ရစဉ်။ (ဓာတ်ပုံ - Reuters)

DMG ၊ မတ် ၁၉

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော သွေးချောင်းစီးနှိမ်နင်းမှုများ ရပ်တန့်ရန်နှင့် ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ရန် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက သောကြာနေ့တွင် တိုက်တွန်းပြောကြားလိုက်သည်။

အာဆီယံနိုင်ငံ ခေါင်းဆောင်များ အနေဖြင့်လည်း အဆင့်မြင့်အရာရှိများ အစည်းအဝေးကျင်းပပြီး မြန်မာ့အရေး ဆွေးနွေးကြရန် ဝီဒိုဒိုက တိုက်တွန်း ပြောကြားသည်။

အာဆီယံ အရေးပေါ်အစည်းအဝေးကျင်းပရန်အတွက် အာဆီယံဥက္ကဌ ဘရူနိုင်းဘုရင်ကို ချက်ချင်းခေါ်၍ တောင်းဆိုသွားမည်ဟုလည်း အင်ဒိုနီးရှားသမ္မတက ပြောကြားသည်။

ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ဂျိုကိုဝီဒိုဒို၏ ပြောကြားချက်အပေါ် တစ်စုံတစ်ရာ တုံ့ပြန်ဖြေကြားခြင်း မရှိသေးပေ။

အစောပိုင်းတွင် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီသည် မြန်မာ့အရေးအတွက် အာဆီယံနိုင်ငံများ အွန်လိုင်းကွန်ဖရင့်ဖြင့် ဆွေးနွေးကြရန် တိုက်တွန်းခဲ့သော်လည်း အထမမြောက်ခဲ့ပေ။

အာဆီယံအဖွဲ့သည် အဖွဲ့ဝင်နိုင်ငံများအကြား ဝင်ရောက်မစွက်ဖက်ရေး မူဝါဒရှိထားသဖြင့် မြန်မာ့အရေးကို ဝင်ရောက်ပြောဆိုရန် အခက်ကြုံနေရသည်။ အဖွဲ့ဝင် ၁၀ နိုင်ငံအနက် လက်ရှိအချိန်အထိ မြန်မာ့အရေးအပေါ် အလေးထား ပြောဆိုနေသည်မှာ ဖိလစ်ပိုင်၊ စင်္ကာပူနှင့် အင်ဒိုနီးရှားနိုင်ငံများသာ ရှိသည်။