ခရီးသွားလာမှု အဆင်ပြေလွယ်ကူမှုအရှိဆုံး နိုင်ငံကူးလက်မှတ်များအဖြစ် ဂျပန်နှင့်စင်္ကာပူ ပူးတွဲရပ်တည်၊ မြန်မာ အဆင့် ၉၅ ချိတ်

၂၀၁၉ ခုနှစ်အတွက် ပြည်ပနိုင်ငံများသို့ ခရီးသွားလာရာတွင် အိမ်ရှင်နိုင်ငံများက လိုလားလက်ခံမှုအရှိဆုံး နိုင်ငံကူး လက်မှတ်များစာရင်း ထွက်ပေါ်လာရာ အာရှနိုင်ငံများဖြစ်သော ဂျပန်နှင့်စင်္ကာပူတို့က ယင်းစာရင်း၏ ထိပ်ဆုံးနေရာတွင် ပူးတွဲရပ်တည်လျက်ရှိသည်ကို တွေ့ရသည်။

By Foreign Desk 06 Nov 2019

ဗီဇာကြိုတင်လျှောက်ထားရန် မလိုဘဲ သွားရောက်နိုင်သည့် နိုင်ငံအရေအတွက်ပေါ်မူတည်၍ နိုင်ငံကူးလက်မှတ်များကိုအဆင့်သတ်မှတ်ခြင်းဖြစ်သည်။ Photo Credit - Strait Times

၂၀၁၉ ခုနှစ်အတွက် ပြည်ပနိုင်ငံများသို့ ခရီးသွားလာရာတွင် အိမ်ရှင်နိုင်ငံများက လိုလားလက်ခံမှုအရှိဆုံး နိုင်ငံကူး လက်မှတ်များစာရင်း ထွက်ပေါ်လာရာ အာရှနိုင်ငံများဖြစ်သော ဂျပန်နှင့်စင်္ကာပူတို့က ယင်းစာရင်း၏ ထိပ်ဆုံးနေရာတွင် ပူးတွဲရပ်တည်လျက်ရှိသည်ကို တွေ့ရသည်။

အဆိုပါစာရင်းကို ကမ္ဘာလုံးဆိုင်ရာ နိုင်ငံသားဖြစ်မှုနှင့် နေထိုင်မှုဆိုင်ရာ အကြံပေးလုပ်ငန်း Henley & Partners က နှစ်စဉ် စစ်တမ်းပြုစု ထုတ်ပြန်လေ့ရှိရာ ၂၀၁၉ ခုနှစ်အတွက် ထုတ်ပြန်လိုက်သောစာရင်း၌ ဂျပန်နှင့်စင်္ကာပူတို့က နံပါတ်တစ်နေရာတွင် ပူးတွဲရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

Henley & Partners သည် ထိုစာရင်းအတွက် ဗီဇာကြိုတင်လျှောက်ထားရန်မလိုဘဲ သွားရောက်နိုင်သည့် နိုင်ငံအရေအတွက်ပေါ် မူတည်၍ နိုင်ငံကူးလက်မှတ်များကို အဆင့်သတ်မှတ်ခြင်းဖြစ်သည်။

ဂျပန်နှင့်စင်္ကာပူ နိုင်ငံကူးလက်မှတ်များသည် နိုင်ငံပေါင်း ၁၉၀ ထိ ဗီဇာကြိုတင်လျှောက်ထားရန်မလိုဘဲ သွားရောက်နိုင် ကြသည်ကို တွေ့ရှိရသည်။

၎င်းတို့၏နောက် ဒုတိယနေရာတွင်မူ ကမ္ဘာတဝမ်း နိုင်ငံပေါင်း ၁၈၈ နိုင်ငံအထိဗီဇာကြိုတင်လျှောက်ထားရန်မလိုဘဲ သွားလာနိုင်သော တောင်ကိုရီးယား၊ ဖင်လန်နှင့် ဂျာမနီ နိုင်ငံကူးလက်မှတ်များက ပူးတွဲရပ်တည်လျက်ရှိသည်။

ထို့နောက် ဥရောပနိုင်ငံများဖြစ်သော ဒိန်းမတ်၊ အီတလီနှင့် လူဇင်ဘာ့ဂ်တို့က နိုင်ငံပေါင်း ၁၈၇ နိုင်ငံဖြင့် တတိယနေရာတွင် အတူတကွရပ်တည်လျက်ရှိကာ စတုတ္ထနေရာတွင် ပြင်သစ်၊ စပိန်နှင့် ဆွီဒင်နိုင်ငံတို့က ၁၈၆ နိုင်ငံဖြင့် ရပ်တည်လျက်ရှိသည်။

လွန်ခဲ့သော ၅ နှစ်၊ ၂၀၁၄ ခုနှစ်က ထိပ်ဆုံးနေရာတွင် ရပ်တည်နိုင်ခဲ့သော ဗြိတိန်နှင့် အမေရိကန် ၂ နှစ်နိုင်ငံလုံးမှာမူ ယခုနှစ်တွင် အဆင့် ၆ အထိ ကျဆင်းသွားခဲ့ပြီး ၂၀၁၀ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးနေရာသို့ ရောက်ရှိသွားခဲ့သည်။

Henley & Partners က ထုတ်ပြန်သော စာရင်းတွင် နိုင်ငံပေါင်း ၁၀၇ နိုင်ငံပါဝင်ခဲ့ရာ နောက်ဆုံးနေရာဖြစ်သည့် အဆင့် ၁၀၇ တွင် နိုင်ငံပေါင်း ၂၅ နိုင်ငံသို့သာ ဗီဇာကြိုတင်လျှောက်ထားစရာမလိုဘဲ သွားလာနိုင်သည့် အာဖဂန်နစ္စတန် နိုင်ငံကူးလက်မှတ်က ရပ်တည်နေသည်ကိုတွေ့ရသည်။

ထို့နောက် အီရတ်က နိုင်ငံပေါင်း ၂၇ နိုင်ငံနှင့် အဆင့် ၁၀၆ ၊ ဆီးရီးယားက နိုင်ငံပေါင်း ၂၉ နိုင်ငံနှင့် ၁၀၅ တို့တွင်အသီးသီး ရပ်တည်လျက်ရှိကြသည်။

၂၀၁၇၊ ၂၀၁၈ ခုနှစ်တို့တွင် အဆင့် ၉၃ နေရာတွင်ရပ်တည်ခဲ့သော မြန်မာနိုင်ငံမှာမူ ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံပေါင်း ၄၆ နိုင်ငံသို့ ဗီဇာကြိုတင်လျှောက်ထားရန်မလိုဘဲ သွားရောက်နိုင်ခဲ့ပြီး အဆင့် ၉၅ တွင်ရပ်တည်ခဲ့သည်။