- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ဂျပန်တွင် နှစ်ပေါင်း ၆၀ အတွင်းအပြင်းထန်ဆုံးမုန်တိုင်း စတင်တိုက်ခတ်
ဂျပန်နိုင်ငံတွင် နှစ်ပေါင်း ၆၀ အတွင်း အပြင်းထန်ဆုံးမုန်တိုင်းဖြစ်နိုင်သည့် ဟာဂီဘစ် တိုင်ဖွန်းမုန်တိုင်း ယနေ့ ဝင်ရောက်တိုက်ခတ် လူပေါင်း ၇ သန်းကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အာဏာပိုင်များ ညွှန်ကြား
12 Oct 2019
ဂျပန်နိုင်ငံတွင် နှစ်ပေါင်း ၆၀ အတွင်း အပြင်းထန်ဆုံးမုန်တိုင်းဖြစ်နိုင်သည့် ဟာဂီဘစ် တိုင်ဖွန်းမုန်တိုင်း ယနေ့ (အောက်တိုဘာ ၁၂ ) စတင်ဝင်ရောက်တိုက်ခတ်ရာ လူပေါင်း ၇ သန်းကျော်ကို ၎င်းတို့၏နေအိမ်များမှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အာဏာပိုင်များက ညွှန်ကြားထားရသည်ဟု BBC သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မုန်တိုင်းအရှိန်ကြောင့် ဂျပန်နိုင်ငံ၏ နေရာအများအပြားတွင် မိုးများသည်းထန်စွာ ရွာသွန်းပြီး လေဆင်နှာမောင်းဆန်သော လေပြင်းများလည်း တိုက်ခတ်လျက်ရှိရာ တာဝန်ရှိသူများက ရေကြီးရေလျှံမှုနှင့် မြေပြိုမှုအန္တရာယ် သတိပေးချက်များ ထုတ်ပြန်ထားသည်။
မုန်တိုင်းဝင်ရောက်စမှာပင် မုန်တိုင်းအရှိန်နှင့် လေပြင်းများ တိုက်ခတ်မှုကြောင့် တိုကျိုမြို့အရှေ့ပိုင်းတွင် အသက် ၄၉ နှစ် အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း CNA သတင်းဌာနက အတည်ပြုဖော်ပြထားသည်။
ရထားပြေးဆွဲမှုများ ရပ်ဆိုင်းထားရပြီဖြစ်ပြီး လေယာဉ်ခရီးစဉ် ထောင်နှင့်ချီ၍လည်း ရွှေ့ဆိုင်းထားရကာ တိုကျိုမြို့ရှိ နေအိမ်အများအပြားတွင်လည်း လျှပ်စစ်မီးများ ပြတ်တောက်သွားပြီဖြစ်သည်။
မုန်တိုင်း၏အမည်ဖြစ်သော ဟာဂီဘစ်ဟူသည်မှာ ဖိလစ်ပိုင်ဘာသာစကားဖြစ်ပြီး အမြန်နှုန်း ဟုအဓိပ္ပါယ်ရပြီး ဂျပန်နိုင်ငံ၏ အဓိကကျွန်းကြီးတစ်ကျွန်းဖြစ်သော ဟွန်ရှုးကျွန်းကို အဓိကဦးတည်တိုက်ခတ်ခြင်းဖြစ်သည်။
ဤမုန်တိုင်းသည် ဂျပန်နိုင်ငံတွင် ၁၉၅၈ ခုနှစ်က တိုက်ခတ်ခဲ့ပြီး လူပေါင်း ၁၂၀၀ ကျော် သေဆုံး/ပျောက်ဆုံး ခဲ့သော ကာနိုဂါဝါမုန်တိုင်းနောက်ပိုင်း အပြင်းထန်ဆုံးမုန်တိုင်း ဖြစ်လာနိုင်ချေရှိနေသည်။
မုန်တွင်းမှာ ကုန်းတွင်းပိုင်းသို့ချဉ်းကပ်လာသည်နှင့်အမျှ အင်အားလျော့ကျလာသော်လည်း ကမ်းခြေသို့ မုန်တိုင်းမျက်လုံး မရောက်ရှိမီတွင် လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၂၁၆ မိုင်နှုန်းအထိ ရှိနေဆဲဖြစ်သည်။ ဟာဂီဘစ် တိုင်ဖွန်းမုန်တိုင်းကြောင့် တနင်္ဂနွေနေ့နေ့လယ်အထိ ၂၄ နာရီအတွင်း မိုးရေချိန် ဝ.၅ မီတာထိရွာသွန်းနိုင် ကြောင်းလည်း ဂျပန်မိုးလေဝသအေဂျင်စီ (JMA) က သတိပေးထားသည်။
လက်ရှိအချိန်မှာပင် တိုကျိုမြို့မြောက်ဘက်ရှိ ဂွန်မာစီရင်စုတွင် မြေပြိုမှု ၂ ခုဖြစ်ပွားကာ လူ ၃ ဦးပျောက်ဆုံးလျက် ရှိကြောင်း အာဏာပိုင်များက အတည်ပြုထားသည်။
အစိုးရက မုန်တိုင်းဒဏ်ကြောင့် အန္တရာယ်ရှိနိုင်သည့် ဒေသများမှ လူပေါင်း ၇ သန်းကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းရန် သတိပေးချက် ထုတ်ထားသော်လည်း အမှန်တကယ်လိုက်နာပြောင်းရွှေ့သူ ၅၀၀၀၀ ကျော်သာရှိကြောင်း CNA သတင်းတွင်ဖော်ပြထားသည်။
ဂျပန်နိုင်ငံကို တစ်နှစ်လျှင် တိုင်ဖွန်းမုန်တိုင်း ၂၀ ခန့် တိုက်ခတ်လေ့ရှိသော်လည်း မြို့တော်တိုကျိုမှာ များသောအားဖြင့် မုန်တိုင်းဒဏ်ကို ဆိုးဆိုးရွားရွားခံစားရလေ့မရှိပေ။