ဂျပန်တွင် အင်အားပြင်းငလျင် လှုပ်ခတ်မှု လေးဦးသေ၊ တစ်ရာကျော် ဒဏ်ရာရ

ဂျပန်နိုင်ငံတွင် ဗုဒ္ဓဟူးနေ့ညဉ့်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် လေးဦးသေဆုံးပြီး ဒဏ်ရာရသူ ၁၀၀ ကျော်ရှိကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

18 Mar 2022

ဓာတ်ပုံ - AFP

DMG ၊ မတ်လ ၁၈ ရက်

ဂျပန်နိုင်ငံတွင် ဗုဒ္ဓဟူးနေ့ညဉ့်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် လေးဦးသေဆုံးပြီး ဒဏ်ရာရသူ ၁၀၀ ကျော်ရှိကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

နိုင်ငံအရှေ့ပိုင်းကမ်းခြေတွင် လှုပ်ခတ်ခဲ့သည့် အဆိုပါငလျင်သည် ပြင်းအား ရ.၄ မဂ္ဂနီကျူ့ရှိခဲ့သည်။

ငလျင်ကြောင့် ကျည်ဆန်ရထားတစ်ခု လမ်းကြောင်းချော်ခဲ့သလို နေအိမ်အဆောက်အအုံ တစ်သောင်းခွဲခန့်လည်း လျှပ်စစ်မီးများ ပြတ်တောက်ခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဗုဒ္ဓဟူးနေ့ညဉ့် ဂျပန်စံတော်ချိန် ၁၁ နာရီ ၃၆ မိနစ်တွင် လှုပ်ခတ်ခဲ့သည့် အဆိုပါငလျင်သည် အနက် ၆၀ ကီလိုမီတာရှိကာ ကြာသပတေးနေ့ နံနက်ပိုင်းတွင်လည်း အသေးစားလှုပ်ခတ်မှုများ ဆက်ရှိခဲ့သည်။

အရှေ့ပိုင်းကမ်းခြေရှိ နေရာအချို့တွင် ဆူနာမီသတိပေးချက်များ ထုတ်ပြန်ခဲ့ပြီး ကြာသပတေးနေ့ အစောပိုင်းတွင် ပြန်လည်ရုပ်သိမ်းခဲ့သည်။

ငလျင်ဒဏ်ခံရလေ့ရှိသည့် ဂျပန်တွင် အဆောက်အအုံအများစုကို ဒဏ်ခံနိုင်အောင် ဆောက်လုပ်ထားကြသဖြင့် ပျက်စီးမှုများ အသင့်အတင့် နည်းပါးပြီး နျူကလီးယားဓာတ်အားစက်ရုံတွင်လည်း ပုံမှန်မဟုတ်သည့် အနေအထားများ မရှိကြောင်း အာဏာပိုင်များက ပြောကြားသည်။

“ဖူကူရှီးမားနဲ့ ဒိုင်နိ၊ အိုနာဂါဝါ နျူကလီးယားစက်ရုံတွေမှာ ပုံမှန်မဟုတ်တဲ့ အနေအထားတွေ မရှိကြောင်း သတင်းပေးပို့ချက်တွေ ရထားပါတယ်” ဟု အစိုးရပြောခွင့်ရ ဟီရိုကာဇုမတ်ဆုနိုက ပြောသည်။

ဂျပန်တွင် အဆိုပါဒေသ၌ ဆူနာမီနှင့် နျူကလီးယားစက်ရုံပေါက်ကွဲပျက်စီးမှုဒဏ် ခံခဲ့ရခြင်း ၁၁ နှစ် ပြည့်ပြီး ရက်အနည်းငယ်အကြာ ယခုကဲ့သို့ ငလျင်လှုပ်ခတ်ခဲ့သဖြင့် ဒေသခံပြည်သူများ အလန့်တကြား ဖြစ်ခဲ့ရကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။