ကမ္ဘာအသက်အကြီးဆုံး ဂျပန်အမျိုးသမီး ၁၁၉ နှစ်တွင် ကွယ်လွန်

ကမ္ဘာ့အသက်အကြီးဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားသည့် ဂျပန်အမျိုးသမီးသည် အသက် ၁၁၉ နှစ်အရွယ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ဧပြီလ ၂၅ ရက်နေ့တွင် ပြောကြားလိုက်သည်။

26 Apr 2022

ဓာတ်ပုံ - AFP

DMG ၊ ဧပြီ ၂၆

ကမ္ဘာ့အသက်အကြီးဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားသည့် ဂျပန်အမျိုးသမီးသည် အသက် ၁၁၉ နှစ်အရွယ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ဧပြီလ ၂၅ ရက်နေ့တွင် ပြောကြားလိုက်သည်။

ဧပြီလ ၁၉ ရက်နေ့က ကွယ်လွန်သွားသည့် ကာနီတာနာကာသည် ၁၉၀၃ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် မွေးဖွားခဲ့သည်။ အဆိုပါနှစ်သည် ရိုက်ညီနောင်တို့ ပထမဆုံးအကြိမ် လေကြောင်းပျံသန်းမှု ပြုလုပ်ခဲ့သည့်ခုနှစ်ဖြစ်သလို ပထမဆုံး အမျိုးသမီး နိုဘယ်ဆုရှင် မာရီကျူရီ ဆုရခဲ့သည့်နှစ်လည်း ဖြစ်သည်။

တာနာကာသည် သက်ကြီးရိပ်သာတစ်ခုတွင် နေထိုင်ခဲ့ပြီး မကြာသေးမီအချိန်အထိ ကျန်းမာရေး ကောင်းမွန်ခဲ့သူဖြစ်သည်။

သူမသည် ငယ်ရွယ်စဉ်က ခေါက်ဆွဲဆိုင်၊ မုန့်ဆိုင်တို့အပါအဝင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သူဖြစ်သည်။ လွန်ခဲ့သည့် နှစ် ၁၀၀၊ ၁၉၂၂ ခုနှစ်တွင် အိမ်ထောင်ကျပြီး သားသမီး ၄ ဦးမွေးဖွားကာ တစ်ဦး မွေးစားခဲ့သည်။

၂၀၂၁ ခုနှစ် တိုကျိုအိုလံပစ်တွင် တာနာကာသည် မီးရှူးတိုင်ထွန်းညှိရန် စီစဉ်ခဲ့သော်လည်း ကိုဗစ်ကပ်ဘေးကြောင့် အထမမြောက်ခဲ့ပေ။

ဂျပန်သည် ကမ္ဘာပေါ်၌ သက်ကြီးဦးရေ အများဆုံးနိုင်ငံဖြစ်ပြီး နိုင်ငံလူဦးရေ၏ ၂၈ ရာခိုင်နှုန်းသည် အသက် ၆၅ နှစ်အထက် အရွယ်များဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ အချက်အလက်များအရ သိရသည်။

ကမ္ဘာပေါ်၌ အသက်အကြီးဆုံး အရွယ်အထိ နေထိုင်သွားသူအဖြစ် မှတ်တမ်းတင်ထားသူမှာ ပြင်သစ်အမျိုးသမီး ဂျန်းနီလူဝီကားလ်မန့်ဖြစ်သည်။ သူမသည် အသက် ၁၂၂ နှစ်နှင့် ၁၆၄ ရက်အထိ နေထိုင်ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။