ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ရာထူးမှနုတ်ထွက်မည်

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ကျန်းမာရေးအခြေအနေကြောင့် ရာထူးမှနုတ်ထွက်တော့မည် ဖြစ်ကြောင်း ဂျပန်အစိုးရပိုင် NHK သတင်းဌာနက သောကြာနေ့တွင် ကြေညာလိုက်သည်။

By Foreign Desk 28 Aug 2020

(ဓာတ်ပုံ - AFP)

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ကျန်းမာရေးအခြေအနေကြောင့် ရာထူးမှနုတ်ထွက်တော့မည် ဖြစ်ကြောင်း ဂျပန်အစိုးရပိုင် NHK သတင်းဌာနက သောကြာနေ့တွင် ကြေညာလိုက်သည်။

ဝန်ကြီးချုပ် အာဘေးသည် အူမကြီးအနာပေါက်ရောဂါ (Ulcerative colitis) ခံစားနေရသည်မှာ နှစ်ပေါင်းများစွာ ရှိပြီဖြစ်သည်။ ပြီးခဲ့သော ရက်ပိုင်းအတွက် ဆေးရုံသို့ နှစ်ကြိမ်တိုင်တိုင် သွားရောက်ခဲ့ပြီးနောက်တွင် ဝန်ကြီးချုပ်၏ ကျန်းမာရေးအပေါ် ခန့်မှန်းတွက်ချက်မှုများ အများအပြား ပေါ်ထွက်လာခဲ့သလို ၎င်း၏ ရာထူးသက်တမ်း အကုန်ထိ တာဝန်ထမ်းဆောင်နိုင်ခြေ အပေါ်တွင်လည်း မေးခွန်းများ ပေါ်ထွက်ခဲ့သည်။

“နုတ်ထွက်ဖို့ ကျိန်းသေသွားပါပြီ” ဟု ဝန်ကြီးချုပ်၏ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီမှ အကြီးတန်းအရာရှိ တစ်ဦးနှင့် နီးစပ်သည့် ရင်းမြစ်တစ်ခုက ရိုက်တာသတင်းဌာနသို့ ပြောကြားထားသည်။

ဝန်ကြီးချုပ် နုတ်ထွက်ပါက ၎င်း၏ ပါတီအတွင်း ခေါင်းဆောင်သစ် ရွေးချယ်ရမည်ဖြစ်ကာ ထိုခေါင်းဆောင်သစ်သည် အာဘေး၏နေရာကို ရယူကာ လက်ကျန်သက်တမ်းတွင် တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။

အာဘေးနုတ်ထွက်မည့် သတင်းနှင့် ပတ်သက်၍ လက်ရှိအချိန်အထိ ခိုင်မာသော အတည်ပြုချက်များ မရှိသေးပေ။ အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်ကမူ ဝန်ကြီးချုပ်၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်ကြောင်း သောကြာနေ့ အစောပိုင်းက ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် အာဘေးသည် ယနေ့ညနေတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်သည်။

၂၀၀၆ ခုနှစ်တွင် ဝန်ကြီးချုပ်ဖြစ်လာခဲ့သည့် ရှင်ဇိုအာဘေးသည် ၂၀၀၇ ခုနှစ်တွက် ကျန်းမာရေးကြောင့် ရာထူးမှ နုတ်ထွက်ခဲ့သည်။ ထို့နောက် ၂၀၁၂ ခုနှစ်တွင် ဝန်ကြီးချုပ်တာဝန်ကို ပြန်လည်ထမ်းဆောင်ခဲ့သည်။