မက်ဒါဂါစကာတွင် မုန်တိုင်းကြောင့် လူ ၂၀ သေဆုံး ပြီး ၅ သောင်းခွဲခန့် နေရပ်တိမ်းရှောင်

အာဖရိကတိုက်ရှိ မက်ဒါဂါစကာကျွန်းတွင် ဖေဖော်ဝါရီလ ရ ရက်နေ့က ဘာဆီရိုင် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် လူ ၂၀ သေဆုံးပြီး ၅ သောင်းခွဲခန့် နေအိမ်စွန့်ခွာ တိမ်းရှောင်ခဲ့ရကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

08 Feb 2022

ဓာတ်ပုံ - AFP

DMG ၊ ဖေဖော်ဝါရီ ၈

အာဖရိကတိုက်ရှိ မက်ဒါဂါစကာကျွန်းတွင် ဖေဖော်ဝါရီလ ရ ရက်နေ့က ဘာဆီရိုင် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် လူ ၂၀ သေဆုံးပြီး ၅ သောင်းခွဲခန့် နေအိမ်စွန့်ခွာ တိမ်းရှောင်ခဲ့ရကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

စိုက်ပျိုးရေးဗဟိုချက်မဖြစ်သော ဤကျွန်းသည် မိုးခေါင်မှုကို ခံစားနေရပြီး ယခုမုန်တိုင်းကြောင့် အကြီးအကျယ် ပျက်စီးခဲ့သဖြင့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကြီးတစ်ရပ် ကြုံရနိုင်ခြေ ရှိကြောင်း ကုလသမဂ္ဂက သတိပေးထားသည်။

ဘာဆီရိုင်မုန်တိုင်း သည် အိန္ဒိယသမုဒ္ဒရာကျွန်းဆွယ်၏ အရှေ့ပိုင်းသို့ စနေနေ့ညပိုင်းတွင် ဝင်ရောက်ခဲ့ပြီး မိုးသည်းထန်စွာ ရွာသွန်းကာ လေတိုက်နှုန်းမှာလည်း တစ်နာရီလျှင် ၁၀၂ မိုင်နှုန်းအထိ ရှိခဲ့သည်။

မုန်တိုင်းကြောင့် လူ ၂၀ သေဆုံးကာ ၅ သောင်းခွဲခန့်မှာလည်း နေအိမ်များကို စွန့်ခွာတိမ်းရှောင်ခဲ့ရကြောင်း မက်ဒါဂါစကာ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီက ပြောကြားသည်။

အန္တရာယ်ကြုံရသူများတွင် ကလေးငယ်များလည်း အများအပြားပါဝင်နေကြောင်း ကမ္ဘာ့ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်) က ပြောကြားသည်။

မုန်တိုင်းသည် အစောပိုင်းတွင် နိုင်ငံအရှေ့ပိုင်းရှိ လူနေကျဲပါးသော စိုက်ပျိုးရေးဧရိယာသို့ ဝင်ရောက်တိုက်ခတ်ခဲ့သည်။ အရှေ့ပိုင်းမြို့ မာနန်ဂျာရီသည် မုန်တိုင်းကြောင့် ပြားပြားဝပ်သွားသည်ဟု ဒေသခံတစ်ဦးက အေအက်ဖ်ပီသို့ ဖြေကြားသည်။

ထို့နောက်တွင် မုန်တိုင်းသည် ကျွန်းဆွယ်အနောက်ပိုင်းသို့ ဝင်ရောက်ခဲ့ပြီး နိုင်ငံအတွက် အထူးအရေးပါသည့် စိုက်ခင်းများကို ရေလွှမ်းမိုးစေခဲ့သည်ဟု ယူနီဆက်၏ ပြောကြားချက်အရ သိရသည်။

“မုန်တိုင်းရဲ့ နောက်ဆက်တွဲတွေက ဒီနေ့ပြီးဆုံးမသွားပါဘူး။ နောက်ထပ် လပေါင်းများစွာ ခံစားရဦးမှာပါ။ အထူးသဖြင့် စိုက်ပျိုးရေးကဏ္ဍမှာ ဖြစ်ပါတယ်” ဟု မက်ဒါဂါစကာနိုင်ငံဆိုင်ရာ ယူနီဆက်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဂျင်းဘန်နော့မန်ဟက်စ်က ပြောကြားသည်။

အာဖရိကတိုက်သည် ကမ္ဘာကြီးပူနွေးလာမှု၏ အဆိုးဆုံးရလဒ်များကို ခံစားနေရကြောင်း တောင်အာဖရိကသမ္မတ ဆီရီးရာမာဖိုဆာက ပြောသည်။

မက်ဒါဂါစကာတွင် ပြီးခဲ့သည့် ဇန်နဝါရီလကလည်း အပူပိုင်းမုန်တိုင်းတစ်ရပ် တိုက်ခတ်မှုကြောင့် ၅၅ ဦး သေဆုံးခဲ့ရသည်။