အာဆီယံ ထိပ်သီးညီလာခံသို့ မြန်မာကိုမဖိတ်ဘဲထားရန် ယနေ့ ဆွေးနွေးမည်

အာဆီယံထိပ်သီးညီလာခံသို့ မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဖိတ်ဘဲ ချန်လှပ်ထားခဲ့ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ယနေ့ (အောက်တိုဘာ ၁၅) ဆွေးနွေးကြမည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

15 Oct 2021

ဓာတ်ပုံ - Reuters

DMG ၊ အောက်တိုဘာ ၁၅

အာဆီယံထိပ်သီးညီလာခံသို့ မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဖိတ်ဘဲ ချန်လှပ်ထားခဲ့ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ယနေ့ (အောက်တိုဘာ ၁၅) ဆွေးနွေးကြမည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အာဆီယံအဖွဲ့ကြီးက ခန့်အပ်ထားသည့် မြန်မာ့နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အား မြန်မာစစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပြုရန် ငြင်းဆန်ခဲ့ပြီးနောက်တွင် ယခုကဲ့သို့ ဆွေးနွေးမည့်အစီအစဉ် ပေါ်ထွက်လာခြင်း ဖြစ်သည်။

အာဆီယံအဖွဲ့ကြီးသည် ပြီးခဲ့သော ဧပြီလတွင် မြန်မာ့အရေး အထူးအစည်းအဝေးတစ်ရပ် ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးတွင် ဘုံသဘောတူညီချက် ငါးရပ် ပေါ်ထွက်ခဲ့ပြီး မြန်မာအတွက် သီးသန့် အာဆီယံအထူးကိုယ်စားလှယ်တစ်ဦး ခန့်အပ်ရန်၊ အဆိုပါကိုယ်စားလှယ် မြန်မာနိုင်ငံသို့ သွားရောက်ပြီး သက်ဆိုင်ရာ အင်အားစုများ အားလုံးနှင့် တွေ့ဆုံးခွင့်ရရန် စသည့်အချက်များ ပါဝင်သည်။

အစီအစဉ်မရှိဘဲ ယနေ့ ကျင်းပမည့် အွန်လိုင်း အစည်းအဝေးကို အာဆီယံဥက္ကဌ ဘရူနိုင်းက လက်ခံကျင်းပမည် ဖြစ်ကြောင်း ရင်းမြစ်များထံမှ သိရသည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

အောက်တိုဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပမည့် အာဆီယံထိပ်သီး ညီလာခံသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဖိတ်ဘဲ ချန်ထားခဲ့ရန် မလေးရှား၊ စင်္ကာပူနှင့် အင်ဒိုနီးရှားနိုင်ငံတို့က လိုလားနေကြပြီး အာဆီယံ ကိုးနိုင်ငံအတွင်း ဘုံသဘောတူညီချက် ရရှိရန် ကြိုးစားနေကြကြောင်း သတင်းတွင် ဖော်ပြသည်။ မြန်မာသည် အာဆီယံ၏ ဆယ်နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီး တီအိုဒိုရိုလော့ဆင့်ကလည်း နောင်လာမည့် အာဆီယံညီလာခံများသို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မခေါ်ဘဲ ချန်လှပ်ခဲ့မည့် အစီအစဉ်ကို ထောက်ခံသည့်သဘော ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းက ဖော်ပြသည်။

အာဆီယံအနေဖြင့် မြန်မာ့အရေးနှင့် ပတ်သက်၍ ကြားနေရန် မဖြစ်နိုင်တော့ကြောင်း သူက ဖြည့်စွက်ပြောကြားခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။